ဆောင်းပါး

မြန်မာငွေတန်ဖိုး ရာခိုင်နှုန်း ၁၀၀ ကျော်ထိ ကျဆင်းသွား

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလတွင် ဒေါ်လာ၊ ရွှေနှင့် စက်သုံးဆီဈေးနှုန်းများ နေ့စဉ် မြင့်တက်နေမှုနှင့်အတူ လက်ရှိ ပြင်ပပေါက်ဈေးအရ မြန်မာကျပ်ငွေတန်ဖိုးသည်လည်း ရာခိုင်နှုန်း ၁၀၀ အထိ ကျဆင်းသွားသည်ကို တွေ့ရသည်။

အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလအတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ကျော်သာရှိရာမှ လက်ရှိ ပြင်ပဈေးကွက်တွင် ကျပ် ၃၀၀၀ ဝန်းကျင်အထိ ရှိနေဖြင့် ကျပ်ငွေတန်ဖိုး ရာခိုင်နှုန်း ၁၀၀ ကျော် အထိ ကျဆင်းသွားသည်။

ယခုလဆန်းပိုင်းတွင် စစ်ကောင်စီက တစ်ဒေါ်လာကို ၁၈၅၀ ကျပ်မှ ၂၁၀၀ ပြင်ဆင်သတ်မှတ်လိုက်ပြီး နောက် ဈေးကွက်အတွင်း ဒေါ်လာဈေးမြင့်တက်မှုနှင့် အခြားကုန်စည်ဈေးနှုန်းများလည်း မြင့်တက် လာသည်။

ဒေါ်လာအရောင်းအဝယ် ပြုလုပ်ရာ၌ သတ်မှတ်ဈေးနှုန်း၏ သုည ဒသမ ၃ ရာခိုင်နှုန်း (၆ ကျပ်) သာ ခွာ၍ ပြုလုပ်ရန်လည်း စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အကူအညီများနှင့် ပို့ကုန်တင်ပို့မှု ကျဆင်းခြင်း ကြောင့် နိုင်ငံခြားဝင်ငွေ ကျဆင်းသွားကာ ပြည်တွင်း၌ ဒေါ်လာလိုအပ်ချက်ကြီးမားလာပြီး ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလျက်ရှိသည်။

ယမန်နေ့ (ဩဂုတ် ၁၅) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ ကုန်သွယ်မှုဆိုင်ရာ အစည်းအ ဝေးအပေါ်မူတည်၍ ဒေါ်လာနှင့် ပတ်သက်သော ညွှန်ကြားချက်အပြောင်းအလဲကို စောင့်ကြည့်နေကြသ ည်ဟု ရန်ကုန်မြို့ရှိ ဒေါ်လာ အရောင်းအဝယ်သမားတစ်ဦးက ပြောသည်။

“အရင်ရက်ကအ ရောင်းဝယ်သွက်တယ်ပေါ့။ ဒီနေ့ကတော့ Money Changer ‌တွေက အဝယ်ပိတ်ထားတော့ ဈေးကွက်ထဲမှာ တော်တော်များများက အဝယ်ပိတ်ကြတယ်” ဟု ၎င်းက ယမန်နေ့တွင် ပြောသည်။ 

ရန်ကုန်မြို့လယ်ရှိ ရွှေဆိုင်တစ်ခုကို အာဏာသိမ်းပြီးနှစ်ရက်ကြာ ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – EPA/EFE) 

ရွှေဈေး

နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများကြောင့် ဘဏ်များအပေါ် ယုံကြည်မှုကျဆင်းလာရာ စုဆောင်းငွေ များကို ထုတ်ယူခြင်း၊ ဒေါ်လာ၊ ရွှေနှင့် အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံခြင်းတို့ကြောင့် ရွှေဈေးနှုန်း စံချိန် တင်မြင့်တက်လာကြေင်း ပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုသည်။ 

စစ်အာဏာမသိမ်းမီက ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၃ သိန်းကျော်သာရှိသော် လည်း ယမန်နေ့တွင် ပြင်ပရွှေဈေးကွက်၌ ၂၅ သိန်းကျော်အထိ ရှိနေသည်။ 

ဈေးကွက်တွင် ပြင်ပဈေးနှင့် ရွှေအသင်းက သတ်မှတ်သည့်ဈေးဟူ၍ နှစ်မျိုးကွဲနေသည်။ ရွှေအသင်း၏ ရွှေဈေးနှုန်းမှာ စစ်ကောင်စီသတ်မှတ်သည့် ဒေါ်လာဈေး တစ်ဒေါ်လာ ၂,၁၀၀ ကိုအခြေခံထားသဖြင့် ပြင်ပ ပေါက်ဈေးထက်နည်းကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“ဈေးစောင့်ရောင်းတာတို့ ဘာတို့ရှိသွားတာပေါ့။ နောက်တစ်ချို့ကျတော့ ပိုက်ဆံရှိတဲ့သူက သူဝယ်ထား တာ အမြင့်ဈေးဆိုတော့ အောက်ဈေးကို ပြန်မရောင်းတော့ဘူး” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းရွှေအသင်းက သတ်မှတ်သည့် ရွှေဈေးမှာ ယမန်နေ့တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၀၉၀,၀၀၀ ကျော်သာရှိသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် ပြင်ပရွှေဈေးကွက်တွင် ရွှေတစ်ကျပ်သား ၂၈ သိန်း အထိဈေးပေါက်ပြီးမှ ၂၅ သိန်းကျော် ပြန်ကျလာကြောင်း ထိုသူက ဆက်ပြောသည်။

ရွှေထုတ်လုပ်မှုနှင့် သန့်စင်လုပ်ငန်းများပြန်လည်ပတ်နေသည့်အပြင် လက်ဝတ်ရတနာ ပြန်လည် ရောင်းချ မှုကြောင့် ပြည်တွင်းရွှေပြတ်လပ်မှုမဖြစ်နိုင်ကြောင်း၊ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ထုတ်လုပ်မှုကုန် ကျစရိတ်ပိုလာကြောင်း ရန်ကုန်ရွှေအသင်းတာဝန်ရှိသူက ဆိုသည်။

ရွှေတူးဖော်ထုတ်လုပ်ရာဒေသဖြစ်သည့် ကချင်ပြည်နယ် တနိုင်းဘက်တွင် ပုံမှန်အားဖြင့် ဒီဇယ်တစ်ပေပီ ၃ သိန်း ဝန်းကျင်သာရှိပြီး ယခုအခါ ၁၀ သိန်းဝန်းကျင်အထိ ဈေးမြင့်တက်သွားခြင်းကြောင့် ရွှေကုန်ကြမ်း ဝယ်ယူရသည့် မူရင်းဈေးလည်း မြင့်တက်လာကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ စက်ဆုံးဆီဆိုင်တစ်ခုကို ဇွန်လအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

စက်သုံးဆီအခြေအနေ

စက်သုံးဆီဈေးမှာလည်း ဒေါ်လာ၊ ရွှေတို့နှင့်အပြိုင် မြင့်တက်လာပြီး တစ်ပတ်အတွင်း ကျပ် ၆၀၀ ကျပ် ကျော်ခုန်တက်လာသလို ရန်ကုန်၊ မန္တလေးနှင့် နယ်မြို့များတွင် ဆီပြတ်လပ်သဖြင့် ဆိုင်များပိတ်သိမ်း သည်အထိ ဖြစ်ပေါ်ခဲ့သည်။

ယမန်နေ့တွင် အောက်တိန်း 92 Rom တစ်လီတာ ၂,၃၂၀ ကျပ်၊ 95 Rom ၂,၃၉၀ ကျပ်၊ ရိုးရိုး ဒီဇယ် ၂,၆၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် ၂,၇၃၀ ကျပ်ဈေးရှိကြောင်း Denko ဆီဆိုင်၏ ဆီဈေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် ၃ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ရှိ ဆီဆိုင်ကြီးများတွင် ဆီပြတ်လပ်သွား သဖြင့် တစ်လီတာမပြည့်သည့် ဓာတ်ဆီတစ်ဗူးလျှင် ၁၀,၀၀၀ ကျပ်ဈေးပေးဝယ်ယူခဲ့ကြောင်း၊ ယမန်နေ့ နံနက်က ဆီပြန်ဝယ်၍ ရသော်လည်း အချိန်အတော်ကြာ စောင့်ဆိုင်း၍ တန်းစီဝယ်ယူနေကြရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်ထက်တွင် ဆီဈေးကြီးမြင့်နေသလို တက်ဈေးဖြင့် ဝယ်ယူလိုလျှင်ပင် လိုသလောက် မရ၍ အခက်အခဲဖြစ်နေကြောင်း မန္တလေးမြို့မှ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ စက်သုံးဆီပြန်လပ်မှုမရှိဟု ယမန်နေ့တွင် ပြောထားသည်။ ဆီဈေးမှန်ကန်ရန်နှင့် ဆီပြတ်လပ်မှုမရှိရန် ကြပ်မတ်နေသည်ဟုဆိုကာ ရောင်းချမှု ရပ်တန့်သူ၊ အကန့်အသတ်ဖြင့်ရောင်းချသူတို့ကို အရေးယူမည်ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။

နိုင်ငံခြားဝင်ငွေရှားပါးမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီက ပြည်တွင်း ဘဏ်များကို ပြည်ပနိုင်ငံများထံမှ ချေးယူထားသည့် ငွေများ ပြန်လည်ပေးဆပ်မှုကို ရပ်ဆိုင်းထားရန် ဇူလိုင်လတွင် ညွှန်ကြားထားရသည်။

အမေရိကန်ဒေါ်လာ နည်းလာသည့် စစ်ကောင်စီက ဒေါ်လာသုံးစွဲမှုလျှော့ချရန် ဇိမ်ခံပစ္စည်းများသာမက ပြည်ပမှ မရှိမဖြစ်ဝယ်ယူတင်သွင်းရသော ကုန်ပစ္စည်းများကို ထိန်းချုပ်လိုက်သဖြင့် သွင်းကုန်လုပ်ငန်း ရပ်ဆိုင်းကာ မှောင်ခိုလုပ်ငန်းကြီးထွားလာသည်ဟု လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း အခြေခံကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာသည့် ဒဏ်ကို ဝင်ငွေနည်း ပြည်သူများသာမက ငွေကြေးချမ်းသာသူများပါ ခံနေကြရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button