သတင်း

ဒေါ်လာဈေးထိန်းချုပ်မှု စစ်ကောင်စီ ဘာကြောင့်လက်လွှတ်လိုက်သလဲ

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူပြီး သုံးနှစ်ပြည့်လုချိန်တွင် ဘက်ပေါင်းစုံ ထိုးနှက်ချက်များကို ရင်ဆိုင်နေရသည့် စစ်ကောင်စီက အမေရိကန်ဒေါ်လာ အရောင်းအဝယ်အတွက် ရည်ညွှန်းဈေးသတ်မှတ်ပေးသည့်အလုပ်ကို လက်လျှော့လိုက်ပြီဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ငွေလဲလှယ်နှုန်း သတ်မှတ်ပေးတော့မည်မဟုတ်ကြောင်း၊​ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းဝယ်နိုင်ကြောင်း စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ယမန်နေ့ (ဒီဇင်ဘာ ၅) ရက်စွဲဖြင့် နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့် လိုင်စင်ရဘဏ်များကို အကြောင်းကြားထားသည်။

ယမန်နေ့ညပိုင်းမှစ၍ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ထိုညွှန်ကြားစာမှာ အမှန်ပင်ဖြစ်သည်ဟု ဗဟိုဘဏ်ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြေားရေးမှူးချုပ် ဦးအောင်အောင်က ယနေ့တွင် Myanmar Now ကို အတည်ပြုပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် ဒေါ်လာရည်ညွှန်းဈေး သတ်မှတ်ပေးသည့်အလုပ်ကို လက်လျှော့လိုက်ခြင်းမှာ ဖြစ်ချင်ရာဖြစ်ဆိုသည့်သဘောဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

“သူတို့မှာ ထုတ်ရောင်းစရာလဲ မရှိတော့ဘူး။ မင်းတို့ ကြိုက်သလို ဝယ်ကြရောင်းကြတော့ပေါ့။ ပျက်နေပြီဆိုတာ သူတို့သိတယ်။ ဘယ်လိုမှလည်း ဆယ်လို့မရတော့ဘူး။ အဲဒီတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှတ်ချပေးလိုက်ပုံတန်ပါတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်ကာ ဒေါ်လာဈေးထိုးတက်လာတိုင်း အခြေအနေကို ထိန်းညှိပေးနိုင်ရန် စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က သန်းပေါင်းများစွာသော ဒေါ်လာငွေများကို အကြိမ်ကြိမ်ထုတ်ရောင်းပေးခဲ့သည်။ သုံးနှစ်တာအတွင်း ဗဟိုဘဏ်က ထုတ်ရောင်းသည့် ဒေါ်လာငွေပမာဏ မည်မျှရှိသည်ကို မသိရသော်လည်း အာဏာသိမ်းပြီးခြောက်လ၌ပင် ဒေါ်လာသန်း ၁၂၀ ကျော်ရှိသည်

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ဒေါ်လာဝင်ငွေရပေါက်ရလမ်း နည်းသည်ထက်နည်းလာချိန်တွင် ဒေါ်လာကိစ္စအပေါ် စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ထိန်းချုပ်ကန့်သတ်ခဲ့သည်။ ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့ရာမှ ရရှိသည့်ဒေါ်လာကို ၂၄ နာရီအတွင်း ပြန်သွင်းရန် ပို့ကုန်လုပ်ငန်းရှင်၏များကို ဖိအားပေးခဲ့သည့်အပြင် ပြန်သွင်းရမည့်အချိုးအစားကိုလည်း အကြိမ်ကြိမ်ပြောင်းလဲ သတ်မှတ်ခဲ့သည်။

သို့သော် ဗဟိုဘဏ်က တရားဝင်သတ်မှတ်ဈေးဖြင့် ထုတ်ရောင်းသည့်ဒေါ်လာအားလုံး ပုဂ္ဂလိကလုပ်ငန်းရှင်များထံ မရောက်သည့်နည်းတူ ဒေါ်လာငွေပြန်မသွင်းသည့် လုပ်ငန်းရှင်များလည်း ရှိခဲ့သည်။

ပို့ကုန်ရငွေပြန်သွင်းရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များကို အရေးယူနေသည့်အကြောင်း စစ်ကောင်စီ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အတူ အာဏာသိမ်းစစ်အုပ်စုမှ ထိပ်သီးဗိုလ်ချုပ်တချို့ ဒေါ်လာအရောင်းအဝယ်ကိစ္စ အမြတ်ထုတ်ကာ အကျင့်ပျက်ခြစားသည့်ကိစ္စများလည်း ပေါ်ပေါက်ခဲ့သည်။

လူအများ စက်သုံးဆီနှင့် ဆန်ဆီ တန်းစီတိုးဝယ်နေရချိန် အာဏာသိမ်းခေါင်းဆောင် ပစားပေးထားသည့် နေပြည်တော်မှ စစ်ဗိုလ်ချုပ်အချို့က ဒေါ်လာသန်းနှင့်ချီ ကိုယ်ကျိုးရှာသည့်ဖြစ်စဉ်ကြီး ဘူးပေါ်သလို ပေါ်ပေါက်ခဲ့ကာ မဖြစ်မနေအရေးယူပြရသည်အထိ ဖြစ်ခဲ့သည်။ 

ဒေါ်လာရည်ညွှန်းဈေးသတ်မှတ်ခြင်းကို ရပ်တန့်လိုက်ပြီဖြစ်သဖြင့် စစ်ကောင်စီတွင် နိုင်ငံခြားသုံးငွေပြတ်လပ်နေပြီဖြစ်ကြောင်း အထင်အရှားပြသနေသည်ဟု အရပ်သားအစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ပါမောက္ခရှောင်တာနယ်က မှတ်ချက်ပြုသည်။

“ဒါဟာ အဆုံးသတ်နီးလာပြီဆိုတဲ့ လက္ခဏာပဲ။ စစ်တပ်ထောက်ခံသူတွေကိုတောင်မှ တရားဝင်သတ်မှတ်ဈေးနဲ့ ဒေါ်လာရောင်းမပေးနိုင်တော့ဘူး။​ အထူးသဖြင့် စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ စက်သုံးဆီတင်သွင်းကုမ္ပဏီတွေက ဆီဝယ်ဖို့ ဒေါ်လာလိုမှာပဲ” ဟု ၎င်းက ဆိုသည်။

“ဈေးကွက်အတိုင်းသွားတော့မယ်ဆိုတော့ နိုင်ငံခြားငွေ ပြတ်လပ်ပြီဆိုတာကို ပြောလိုက်တာပဲ။ စစ်ကောင်စီ တကယ့်ကို ဒုက္ခရောက်နေပြီ”

ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကာ စစ်တပ်က အာဏာသိမ်းပြီးရက်ပိုင်းအကြာတွင် ဖမ်းဆီးထောင်ချခံရကာ ၂၀၂၂ နိုဝင်ဘာလတွင် လွတ်မြောက်ခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေဖြင့် ဘက်ပေါင်းစုံအကျပ်အတည်း ကြုံတွေ့နေရပြီး တိုင်းပြည်စီးပွားရေး ယိုယွင်းပျက်စီးလာသည်ကို မဟန့်တားနိုင်ဖြစ်နေသည့်အပြင် ထိန်းမနိုင်သိမ်းမရဖြစ်လေ့ရှိသော ဒေါ်လာဈေး၊​ ရွှေဈေးနှင့် စက်သုံးဆီဈေးတက်ခြင်းများလည်း ကြိမ်ဖန်များစွာ ရင်ဆိုင်နေရသည်။​

နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ အခရာအကျဆုံးဖြစ်သော နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ​မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ပိတ်ဆို့ အရေးယူပြီးနောက် ဒေါ်လာငွေနှင့် ပေးချေရသော လုပ်ငန်းအားလုံး အခက်တွေ့ကာ သဘာဝဓာတ်ငွေ့ရောင်းရငွေများလည်း ပြည်ပတွင် ပိတ်မိနေသည်။

ထို့ပြင် နိုင်ငံခြားငွေ အမြောက်အမြားရှာဖွေပေးနေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားသည့်အပြင် အမေရိကန်ကလည်း စတင်အရေးယူခဲ့ပြီးဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသော တိုက်ပွဲများအတွင်း မြေပြင်တပ်များ အထိနာနေချိန် လေကြောင်းတိုက်ခိုက်မှုကိုသာ အားပြုနေရသည့် စစ်ကောင်စီအနေဖြင့် လေယာဉ်ဆီတင်သွင်းရန် နိုင်ငံခြားသုံးငွေလိုအပ်မည်ဖြစ်သည်။ 

အာဏာသိမ်းပြီးနောက် ပြည်ပနိုင်ငံများက ချေးငွေနှင့် ထောက်ပံ့မှုများ ရပ်ဆိုင်းခဲ့သည့်အပြင် နိုင်ငံခြားသုံးငွေနှင့် ဘဏ်စနစ် ထိခိုက်စေရန် အရေးယူပိတ်ဆို့ခြင်းလည်း ခံခဲ့ရသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိကာ လွန်ခဲ့သည့်ရက်ပိုင်း အစည်းအဝေးတွင်လည်း ထပ်မံပြောဆိုသည်။

နိုင်ငံခြားသုံးငွေ ရရှိရေး ပို့ကုန်တိုးမြှင့်နိုင်ရန် လိုအပ်ကြောင်း၊ ဒေါ်လာငွေအခက်အခဲကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုတွင် တိုက်ရိုက်ငွေပေးချေသည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ရာ အကျိုးဖြစ်ထွန်းမှုရှိသည်ဟု ယခုလ ၄ ရက်နေ့က အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားသည်။

အနောက်နိုင်ငံများနှင့် ပိတ်ဆို့မှုကြောင့် ဒေါ်လာဖြင့် ငွေပေးချေရန် အခက်အခဲတွေ့လာပြီးနောက် အာဏာသိမ်းစစ်တပ်က တရုတ်၊ ထိုင်းတို့နှင့် ကုန်သွယ်ရေးတွင် တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် တိုက်ရိုက်ပေးချေသည့်စနစ်ကို ကျင့်သုံးစေခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်မှ လက်ရှိအချိန်ထိ ပို့ကုန်ရငွေထက် သွင်းကုန်အတွက် နိုင်ငံခြားသုံးငွေ ပိုမိုသုံးစွဲနေရသည်ဖြစ်ရာ ဒေါ်လာကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူရမည်ဆိုပါက အရောင်းအဝယ်နှင့် ကုန်စည်စီးဆင်းမှုအားလုံး ရပ်တန့်သွားနိုင်ပြီး လောင်စာဆီပြတ်လပ်လျှင် အထွေထွေအကျပ်အတည်းကြီးတစ်ခု ပေါ်လာနိုင်သည်ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

စစ်ကောင်စီ၏ ကြေညာချက်နှင့်အတူ ယနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ကဲ့သို့သော မြို့ကြီးများ၌ပင်လျှင် စက်သုံးဆီအရောင်းဆိုင် အများစုပိတ်ထားကာ လူအများ ဆီဖြည့်ရန် တန်းစီတိုးနေရသည်။ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင် ပေါက်ဈေးရှိနေသည်။

Show More

Related Articles

Back to top button