သတင်း

ဒေါ်လာထိန်းချုပ်မှုကြောင့် သွင်းကုန်ရပ်ဆိုင်း၊ မှောင်ခိုလုပ်ငန်းကြီးထွားလာ

အမေရိကန်ဒေါ်လာ နည်းပါးလာသည့် စစ်ကောင်စီက ဒေါ်လာသုံးစွဲမှုလျှော့ချရန် ဇိမ်ခံပစ္စည်းများသာမက ပြည်ပမှ မရှိမဖြစ်ဝယ်ယူတင်သွင်းရသော ကုန်ပစ္စည်းများကို ထိန်းချုပ်လိုက်သဖြင့် သွင်းကုန်လုပ်ငန်း ရပ်ဆိုင်းကာ မှောင်ခိုလုပ်ငန်းကြီးထွားလာသည်ဟု လုပ်ငန်းရှင်များ ဆိုသည်။ 

အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁ ရက်တွင် ဒေါ်လာသုံးစွဲမှု လျှော့ချရန် စစ်ကောင်စီက ကားတင်သွင်းမှုကို ဗွေဆော်ဦး ပိတ်ပင်ခဲ့သည်။ ထို့နောက် လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသော သွင်းကုန်အများစုကိုလည်း လိုင်စင်ပြန်လျှောက်ရန် ပြန်လည်သတ်မှတ်သည်။ 

ယခုနှစ် ဧပြီလဆန်းပိုင်းတွင် ပြည်ပမှစီးဝင်သော ဒေါ်လာများကို တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်နှုန်းဖြင့် ၂၄ နာရီအတွင်း မဖြစ်မနေလဲလှယ်ရမည်ဟု သတ်မှတ်ကာ သွင်းကုန်အတွက် ဒေါ်လာလိုအပ်ပါက ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ကိုယ်တိုင်လျှောက်ထားရမည်ဟု ထုတ်ပြန်သည်။ 

စစ်ကောင်စီသည် ဒေါ်လာရနိုင်သမျှ လိုချင်သော်လည်း သွင်းကုန်တင်သွင်းမှုအတွက် ဒေါ်လာတစ်ပြားတစ်ချပ်မှ မသုံးလိုသဖြင့် လိုင်စင်ဖြင့် ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သွင်းကုန်လုပ်ငန်းရှင်တို့က ဆိုသည်။

“အားလုံးကို ရိုက်သတ်လိုက်တာနဲ့ တူတူပဲ။ ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ ဒါက ဒေါ်လာ Control (ထိန်းချုပ်မှု) ကြောင့် ဖြစ်လာတာ။ ပစ္စည်းတွေက နိုင်ငံခြားက သွင်းလို့မရတော့ဘူး” ဟု ရန်ကုန်မြို့မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရလက်ထက်တွင် သွင်းကုန်ပစ္စည်းအများစုကို လိုင်စင်လျှောက်ရန် မလိုဘဲ လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ပြုသည့်ပြင် ကုန်သွယ်မှုမြန်ဆန်ရန် သွင်းကုန်အများအပြားကို လိုင်စင်ဖြေလျှော့မှုများစွာရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်လက်နက်များမှလွဲ၍ ယခင်အစိုးရအစဉ်အဆက် ပိတ်ပင်ထားသော ကုန်ပစ္စည်းများတင်သွင်းရန် ဖြေလျှော့ခဲ့သည်။ 

“အခုကျတော့ အားလုံးလိုင်စင်ဖြစ်တဲ့အပေါ်မှာ ဘယ်လောက်ထိ ရှုပ်ထွေးလဲဆိုတော့ ဘယ်ပစ္စည်းက လိုင်စင်လဲဆိုတာ မသိတော့ဘူး။ လိုင်စင်လျှောက်မယ်ဆိုရင် အချိန်တစ်ခုပြန်ပေးရတယ်။ အချို့သော စီးပွားရေးလုပ်ငန်းရှင်တွေဆိုရင် ရန်ကုန်ဆိပ်ကမ်းမှာ ကွန်တိန်နာပေါင်း မြောက်မြားစွာ ပိတ်မိနေတာ ရှိတယ်” ဟု သူက ဆိုသည်။

လိုင်စင်ဖြင့် ထိန်းချုပ်ထားသောကြောင့် လုပ်ငန်းကြန့်ကြာမှုဖြစ်စေသည့် ကြိုးနီစနစ်ပြန်ပေါ်လာပြီး လုပ်ရကိုင်ရလွယ်ကူရန် ဝန်ထမ်းများကို စားပွဲအောက်မှပေးငွေဟုခေါ်သည့် လာဘ်ပေးမှုများလည်း အများအပြားရှိလာကြောင်း အထက်ပါ သွင်းကုန်လုပ်ငန်းရှင်က ပြောသည်။

သွင်းကုန်လိုင်စင်အတွက် တင်သွင်းလိုသော ကုန်ပစ္စည်းများကို စစ်ကောင်စီလက်အောင်ခံ စီးပွားကူးသန်းဝန်ကြီးဌာနကို အသေးစိတ်တင်ပြရပြီး ခွင့်ပြုချက်ပေးမှ သွင်းခွင့်ရခြင်းဖြစ်သည်။

လျှောက်ထားသည့် သွင်းကုန်လိုင်စင်အများစုကို ခွင့်ပြုခြင်းမရှိသလို ခွင့်ပြုသည့်လိုင်စင်ကိုလည်း နေပြည်တော်တွင် အစည်းအဝေးထိုင်၍ အဆင့်ဆင့်စိစစ်ကြောင်း၊ ဒေါ်လာတစ်သိန်းအထက်သွင်းလျှင် ခွင့်မပြုကြောင်း တရုတ်-မြန်မာနယ်စပ် မူဆယ်အခြေစိုက် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

“သူများ (အခြားနိုင်ငံမှ) ပစ္စည်းကို မယူချင်ဘူး။ ငွေကုန်တယ်ပေါ့။ ကိုယ့်ပစ္စည်းကျတော့ ရောင်းချင်တဲ့ သဘော။ နိုင်ငံခြားငွေ ဝင်တယ်ပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုသူက ဆိုသည်။ 

သို့သော် မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် ကုန်ထုတ်လုပ်ငန်းများသည် အိမ်းနီးချင်းတရုတ်အပါအဝင် နိုင်ငံခြားမှ ကုန်ကြမ်းတင်သွင်း၍ ထုတ်လုပ်နေရခြင်းဖြစ်သည်ကို အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများက နားမလည်ကြောင်း ၎င်းက ဝေဖန်သည်။

သွင်းကုန်လိုင်စင်ခွင့်ပြုခြင်းကို စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်မှု မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုယ်တိုင် ကိုင်တွယ်နေသည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထူးယုံကြည်အားထားသူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် တပ်မတော်၌ နံပါတ် ၄ အဆင့် အရေးပါဆုံးရာထူးဖြစ်သည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သည့်ပြင် စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်သည်။

“အဆိုးဆုံးက (ဒုတိယဗိုလ်ချုပ်ကြီး) မိုးမြင့်ထွန်းကို ပေးကိုင်ထားတာပဲ။ သူက တပ်ချုပ်လောင်းလျာဆိုတော့ အထိအခိုက်မခံနိုင်တော့ အကုန် အောက်က တင်ပြလာသမျှ ဘာမှခွင့်မပြုချင်၊ ခေါင်းမခံချင်၊ ပြဿနာမဖြစ်ချင်ပေါ့။ ကုန်သည်ကိုလည်း သံသယစိတ်နဲ့ ထိန်းချုပ်ချင်တာ” ဟု ၎င်းက ဆိုသည်။ 

ကုန်သွယ်ရေးကိစ္စများအတွက် အဓိကကျသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှာ ဦးသိန်းစိန်အစိုးရလက်ထက် ထိုဝန်ကြီးဌာန ဒုဝန်ကြီး၊ ကြံ့ခိုင်ရေးပါတီဝင် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာပွင့်ဆန်းဖြစ်သည်။

ဒုဝန်ကြီးမှာ စစ်ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဦးညွန်အောင်ဖြစ်ပြီး သူသည် လွန်ခဲ့သော ၅ နှစ်က ဖားကန့်တွင် တရားမဝင်စက်ယန္တရား အမြောက်အမြားရောက်ရှိနေမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီးနောက် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

အသီးအနှံနှင့် ကုန်စိမ်းအချို့ကို မူဆယ်နယ်စပ်မှ တရုတ်ကို အကန့်သတ်ဖြင့် တင်ပို့မှုရှိနေသော်လည်း လိုင်စင်အခက်အခဲကြောင့် သွင်းကုန်များမှာ မှောင်ခိုလမ်းကြောင်းပေါ် ရောက်လာကြောင်း အထက်ပါ မူဆယ်နယ်စပ် သွင်းကုန်လုပ်ငန်းရှင်က ပြောသည်။

“လိုင်စင်ကျဖို့နဲ့ ဂျူတီဆောင်ဖို့ အနည်းဆုံး နှစ်ပတ်လောက် အချိန်ပေးပြင်ဆင်ရတယ်။ ကျမှ သွင်းခွင့်ရနိုင်တယ်။ သွင်းကုန်သွင်းတဲ့ လူတွေက အချိန်ကုန်၊ အရစ်ခံ၊ အစစ်ခံသက်သာတဲ့ မှောင်ခိုလမ်းကြောင်း (ဒေသအခေါ် ကယ်ရီ) ရောက်ကုန်ရော” ဟု ၎င်းက ဆိုသည်။

တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှ မူဆယ်မြို့ထဲထိ ၁၂ ဘီးကားအပြည့်တင် မှောင်ခိုကုန်ပစ္စည်းများ တင်သွင်းလိုလျှင် ဝန်ဆောင်ခအဖြစ် သိန်း ၁၇၀ မှ ၂၀၀ ကြား ပေါက်ဈေးရှိပြီး ၁၀၅ မိုင်ကုန်သွယ်ဇုန်နှင့် မူဆယ်ကြားက လမ်းဆုံး၌ ချလျှင် သိန်း ၃၀ သက်သာကြောင်း မူဆယ်အခြေစိုက်ကုန်သည်အချို့ထံမှ သိရသည်။ 

အကောက်ခွန်၊ စီးပွားကူးသန်းဌာနတို့ကို ပိုင်သည့်အဖွဲ့များက သယ်ဆောင်ပေးခြင်းဖြစ်ပြီး ၇ မိုင်သာ ဝေးသည့် လမ်းခရီးတွင် ပြည်သူစစ်အဖွဲ့ ၅ ဖွဲ့၊ အခြားဌာနဆိုင်ရာ ၁၇ ဖွဲ့အထိ ငွေကြေးပေးရကြောင်း ကုန်သည်အသိုင်းဝိုင်းက ဆိုသော်လည် Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

ပင်လယ်ရေကြောင်းမှ တင်သွင်းသည့် သွင်းကုန်များမှာလည်း လိုင်စင်မကျခြင်း၊ ကြန့်ကြာနေခြင်းတို့ကြောင့် လုပ်ငန်းများရပ်ဆိုင်းနေကြောင်း၊ အချို့မှာ သင်္ဘောတင်လာပြီး လိုင်စင်မကျသောကြောင့် ဆိပ်ကမ်းများတွင် ကုန်ထုတ်ခွင့်မရဖြစ်နေကြောင်း ရန်ကုန်မှ ကုန်သည်အချို့ထံမှ သိရသည်။

သွင်းကုန်သမားများ အခက်တွေ့နေချိန်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ကုန်သွယ်မှုပိုငွေဖြစ်လာခြင်းကို အောင်မြင်မှုတစ်ခုသဖွယ် မကြာခဏထုတ်ပြောလေ့ရှိသည်။

ခေတ်အဆက်ဆက်တွင် ပြည်ပတင်သွင်းမှုကို ဦးစားပေးခဲ့၍ ကုန်သွယ်မှုလိုငွေပြခဲ့ကြောင်း ၎င်းလက်ထက်တွင် ကုန်သွယ်မှုပိုငွေပြသည်မှာ ၉ လရှိပြီဖြစ်ကြောင်း ပြီးခဲ့သည့် မေ ၅ ‌ရက်က နေပြည်တော်အစည်းအဝေးတစ်ခုတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

စားသောက်ကုန်နှင့် လူသုံးကုန်များအပြင် ဘိလပ်မြေနှင့် သံမဏိအထိ ပြည်တွင်း၌ ထုတ်လုပ်ရန် ကြိုးပမ်းရမည်ဟု ၎င်းက ဆိုသည်။

လက်တွေ့တွင်မူ မြန်မာအနေဖြင့်​ စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုကုန်ကြမ်းသွင်းကုန်များကို အိမ်နီးချင်းနှင့် ပြည်ပနိုင်ငံများကို အဓိကမှီခိုနေရသည်။ ကုန်သွယ်မှုလိုငွေပြလင့်ကစား တင်သွင်းသည့် ကုန်ပစ္စည်းများသည် ရင်းနှီးမြှုပ်နှံမှုပစ္စည်းဖြစ်ပါက ဝင်ငွေရှိနိုင်ကြောင်း သုံးသပ်မှုများရှိသည်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် တစ်နေရာတွင် ကုန်တင်ကားပေါ် လိုက်ပါလာသူအချို့ကို မေလ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – ဝေမျိုး/ Myanmar Now) 

ကုန်ဈေးနှုန်းတက်၊ ပစ္စည်းပြတ်

မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေကို ပို့ကုန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပအလုပ်သမားများ၏ လွှဲပို့ငွေများမှ အဓိကရရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ကျဆင်းလာသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းသွားသလို ငွေသားထုတ်မပေးနိုင်သည့် ဘဏ်များကို မယုံကြည့်သဖြင့် ပြည်ပရောက်အလုပ်သမားများ၏ တရားဝင်လွှဲပို့မှုကျဆင်းသွားကာ ပို့ကုန်တင်ပို့မှုမှသာ ဝင်ငွေရနေသည်ဟု ဆန်စပါးအပါအဝင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေသည့် ရန်ကုန်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

ဝင်ငွေနည်းလာချိန် အသုံးအစွဲကို ထိန်းချုပ်ခြင်းဖြစ်သော်လည်း မရှိမဖြစ်သွင်းကုန်ပစ္စည်းများကိုပါ တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာသည်ကို တွေ့ရကြောင်း ၎င်းက သုံးသပ်သည်။

“စားသောက်ကုန်ပစ္စည်းတွေ၊ ပြည်တွင်းမှာ ထုတ်နိုင်တဲ့ဟာတွေလည်း ထိန်းချုပ်တာ တွေ့ရတယ်။ လောင်စာဆီဆိုလည်း ထိန်းချုပ်ပြီးမှ ဆောင်ရွက်နေတာ တွေ့ရတယ်။ တစ်နည်းအားဖြင့် နိုင်ငံခြားငွေကြေးကို တင်းတင်းကျပ်ကျပ် စီမံဆောင်ရွက်နေတယ်လို့ပဲ ယူဆတယ်။” ဟု ၎င်းက ဆိုသည်။

ဒေါ်လာထိန်းချုပ်မှုကြောင့် ဈေးနှုန်းအကြီးကျယ်မြင့်တက်ပြီး ကုန်ပြတ်လပ်သည့်သွင်းကုန်အနက် လောင်စာဆီမှာ ထင်သာမြင်သာအရှိဆုံးဖြစ်သည်။ နိုင်ငံတကာစက်သုံးဆီဈေးတက်၍ ပြည်တွင်းဈေးလည်း လိုက်တက်ကြောင်း စစ်ကောင်စီက ဆင်ခြေပေးလေ့ရှိသော်လည်း ဆီပြတ်လပ်မှုမှာ တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးရွာလာသည်။

၂၀၂၁ ဇန်နဝါရီက ဓာတ်ဆီတစ်လီတာ ၆၅၅ ကျပ်သာရှိသော်လည်း အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ဒေါ်လာထိန်းချုပ်ပြီးနောက် ၂၂၀၀ ပတ်ချာလည်အထိ ဈေးနှုန်းရှိလာသလို ဆီဝယ်မရတော့သည်အထိ ပြတ်လပ်မှုဖြစ်လာကြောင်း ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် မရောင်းပေးနိုင်၍ ဆီဖြည့်ရန် ခက်ခဲကာ ကားပြေးဆွဲရန်ပင် အခက်ကြုံနေကြောင်း သူကဆိုသည်။ 

“ဆီရမှပဲ လည်ပတ်လို့ရမှာ။ ဆီမရဘူးဆိုရင်တော့ ကျွန်တော်တို့လည်း ဘာမှမလုပ်တက်ဘူးပေါ့” ဟု သူက ဆက်ပြောသည်။

ထိုနည်းတူ နိုင်ငံခြားမှ အဓိကတင်သွင်းသည့် စားသုံးဆီမှာလည်း အာဏာမသိမ်းမီက လက်လီဈေး တစ်ပိဿာ ၄,၀၀၀ ပတ်ချာလည်သာရှိသော်လည်း ယခုအခါ ၈,၀၀၀ ကျပ်ကျော်အထိ ရှိလာသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်မှအစ ပိုးသတ်ဆေးနှင့် မြေဩဇာများအထိ ဈေးနှုန်းမြင့်တက်နေသည်။ 

စစ်ကောင်စီက သွင်းကုန်သမားများကို ရောင်းပေးသည့် တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် ဝယ်ယူခွင့်ရပြီး ကုန်ပစ္စည်းများတင်သွင်းနိုင်ပါက သွင်းကုန်များဈေးကျရမည်ဖြစ်သော်လည်း ယခုအခါ ပြောင်းပြန်ဖြစ်နေသည်။

အကြောင်းမှာ ဒေါ်လာအမှန်တကယ်ဝယ်မရသောကြောင့် ဈေးနှုန်းမကျခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံရေးအပြောင်းအလဲကြောင့် မြန်မာကုန်သည်များကို အကြွေးစနစ်ဖြင့် ကုန်ပစ္စည်းမရောင်းတော့၍ လုပ်ကိုင်ရကျပ်လာသည်ဟု သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

ငွေလဲနှုန်းပုံသေသတ်မှတ်ခြင်းကို လုပ်ငန်းရှင်တိုင်းက မကြိုက်ကြောင်း၊ နိုင်ငံခြားငွေဝယ်ယူရသည့် လုပ်ငန်းစဉ်ရှုပ်ထွေးမှုကြောင့် စီးပွားရေးမှာ အခြေအနေဆိုးရွားသွားနိုင်ကြောင်း ဆန်စပါးအပါအဝင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေသူက ဆိုသည်။

စစ်အာဏာသိမ်းထားသော်လည်း လုပ်ငန်း ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်ကို ထိန်းသိမ်းလည်ပတ်နိုင်မည်ဟု စီးပွားရေးသမားများက ယုံကြည်ခဲ့သော်လည်း နိုင်ငံခြားငွေထိန်းချုပ်မှုကြောင့် စီးပွားရေးလုပ်ကိုင်ရန် စိုးရိမ်လာမှုမြင့်တက်ကြောင်း၊ နောင်တစ်ချိန် တစ်ဒေါ်လာ ၁,၆၀၀ ကျပ်၊ ၁,၇၀၀ ကျပ် မသတ်မှတ်ဟု မည်သူမျှ အာမမခံနိုင်ကြောင်း ၎င်းက ဆိုသည်။

“စီးပွားရေးလုပ်ငန်းဆိုတာက သေချာရေရာပြီးတော့ ခန့်မှန်းတွက်ချက်နိုင်တဲ့အပေါ်မှာ အလုပ်လုပ်ရတာလေ။ အဲဒီတော့ ခန့်မှန်းတွက်ချက်မှု အားနည်းလာရင် အခုလိုမျိုး မူဝါဒပိုင်းဆိုင်ရာတွေ ပြောင်းလဲမှုလျင်မြန်တယ်၊ လျင်မြန်ပြီးတော့ ရုတ်ခြည်းလုပ်လာတဲ့အပေါ်မှာတော့ အခက်အခဲရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများကပင် မခန့်မှန်းနိုင်တော့သည်အထိ မြန်မာ့စီးပွားရေး ယိမ်းယိုင်နေသော်လည်း အာဏာသိမ်းခေါင်းဆောင်ကမူ စီးပွားရေးမောင်းနှင်အားကို မဖြစ်မနေဆောင်ရွက်မည်ဟု ဆိုသည်။

‘ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိကြောင်း’၊ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေး ပြည်ပမှ ဝယ်ယူသုံးစွဲခြင်းထက် ပြည်တွင်းထုတ်ကို အားပေးရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရနှစ်ဆက်တွင် ကုန်သွယ်မှုလိုငွေ များစွာရှိခဲ့ကြောင်း စစ်ခေါင်းဆောင်ပြောကြားချက်များကို ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button