
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော ဒေသခံ ၆ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (အောက်တိုဘာ ၁၆) တွင် ဒေသခံများတွေ့ရှိခဲ့ပြီး အသတ်ခံရသူများတွင် ကိုးတန်းကျောင်းသားနှစ်ဦးလည်း ပါဝင်နေသည်။
ယင်းမာပင်မြို့အနောက်ဘက် ၁၈ မိုင်ခန့်အကွာ ပုလဲမြို့နယ်အစပ် သဲကုန်းကျေးရွာအတွင်း တွေ့ရှိခဲ့သည့် ရုပ်အလောင်းများမှာ အသက် ၄၀ အရွယ် ဦးမောင်လင်း၊ ၃၅ နှစ်အရွယ် ကိုဇော်မောင်၊ ၃၀ ဝန်းကျင်အရွယ် ကိုဇော်သူ၊ အသက် ၁၆ နှစ်အရွယ်များဖြစ်ကြသော မောင်သန်းထိုက်အောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်သည့်ကျောင်း၌ ၉ တန်းတက်နေသည့် မောင်ခန့်နေနိုင်နှင့် မောင်သန့်ဇင်ဦးတို့ဖြစ်သည်။
ယခုလ ၁၅ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့သော စစ်တပ်ပြန်ထွက်သွားချိန်တွင် ဒေသခံများ သဲကုန်းရွာအတွင်း ဝင်ရောက်ကြည့်ရှုစဉ် ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ပတ္တားကြိုး (ရာဘာကြိုး) အဝိုင်းတွေကို နှစ်ခေါက်ခေါက်ပြီးတော့ သေချာလုပ်ပြီးကို နှိပ်စက်တာ။ ဓားတွေနဲ့ နောက်ကျောတွေမှာ မွှန်းထားတာ။ ဒဏ်ရာတွေနဲ့” ဟု ရုပ်အလောင်းများကောက်ယူရာတွင် ပါဝင်သူ အမျိုးသားတစ်ဦးက ပြောသည်။
သဲကုန်းရွာမှ ဖမ်းဆီးသတ်ဖြတ်ခံရသူများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး စိုင်းနိုင်နိုင်ကျော်ကို အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် သဲကုန်းရွာအနီး မိုင်းထောင်နေသည့် PDF များကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၅ ဦး သေဆုံးပြီး လက်လုပ်မိုင်းနှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိသည်ဟု ရေးသားကြသည်။
ဒေသခံအမျိုးသား ၆ ဦး သတ်ဖြတ်ခံရသည့်အပြင် စစ်ကြောင်းထွက်သွားပြီအထင်ဖြင့် ရွာအတွင်း ပြန်ဝင်လာသည့် သဲကုန်းရွာဒေသခံ ၃၀ ကျော်လည်း ဖမ်းဆီးခံရသည်ဟု သိရသည်။
စစ်တပ်က သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ၃၀ ကျော်ကို ရွာဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း၊ အမျိုးသားများကို လက်ပြန်ကြိုးတုပ်၊ မျက်လုံးအဝတ်စည်းကာ ရွာထဲ နေအိမ်များတွင် နေရာခွဲ ချုပ်နှောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“အမျိုးသမီးတွေဆီက ပစ္စည်းတွေယူတယ်။ ဖုန်းကတော့ ယူတယ်။ ပစ္စည်းတွေယူတယ်။ ပိုက်ဆံတော်တော်လေး ပါသွားတယ်။ သိန်း ၄၀ လည်း ပါတယ်။ ရွှေလည်း ပါတယ်။ နောက်ထပ်တစ်ယောက်ကလည်း ၃၅ သိန်း၊ သိန်း ၄၀ လောက် ပါသွားတယ်။ ရွာထဲမှာလည်း ဗီရိုတွေမှန်သမျှ ရိုက်ခွဲတယ်။ သေသေချာချာကို ရှာဖွေသွားတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
ဖမ်းဆီးထားသူများအနက် အမျိုးသမီးများကိုမူ စစ်ကြောင်းရွာမှ ပြန်ထွက်ချိန်တွင် လွှတ်ပေးခဲ့သည်ဟု သိရသည်။
“အမျိုးသမီးတွေကိုတော့ သတ်ဖို့မလုပ်ဘူးလို့ သိရတယ်။ အမျိုးသားတွေကို သတ်ဖို့လုပ်တာမှာ ထွက်ပြေးပြီးတော့ လွတ်လာကြသူတွေရှိတယ်။ ထွက်ပြေးလာကြသူတွေကို နောက်ကနေ လိုက်ပစ်ခံရတာတွေလည်း ရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းမှ တပ်ရေးဗိုလ် ကိုဖိုးသားက ပြောသည်။
“လက်တွေကို ဆေးလိပ်မီးတွေနဲ့ ထိုးတာမျိုးတွေလည်း ခံထားရတယ်။ လွတ်လာတဲ့သူတွေကိုလည်း သေချာကို မေးလို့ မရသေးဘူး။ နှိက်စက်ခံရတယ်၊ အော်နေကြ၊ ငိုနေကြတယ် ဒါတွေကိုပဲ ထပ်တလဲလဲ ပြောနေကြတာ”
အောက်တိုဘာ ၁၅ ရက် နံနက်တွင် ပုလဲနယ်မှတစ်ဆင့် မြောက်ယမားချောင်းကို ဖြတ်ပြီး ဝင်လာသည့် စစ်တပ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်စဉ် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
“၆၀ မမတွေနဲ့ တအားပစ်တဲ့အခါကျတော့ ကိုယ့်ဘက်က အင်အားမမျှလို့ ဆုတ်ပေးခဲ့ရတယ်။ ရဲဘော် ၃ ယောက် ထိခိုက်တယ်။ ရဲဘော်တစ်ယောက်က အသတ်ခံလိုက်ရတယ်။ ခေါင်းဖြတ်အသတ်ခံလိုက်ရတာပေါ့” ဟု ယင်းမာပင်မြို့နယ်မှ အခြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သတ်ဖြတ်ခံရသည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး၏ ဦးခေါင်းကို တိုက်ပွဲဖြစ်ရာအနီး ယမန်နေ့က တွေ့ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် သဲကုန်းကျေးရွာကို စစ်တပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုးခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှာ အဆိုးရွားဆုံးဖြစ်သည်ဟု သိရသည်။
သဲကုန်းရွာမှ ထွက်သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ရင်ပေါင်တိုင်ရွာတွင် ညအိပ်တပ်စွဲပြီးနောက် ယနေ့ (အောက်တိုဘာ ၁၇) နံနက်တွင် လာပို့ရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများထံမှ သိရသည်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသည့် အင်အား ၁၈၀ ခန့်ရှိ အထက်ပါ စစ်ကြောင်းသည် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာမြို့နယ်ဖြစ်သော ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်မြို့နယ်တို့ကို တောက်လျှောက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ဆားလင်းကြီးမြို့နယ်အတွင်း ဝင်ရောက်စဉ် အကြားအာရုံမသန်စွမ်းသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟုလည်း သိရသည်။
ပုလဲမြို့နယ်အတွင်း ရောက်ရှိစဉ် ပျူစောထီးအဖွဲ့များ အားကောင်းရာ ရွာများ၌ ရိက္ခာဖြည့်တင်း၍ ရွာစဉ်လှည့် စစ်ကြောင်းထိုးသည်ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ဆိုသည်။
“(ပုလဲ-ဂန့်ဂေါ) လမ်းမကြီးဘေးက ယူလို့ရတဲ့ဟာမှန်သမျှ အကုန်တင်ယူတယ်။ ဆန်တို့၊ ဆီတို့၊ ပိုက်ဆံ၊ ရွှေငွေ တစ်အိမ်တက်ဆင်း လိုက်မွှေတယ်။ ပန်ကာ၊ ရေစုပ်မော်တာ အကုန်ယူတယ်” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။
ထိုစစ်ကြောင်းသည် ပုလဲမြို့နယ်၊ ကံကြီးရွာဒေသခံ ၄ ဦးထက်မနည်းကို ဖမ်းဆီးပြီးနောက် တစ်ဦးကို သတ်ဖြတ်ကာ ကျန်ပြည်သူများကို ဆက်လက်ခေါ်ဆောင်သွားသည်ဟု ၎င်းက ဆိုသည်။
ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းရန်နှင့် စစ်ကြောင်းထွက်ပြီးပြီးချင်း ရွာအတွင်း အလောတကြီး ပြန်မဝင်ဘဲ ဘေးအန္တရာယ်ကင်းချိန်မှ ရွာထဲ ပြန်ဝင်ရန် ကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ပုလဲမြို့နယ်၊ ညောင်ကုန်းရွာ၌ စစ်တပ်ပြန်ထွက်သွားပြီးနောက် ရွာထဲ ဝင်ရောက်သူများ နောက်ချန်ကင်းပုန်းနှင့် တွေ့ကာ သုံးဦး ခေါင်းဖြတ်သတ်ဖြတ်ခံရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)