
အမေရိကန်ဒေါ်လာဈေး ထိန်းမနိုင်သိမ်းမရ မြင့်တက်နေမှုကို ကုစားရန် စစ်ကောင်စီက ဗဟိုဘဏ်မှတဆင့် ဒေါ်လာသန်းနှင့်ချီကာ ဆက်တိုက်ထုတ်ရောင်းပေးနေသော်လည်း ဒေါ်လာဈေးမြင့်တက်နေဆဲ ဖြစ်သည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှစ၍ ယနေ့အချိန်ထိ ဗဟိုဘဏ်က အကြိမ်ကြိမ်အလီလီ ထုတ်ရောင်းခဲ့သည်မှာ ဒေါ်လာသန်း ၁၂၀ ကျော်ရှိပြီး ဩဂုတ် ၂၅ ရက်ကလည်း ဒေါ်လာငါးသန်းကို ၁၆၆၃ ကျပ်နှုန်းဖြင့် ထုတ်ရောင်းခဲ့သည်။
ယခုဩဂုတ်လအတွင်း၌ပင် ဗဟိုဘဏ်က ဈေးပြိုင်လေလံစနစ်ဖြင့် ဒေါ်လာထုတ်ရောင်းသည့်အကြိမ် ပေါင်း ၇ ကြိမ်ရှိပြီး ထိုသို့ဆက်တိုက်ရောင်းချပေးနေသော်လည်း ဒေါ်လာဈေးမြင့်တက်နေဆဲဖြစ်ကာ ယနေ့ (ဩဂုတ် ၂၆) တွင် ၁ ဒေါ်လာလျှင် ၁,၆၇၆ ကျပ်ရှိကြောင်း ကမ္ဘောဇဘဏ်၏ နိုင်ငံခြားငွေလဲလှယ်နှုန်းများအရ သိရသည်။
ယခင်က ထိုသို့ဒေါ်လာထုတ်ရောင်းချိန်တွင် ဈေးနှုန်းပြန်တည်ငြိမ်လေ့ရှိသော်လည်း လက်ရှိတွင် ဈေးနှုန်းအတက်ဘက်ကိုသာ ရောက်နေကြောင်း ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောသည်။
“အခုလောလောဆယ်အနေအထားကတော့ အေးတာတော့ မရှိသေးဘူး။ တဖြည်းဖြည်းတက်လာတာ တွေ့တယ်။ ဝယ်လိုအားက များနေတဲ့အပိုင်းမှာတော့ရှိတယ်” ဟု ၎င်းက ဆိုသည်။
သင်္ဘောတစ်စီးစာ စားသုံးဆီတင်သွင်းလျှင်ပင် ဒေါ်လာ ၁၀ သန်းကျော်ရှိပြီး ဗဟိုဘဏ်က ရောင်းပေးသည့် ပမာဏမှာ ဈေးကွက်လိုအပ်ချက်ကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်သောကြောင့် ဒေါ်လာဈေး သိသိသာသာကျမသွားခြင်းဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။
ပို့ကုန်တင်ပို့နိုင်ခြင်း မရှိသည့်အပြင် ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းပြီး ဒေါ်လာဝယ်ယူစုဆောင်းခြင်းများကြောင့် ဒေါ်လာဈေးတက်လာသည်ဟုလည်း ၎င်းက ယူဆသည်။
ပြီးခဲ့သည့် ရက်များအတွင်း ပြင်ပငွေကြေးဈေးကွက်တွင် ၁ ဒေါ်လာလျှင် ၁၇၀၀ ကျော်အထိ ရောက်ရှိခဲ့ရာ အမေရိကန်ဒေါ်လာကို နှုန်းရှင်ပြောင်းလဲသတ်မှတ်ပြီး ၁၀ နှစ်ကျော်အတွင်း အမြင့်ဆုံးပေါက်ဈေးဖြစ်သည့်အပြင် တစ်နည်းအားဖြင့် ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။
စစ်အာဏာမသိမ်းမီ ဇန်နဝါရီ ၂၉ တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၂၆ ကျပ်သာရှိသော်လည်း အာဏာသိမ်းပြီး ၇ လနီးပါးအကြာတွင် ကျပ် ၁၇၀၀ ဝန်းကျင်အထိဖြစ်ကာ ဒေါ်လာဈေး အဆမတန်မြင့်တက်လျက်ရှိသည်။
စစ်အာဏာသိမ်းပြီးစတွင် ပြည်တွင်းဘဏ်ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သဖြင့် နိုင်ငံခြာငွေရောင်းဝယ်မှု၊ နိုင်ငံတကာကုန်သွယ်မှုများ၊ စာရင်းရှင်းလင်းများရပ်ဆိုင်ခဲ့ရာ စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို အတင်းအကျပ်ဖွင့်လှစ်စေခဲ့သည်။
ထိုသို့ ဘဏ်များဖွင့်ပြီးနောက် နိုင်ငံခြားငွေရောင်းဝယ်မှု ပြန်စချိန်တွင် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှသည်အထိ ဒေါ်လာဈေး တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှုကို ထိန်းကျောင်းရန် မလိုအပ်သည့် သွင်းကုန်တင်သွင်းမှုကို ကန့်သတ်သွားမည်ဖြစ်ကာ မလိုအပ်ဘဲဝယ်စုသူများနှင့် ဈေးကစားသူများကိုလည်း အရေးယူမည်ဟု စစ်ကောင်စီခန့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဩဂုတ် ၁၆ တွင် BBC သတင်းဌာနကို ပြောကြားခဲ့သည်။
“အခြေအနေအရ လိုအပ်ချက်ရှိရင် တက်မှာပဲ။ ရာသီပေါ်မှာမူတည်ပြီး ဒေါ်လာဈေးက တက်တယ်၊ ကျတယ်ဖြစ်တယ်။ ဒါ သူ့ဘာသာ သွားနေတာ။ အခုဖြစ်တာက ပုံမှန်မဟုတ်ဘူး။ နှစ်ပတ်လောက်အတွင်းမှာ ပုံမှန်မဟုတ်ဘဲ ကျပ် ၄၀၊ ၅၀၊ ၆၀ တက်သွားတာက ဈေးကစားတဲ့ကိစ္စတွေ ပါလာတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီလက်ထက်တွင် ပြည်ပပို့ကုန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားအကူအညီများမှ အမေရိကန်ဒေါ်လာစီးဝင်မှု ကျဆင်းခဲ့သည့်အပြင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါဆိုင်ရာ ဆေးဝါးနှင့် ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုကြောင့် ဒေါ်လာလိုအပ်ချက် ပို၍မြင့်မားခဲ့သည်။
ဒေါ်လာဈေးကျဆင်းပြီး ကျပ်ငွေတန်ဖိုးပြန်တက်လာရန် နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် ပို့ကုန်တင်ပို့မှု ပြန်အားကောင်လာရန် လိုအပ်ပြီး အထူးသဖြင့် ရှစ်လကျော်ကြာ ရပ်ဆိုင်းနေသည့် တရုတ်နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်နိုင်ရန်လိုကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။
“ကိုယ့်ငွေတန်ဖိုး ခိုင်မာအောင်ဆိုရင် Export များပြီး Import နည်းရင်တော့ အလိုလျောက်ကျတယ်။ Export တက်အောင်မလုပ်ဘဲနဲ့ ဒေါ်လာရောင်းပေးတယ်တို့၊ ဈေးကစားသူတွေ လိုက်ဖမ်းမယ်တို့ ဒါတွေက နည်းလမ်းအမှန်ကြီးတော့ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး ၂၄ ရာခိုင်နှုန်းကျဆင်းသွားပြီး လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်း ၆ ရာခိုင်နှုန်းသည် လာမည့်ခြောက်လအတွင်း သိသိသာသာ မြင့်တက်လာနိုင်သည်ဟု ဇူလိုင်လကုန်ပိုင်းက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများကြောင့် ဘဏ်လုပ်ငန်းတစ်ခုလုံး အကျပ်အတည်းတွေ့ကာ ကပ်ဆိုက်နေကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် Independent Economists for Myanmar (IEM) အဖွဲ့က ဩဂုတ် ၁၆ ရက်တွင် အစီရင်ခံစာက ထုတ်ပြန်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pen