မေးမြန်းခန်း

ယင်းမာပင် အစုလိုက်လူသတ်မှုတွင် စွပ်စွဲခံရသူ ဆရာစံ၏တုံ့ပြန်ချက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် လာဘို့ရွာခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ခေါင်းဆောင် အပါအဝင် လူ ၁၀ ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်တွင် ကပိုင်ရွာအခြေစိုက် PDF တပ်ရင်း ၄ တာဝန်ခံ ဆရာစံ၌ အဓိက တာဝန်ရှိသည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။

NUG က တော်လှန်ရေးအဖွဲ့ဟု အသိအမှတ်ပြုထားပြီး ပြီးခဲ့သည့် တစ်နှစ်အတွင်း အထက်ပါ ၁၀ ဦး အပါအဝင် ဒေသခံ ၂၁ ဦးထက်မနည်းကို သတ်ဖြတ်သည်ဟု သတင်းကြီးနေသည့် ယင်းမာပင်မြို့နယ် အခြေစိုက် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းဦး ခေါ် ဗိုလ်သံမဏိနှင့် ပတ်သက်၍မူ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။​

စွပ်စွဲခံရသည့် ဆရာစံသည် လွန်ခဲ့သည့် ငါးလဝန်းကျင်မှစ၍ ဗိုလ်သံမဏိအဖွဲ့ လက်အောက်ခံအဖြစ်မှ နုတ်ထွက်ကာ ဆရာစံ – PDF အဖြစ် သီးခြားရပ်တည်နေသည်။ ဟိုးလေးတကျော် ဖြစ်ခဲ့သည့် လူသတ်မှုများနှင့် ပတ်သက်၍ ဆရာစံကို Myanmar Now က စက်တင်ဘာ ၁၄ တွင် တွေ့ဆုံမေးမြန်းထားသည်။

မေး – NUG ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဘာများပြောပြလိုပါသလဲ။ 

ဖြေ – နံပါတ် ၁ အစချီရမှာကတော့ ကျွန်တော့်ကို ကျေးရွာပေါင်းစုံကနေ ဗိုလ်သံမဏိနဲ့အပြိုင် ခေါင်းဆောင်လုပ်ဖို့ ဆိုသော်ငြားလည်း ကျွန်တော်သည် ခေါင်းဆောင်လုပ်ဖို့၊ တပ်ရင်းမှူးလုပ်ဖို့ တော်လှန်ရေးလုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက် စည်းလုံးညီညွတ်မှုသည် အဓိကဖြစ်တဲ့အတွက် ကိုယ့်မြို့နယ်ကို စည်းလုံးရေးအတွက် သွားနေပါတယ်။

သွားနေရင်းနဲ့ သူတို့ခေါင်းဆောင်ချင်း အားပြိုင်မှုလေးတွေ ပါလာတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ထိုးချဖို့ အကွက်ချောင်းနေတဲ့အခါမှာ အကွက်ဝင်သွားတဲ့ အနေအထားမျိုးရောက်သွားတာပေါ့ဗျာ။ အကွက်ဝင်တဲ့အခြေအနေမှာ ညွှန်ကြားချက်တွေ၊ အမိန့်တွေက လိုက်နာသင့်တဲ့အမိန့်ဆို လိုက်နာနိုင်တယ်။

အမှားလုပ်နေတဲ့အဖွဲ့အစည်းခေါင်းဆောင်ရဲ့ အမှားကို မှားနေမှန်းသိပါရဲ့နဲ့ မပြောရဲတဲ့အဖွဲ့သားတွေနဲ့ကျတော့ ကျွန်တော့်အနေနဲ့ မတိုက်ဆိုင်တဲ့အတွက် အဖွဲ့အစည်းထဲကနေ ထွက်လိုက်တယ်။ ဗိုလ်သံမဏိလက်အောက်ကနေ ထွက်လိုက်တယ်။

လွတ်လွတ်ကင်းကင်းနဲ့ပဲ ဆရာစံပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ပဲ ပြည်သူ့အတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သပိတ်ကဏ္ဍ၊ ပြည်သူလူထု တော်လှန်ရေးစိတ်ဓာတ်မြှင့်တင်မှုကဏ္ဍတွေမှာ နယ်လှည့်ပြီးတော့ တော်လှန်ရေးလုပ်ဆောင်တယ်။ လုပ်ငန်းမရှိတဲ့ရက်တိုင်းသည် ကျွန်တော့်အတွက်က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးဆိုတဲ့အတိုင်း ပြည်သူက ပြည်သူ၊ လူက လူလိုအုပ်ချုပ်တတ်ဖို့ လုပ်ငန်းတွေကို လှည့်လည်ပြီးတော့ လုပ်ဆောင်ပေးခဲ့ပါတယ်။ 

ကျွန်တော့်အထူးအားနည်းချက်က ဘာရှိလဲဆိုတော့ အင်တာနက်လိုင်း၊ လိုင်းရရင်လည်း ကျွန်တော့်အနေနဲ့ အင်တာဗျူးလုပ်တာ နည်းတယ်။ လိုင်းပေါ်မှာ MOD ထုတ်ထားတဲ့စာက ကျွန်တော့်​ကို သုံးကြိမ်တိတိ အမှုနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးဖို့၊ မေးမြန်းဖို့ သူတို့လုပ်တယ်လို့ ပြောတယ်။ သို့ပေသော်ငြား ကျွန်တော့်ဆီကို စာမရောက်သလို ညွှန်ကြားချက်လည်း မရှိဘူး။ ဖုန်းနဲ့ ဆက်သွယ်ချက်လည်း မရှိတဲ့အတွက် ကျွန်တော့်အနေနဲ့ ဘယ်သူ့မှ ဘာမှ မပြောပြထားရဘူး။ 

သို့ပေသော်ငြားလည်းပဲ ဒီအမှုနဲ့ ပတ်သက်ပြီးခါမှ တစ်ဖက်သတ်၊ ဗိုလ်သံမဏိကလည်း သူ့ဆီက ခွဲထွက်သွားတဲ့အခါမှာ ဒီတစ်ယောက်ကို ဖိဖို့ဆိုပြီးတော့ ကျွန်တော်တစ်ယောက်ပဲ လုပ်ခဲ့သလို ကျွန်တော်ကပဲ လူသတ်တရားခံလို လုပ်ထားတဲ့အခြေအနေမျိုးမှာ မပြောချင်ပဲ ပြောရတဲ့အခြေအနေ ရောက်လာတာ။ 

ကျွန်တော်တို့ မြို့နယ်မှာ ခရိုင်ကွပ်ကဲရေးမှူးလည်း ရောက်ရှိနေတဲ့အတွက် သူ့ရဲ့ ကိုယ်ရေးအရာရှိကနေတစ်ဆင့် ကျွန်တော့်ကို ကြိုက်သလို အချိန်မှာ ခေါ်ယူမေးမြန်း စစ်ဆေးနိုင်ပါတယ်လို့ ပြောထားတယ်။ စစ်ဆေးမေးမြန်းမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကိုတော့ ကွပ်ကဲရေးမှူးရဲ့ ညွှန်ကြားချက်နဲ့မှ ထုတ်ပြန်နိုင်ပါလိမ့်မယ်။ 

နောက်ပြီးတော့ ယင်းမာပင်ဒေသနဲ့ ထိစပ်နယ်မြေရှိ လူသတ်မှု ၂၁ ယောက်လို့ တင်ထားတယ်။ သို့သော်ငြားလည်း ဒီ ၁၀ ယောက်တည်းကိုပဲ ဇောင်းပေးပြီးတော့ ကျွန်တော်တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်သလို၊ ကျန်တဲ့သူတွေလည်း ဘယ်ရောက်သွားမှန်းမသိ။ ကျန်တဲ့အမှုတွေကျ အမှုမဟုတ်တော့သလို လုပ်လိုက်တယ်။

ကျွန်တော်တာဝန်ကျခဲ့တဲ့ နယ်မြေမှာ ဖြစ်သွားတာ တာဝန်ရှိမှန်းလည်း သိပါတယ်။ သို့ပေသော်ငြား တော်လှန်ရေးကာလဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားရဲ့ ဆုတ်ယုတ်ပျက်စီးမှု အင်အားအတိုင်းအတာပေါ်မှာ မူတည်ပြီးတော့ အရာရာတိုင်းကို ပြီးပြည့်စုံစွာ ဖော်ပြလို့မရသေးဘူး။ 

တော်လှန်ရေးအလွန်မှာ ကျွန်တော်တို့ ရှင်ချင်မှလည်း ရှင်မယ်။ ကျွန်တော့်အနေနဲ့ ရှင်သန်ခဲ့ရင်လည်းပဲ ဘယ်သူတွေပါတယ်ဆိုတာ ပြောပြဖို့ရှိပေမဲ့ ဒီအခြေအနေမှာတော့ ကျွန်တော့်အနေနဲ့ အားလုံးကို ပွင့်လင်းစွာ ပြောပြလို့မရတဲ့အခြေအနေမှာ ရောက်နေပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဗိုလ်သံမဏိအဖွဲ့က သတ်ဖြတ်သူများအနက် ပုံပါ ၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတ်မှတ်သည်။

မေး – ဆရာစံမှာ တခြားနာမည်တွေရှိသေးလား။ တိုက်ကောင်း (NUG ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည့် စစ်ဆေးမှုတွင် ပူးပေါင်းခြင်းမရှိသူ) ဆိုတဲ့ နာမည်နဲ့ အတူတူလား။ စွပ်စွဲခံရသူတွေတွေထဲက ဆင့်ခေါ်လို့ မရတဲ့အထဲမှာ ဆရာစံနာမည် မတွေ့ရလို့ပါ။ ဒါပေမဲ့ လူသတ်မှုအတွက် တာဝန်ရှိတဲ့သူကတော့ ဆရာစံနဲ့ အဖွဲ့လို့ ရေးထားတယ်။ 

ဖြေ – တိုက်ကောင်းကတော့ ကျွန်တော်မဟုတ်ပါဘူး။ တိုက်ကောင်းက ဗိုလ်သံမဏိရဲ့ လက်အောက်ခံ တစ်ယောက်ပါ။ ဆင့်ခေါ်တာက တိုက်ကောင်းကိုလား။ 

မေး – လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာစံသိတာ ပြောပြပေးပါ။

ဖြေ – ပထမဆုံးစတာက မီးသတ်ဝန်ထမ်းနဲ့ ယာဉ်မောင်းတို့ကို ဖမ်းတာကနေ စတယ်လို့ သိရပါတယ်။ ဖမ်းဆီးတဲ့သူတွေသည် ကျွန်တော်ရဲ့ လက်အောက်ခံလူတွေ မဟုတ်ပါဘူး။ ဗိုလ်သံမဏိဝန်းကျင်ကနေ ဖမ်းမိပြီး အချုပ်ခန်းတစ်နေရာကို ပို့တယ်။ နောက်ထပ် ၆ ယောက်ကနေ ဆက်သွယ်တယ်။ အဲဒီ ၆ ယောက်က ဆက်သွယ်တဲ့အခါမှာ ကျွန်တော်နဲ့သိတော့ ကျွန်တော့်ကို ဆက်သွယ်တယ်။ ကျွန်တော့်အနေနဲ့ ကူညီစုံစမ်းပေးပါမယ်ဆိုပြီးခါမှ ပါဝင်ဆောင်ရွက်ပေးခဲ့တာရှိတယ်။ ၆ ယောက်နဲ့ ပတ်သက်တဲ့ အမှုအခင်းဖြစ်စဉ်နဲ့ လုံးဝ ပြီးပြည့်စုံတဲ့ တိကျတဲ့အဖြေ ကျွန်တော့်မှာ မရှိသေးဘူးဗျ။ 

မေး – ဆရာစံကို ဘယ်သူက ဆက်သွယ်တာလဲ။ အဲဒီအချိန်က အခြေအနေလေး ပြန်ပြောပြပါလား။ 

ဖြေ – ကျွန်တော့်ကို ကိုထိုက်မောင် (အသတ်ခံရသူ) ကနေ ဆက်သွယ်တာပါ။ ကိုထိုက်မောင်က မီးသတ်ကလေးတွေ ပါသွားတယ်။ သူ့ရွာက ကလေးတွေလည်းဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့  လိုက်လံစုံစမ်းချင်ပါတယ်ဆိုပြီးတော့ ပြောတယ်။ ဘယ်ကို ဖမ်းသွားတာဖြစ်နိုင်မလဲလို့ မေးတယ်။ အဲဒါကျတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တတ်နိုင်သလောက် လိုက်လံစုံစမ်းပြီးတော့ ကူညီဆောင်ရွက်ပေးပါမယ်လို့ ပြောခဲ့တယ်။

ကပိုင်-သီးကုန်းဘက်လို့လည်း သတင်းထွက်တယ်။ ကပိုင်ဘက်ကို ရောက်မရောက် စုံစမ်းတဲ့အခါမှာ သတင်းတွေက အမျိုးမျိုးပေါ့။ ဟုတ်တယ်ပြောတဲ့လူနဲ့ မဟုတ်ဘူးပြောတဲ့လူနဲ့ ကြားထဲမှာ ကျွန်တော့်အနေနဲ့ ယူရခက်တဲ့အခြေအနေဖြစ်ခဲ့တာ။ 

မေး – ဖုန်းပြောပြီးတော့ ဆရာစံနဲ့ ကိုထိုက်မောင်တို့ တွေ့ဖြစ်လိုက်သေးလား။ 

ဖြေ – ကျွန်တော့်ဆီ ရောက်မလာဘူး။ 

မေး – ဘယ်နေရာမှာ ချိန်းထားလို့လဲ။ 

ဖြေ – ဘယ်မှာ လာခဲ့ဖို့ ချိန်းခဲ့တာ မရှိပါဘူးဗျ။ ကူညီစုံစမ်း ဆောင်ရွက်ပေးပါ့မယ်လို့ ကျွန်တော်ပြောခဲ့တာ ရှိပါတယ်။

ဗိုလ်သံမဏိအဖွဲ့က ကျူးလွန်သည်ဆိုသော သတ်ဖြတ်မှုဖြစ်ပွားရာ နေရာများ။

မေး – အစီရင်ခံစာထဲမှာ ကိုထိုက်မောင်နဲ့တို့နဲ့ ရန်ငြိုးရန်စ အချေအတင်ဖြစ်ခဲ့တာကနေ လူသတ်မှုဖြစ်တာလို့ ဘယ်လိုကိစ္စမျိုးတွေပါလဲ။

ဖြေ – ကိုထိုက်မောင်နဲ့ ကျွန်တော် စပြီးတော့ တည်တဲ့ ပြဿနာက မိုင်းမှားဆွဲဖူးတယ်လို့ (NUG က) ပြောတယ်။ သူမိုင်းမှားဆွဲ တုန်းကလည်း ဆရာစံပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တစ်ဦးတစ်ယောက်မှ ပါဝင်ခြင်းမရှိပါဘူး။ နောက်နောင် မိုင်းကို error မတက်(အမှားအယွင်းမရှိ) အောင် ဘယ်လိုလုပ်ဖို့၊ လမ်းကြောတွေမှာ သူ့ပွိုင့်၊ ကိုယ့်ပွိုင့်နဲ့ စည်းထားပြီး ညီညီညွတ်ညွတ်လုပ်ဆောင်နိုင်ရင် ဒီကောင်တွေကို မြန်မြန် အမြစ်ဖြတ်နိုင်မယ်ဆိုပြီးတော့တောင်မှ ဖုန်းအဆက်သွယ်နဲ့ ညီအစ်ကိုလိုပဲ တွဲဖက်လုပ်ဆောင်ခဲ့တာမျိုးလည်း ​ရှိပါတယ်။ 

မစ်ရှင်တွေကို ဆရာစံ၊ ကျွန်တော် ဘယ်နားမှာ။ ကျွန်တော့်ပွိုင့်က ဘယ်နားမှာဆိုပြီးတော့ (ထိုက်မောင်နဲ့) အတူတူလုပ်ခဲ့တဲ့ ကဏ္ဍတွေရှိခဲ့ဖူးပါတယ်။ 

(ရန်ငြိုးရှိတယ်ဆိုတာ) တစ်ဖက်သတ် အင်တာဗျူးပြီး ပြောထားတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်။ 

မေး – ကိုထိုက်မောင်တို့ကို ဘယ်သူဖမ်းပြီး သတ်လိုက်တယ်လို့ သိလဲ။

ဖြေ – (ကျွန်တော်က) မြေပြင်မှာလည်း ရှိတဲ့အတွက် သိရှိမှုအတိုင်းအတာ အသင့်အတင့်ရှိပါတယ်။ ပါဝင်ပတ်သက်မှုပိုင်းဆိုင်ရာနဲ့ ဖြစ်စဉ်ပိုင်းဆိုင်ရာတွေ အလုံးစုံကိုတော့ အသင့်အတင့်သိရှိထားသလောက်ရှိပေသော်ငြားလည်း ခရိုင်ကွပ်ကဲရေးမှူးကနေ စစ်ခုံရုံးပုံစံနဲ့ မေးမြန်းပြီးတော့မှ အဲဒီက ထွက်လာတဲ့ စစ်ဆေးချက်တွေ အားလုံးကို MOD ဆီ တင်ပြပြီးမှ ကျွန်တော့်အနေနဲ့ အတည်ပြုပေးပါမယ်ဗျ။ 

မေး – MOD ရဲ့ အစီရင်ခံစာထဲမှာ ပြစ်မှုကျူးလွန်သူတွေကို လက်နက်ဖြုတ်သိမ်းအရေးယူမယ်လို့ ရေးသားထားပါတယ်။ ဒီ ၁၀ ဦးသတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိတယ်လို့ စွပ်စွဲထားတဲ့ ၂ ယောက်ထဲမှာ ဆရာစံလည်း ပါနေတော့ ဘာများတုံ့ပြန်ပြောဆိုလိုပါသလဲ။ 

ဖြေ – ကျွန်တော့်အနေနဲ့ ခရိုင်ကွပ်ကဲရေးမှူးရုံးကို ကျွန်တော် လက်နက်တွေ သွားရောက်အပ်နှံပြီးပါပြီဗျ။ ဗိုလ်သံမဏိလက်အောက်မှာရှိစဉ်က ကျွန်တော့်အတွက် ခွဲတမ်းရတဲ့ သေနတ် ၁၀ လက်ကို ခရိုင်တပ်ရင်းမှာ အပ်ထားပါတယ်။ 

မေး – ကနဦးစွပ်စွဲခံရတဲ့သူ ၄ ဦးထဲမှာ ဆရာစံကို မတွေ့ရဘဲ NUG က အပြီးသတ်အစီရင်ခံစာ ထုတ်တော့မှ လူသတ်မှုအတွက် အဓိကတာဝန်ရှိသူနေရာမှာ ဆရာစံဖြစ်နေတာ တွေ့တယ်။ ဘာလို့ပါလဲ။ 

ဖြေ – MOD အနေနဲ့ ကျွန်တော့်ကို တိုက်ရိုက်မေးမြန်းစစ်ဆေးမှုမရှိဘဲ ဒီလိုအစီရင်ခံစာထုတ်တဲ့အပေါ်မှာတော့ နည်းနည်းစောလွန်းတယ်လို့ ပြောချင်ပါတယ်။ MOD အနေနဲ့ ခရိုင်ကွပ်ကဲမှူးလည်း တာဝန်ပေးထားပြီးပြီဖြစ်တဲ့အတွက် ခရိုင်ကွပ်ကဲရေးမှူးကနေ စစ်ဆေးပြီးခါမှ ဒီလိုအစီရင်ခံစာမျိုးထုတ်သင့်ပါတယ်။

မေး – ဗိုလ်သံမဏိအောက်ကနေ ဘယ်အချိန်က ခွဲထွက်လိုက်တာလဲ။

ဖြေ – လွန်ခဲ့သော ၆ လ ဝန်းကျင်လောက်ကနေ ဗိုလ်သံမဏိအောက်ကနေ ခွဲထွက်လိုက်တာပါ။ ညီညွတ်သော ကျေးရွာများအင်အားစု အားလုံး၊ ပုလဲမြို့နယ်မှာရှိသော ခရိုင်တပ်ရင်းတွေ၊ မြိုင်၊ ရေဦး၊ ခင်ဦး အစရှိသော အဖွဲ့အစည်းခေါင်းဆောင်များနဲ့ လက်တွဲညီညီ ချိတ်ဆက် တော်လှန်နေပါတယ်။ 

ကျွန်တော့်အနေနဲ့ ခေါင်းဆောင် ဗိုလ်သံမဏိအောက်ကနေ ခွဲထွက်လိုက်တာပါ။ ကျန်တာတော့ စည်းလုံးညီညီညွတ်ညွတ် ဆက်လက်လုပ်ဆောင်နေပါတယ်။ 

မေး – ဘာဖြစ်လို့ ဗိုလ်သံမဏိအောက်ကနေ ခွဲထွက်ဖြစ်တာလဲ။ 

ဖြေ – အစောပိုင်းမှာ သူက ကောင်းပါတယ်။ နောက်ပိုင်းမှာ ဖြစ်လာတာက power building (ပုဂ္ဂိုလ်ရေးတည်ဆောက်မှု) ဘက်ကို ပါလာတယ်။ သူ့ဆီသွားမယ်ဆိုရင် ဒါမယူရ၊ ဒီနေရာ လာရမယ်။ ဒီလူလာရမယ်၊ ဒါမျိုးတစ်ချက်။ အဲဒါ စစ်ရေးမဟုတ်ဘူး။ သူလုပ်နေတာတွေက အစည်းအဝေးရိုးရိုး။

စစ်ရေးမှာဆိုလည်း (ချင်းပုန်းရွာစီးနင်းခံရစဉ်က) တစ်နေကုန် လေယာဉ်နဲ့ အပစ်ခံရတုန်းက ဖုန်းခေါ်တယ်။ ၅ ကြိမ်က ဆက်သွယ်မှုဧရိယာပြင်ပ၊ ၅ ကြိမ်က မအားပါ။ ၁၀ ကြိမ်က ဝင်တယ်။ အကြိမ် ၂၀ လုံးမကိုင်ခဲ့ဘူး။ ကျွန်တော့်မှာ မိုင်းအခက်အခဲ၊ လက်နက်ခဲယမ်းအခက်အခဲဖြစ်နေပြီ။ သူ(ဗိုလ်သံမဏိ) ဖုန်းမကိုင်ခဲ့ဘူး။ 

တိုက်ပွဲသွားရင် ကိုယ့်ရှေ့တန်းရဲဘော်အတွက် အလေးအနက်မထားဘူး။ နောက် ငွေကြေးစီးဆင်းမှု။ ပေးချင်သလိုပေးတယ်။ မျှတသော၊ လိုအပ်သော နေရာတွေမှာ ဖြန့်ဝေပေးမှုဆိုင်ရာကိစ္စတွေရှိတယ်။ ပြည်ပဝင်ငွေတွေ၊ ပြည်တွင်းဝင်ငွေတွေပတ်သက်တဲ့ကဏ္ဍမှာလည်းပဲ ကျွန်တော် လူ ၈၀၀ သင်တန်းပေးခဲ့လို့တောင်မှ ကျွန်တော့်သင်တန်းအတွက် ငွေတစ်ကျပ်မှ မရဘူး။

လက်အောက်ခံလို့ဆိုသော်လည်းပဲ ကိုယ်ပိုင်တည်ဆောက်မှုနဲ့ပဲ သင်တန်းပေးရတယ်။ လက်နက်ခွဲဝေမှု မျှတမှုမရှိခြင်း၊ ဒီအချက်တွေကြောင့်ပဲ သူက ခေါင်ဆောင်တစ်ယောက်မဖြစ်ထိုက်တော့ဘူးဆိုပြီးတော့ ကျွန်တော့်ဖခင်လို သဘောထားတဲ့သူကို မဟာမိတ်အနေနဲ့ လက်တွဲသွားနိုင်ပါတယ်။ ရန်သူလိုလည်း သဘောမထားပါဘူး။ လက်အောက်ခံမဟုတ်တာကိုပဲ ပြောတာပါ။

ဗိုလ်သံမဏိအဖွဲ့ သတ်ဖြတ်ခဲ့သူများ စာရင်း။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ စုံစမ်းစစ်ဆေးမှုများမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ၂၀၂၁ နိုဝင်ဘာ ၂၆ ရက် ဝန်းကျင်က သေဆုံးသူ ၁၀ ဦးနှင့်သာ သက်ဆိုင်သည်။

မေး – ဆရာစံအပေါ် ပုံချတာက ဗိုလ်သံမဏိလက်အောက်ကနေ ခွဲထွက်လိုက်တာကြောင့်လို့ ယူဆလား။ 

ဖြေ – အဲဒီအချက်ကလည်း ကျွန်တော်မြင်ထားတဲ့အချက်ထဲမှာ ပါပါတယ်ဗျ။ ခွဲထွက်လို့ ဒီလိုလုပ်တယ်လို့ သူ့အပေါ် မစွပ်စွဲချင်ပေမဲ့လို့ ကျွန်တော့်ကို ဖိတ်ကြားမှုမရှိဘဲ သူတို့ဘာသာသူ ဖြေပြီးခါမှ ဆရာစံတစ်ယောက်တည်းအပေါ် ပုံချတယ်လို့ ကျွန်တော့်ရင်ထဲမှာ ခံစားချက်ရှိနေပါတယ်။

မေး – ဖြည့်စွက်ပြောလိုတာများ ရှိပါသေးလား။

ဖြေ – အခုအချိန်ဟာ တိုက်ပွဲမှာ လူအင်အားနဲ့ တိုက်ရမယ့်အချိန်မဟုတ်ဘဲ နည်းပညာနဲ့ တိုက်ရမယ့်အချိန်ကို ရောက်နေတဲ့အတွက် အသိဉာဏ်ရှိရှိနဲ့ တော်လှန်ရေးသတိရှိရှိနဲ့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုကြီးကို မပြိုကွဲဖို့၊ အရင်ဆန္ဒပြနေတုန်းက ပြောခဲ့ကြတဲ့ “၈၈ က သောက်က်ချိုးတွေ၊ ၂၁ မှာ လာမချိုးနဲ့” ဆိုတဲ့အတိုင်းပဲ တော်လှန်ရေးအင်အားစုကြီးဟာ ကြာလေ ကြီးထွားလေ ဖြစ်ရမှာဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစု ပြိုကွဲစေသော၊ အခက်အခဲဖြစ်စေသော လိုင်းပေါ်တိုက်ပွဲများ၊ ၈၈ က သောက်ချိုး မချိုးကျဖို့၊ ကျွန်တော်တို့တွေဟာ ရွှေပဟိုရ်စည်သံ ခြိမ့်ခြိမ့်ညံနဲ့ ကမ္ဘာ့အလယ်မှာ တင့်တယ်ထယ်ဝါမယ့် မြန်မာနိုင်ငံကြီးကို အတူတကွ ပြန်လည်တည်ထောင်ကြပါစို့လို့ ပြောချင်ပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button