သတင်း

ပုလဲမြို့တွင် PDF အပါအဝင် ဒေသခံ ၃ ဦးကို စစ်ကောင်စီ ခေါင်းဖြတ်သတ်

(အသိပေးချက် – စိတ်နှလုံး ထိခိုက်စရာ ဖော်ပြချက်များ ပါဝင်သည်)

“ညောင်ကုန်းကို ဝင်တဲ့စစ်ကြောင်းက ခေါင်းတွေဖြတ်သွားတာပါ”

ရွာလယ်လမ်းဆုံတွင် ချထားသည့် သစ်သားထိုင်ခုံများပေါ် ခေါင်းပြတ်နှစ်ခုကို တင်ထားသည်ကို ရိုက်ကူးထားသည့်ရုပ်သံထဲမှ နောက်ခံစကားပြောသူ၏ အသံဖြစ်သည်။

ထို့နောက် ထိုင်ခုံများနံဘေးရှိ ဝါးထရံစည်းရိုးပေါ်တွင် ချိတ်ဆွဲထားသည့် ဦးခေါင်းပြတ်တစ်ခုကိုလည်း ထိုရုပ်သံတွင် မြင်တွေ့ရသည်။ မလှမ်းမကမ်းရှိ ဦးခေါင်းမဲ့နေသည့် အမျိုးသား ၃ ဦး၏ ခန္ဓာကိုယ်များကို ဆက်ရိုက်ပြထားသည်။

တစ်လောင်းသည် လက်များပြတ်နေပြီး လက်ပြတ်တစ်ချောင်းကို ဗိုက်ခွဲကာ ထည့်ထားသည်။ ဆိုးရွားစွာ နှိပ်စက်ပြီးမှ ခေါင်းဖြတ်သတ်လိုက်ပုံရသည်။

တစ်မိနစ်ကြာသည့် ထိုရုပ်သံက မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းရာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာ၏ ရွာလယ်လမ်းတွင် ဖြစ်ခဲ့သည့် စစ်ကောင်စီ၏ လူသတ်မှုမှတ်တမ်းကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဒေသကာကွယ်ရေးအဖွဲ့ဝင်များ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကျားသစ်နက်တပ်မတော် Black Leopard Army ဆိုသည့် Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

ခေါင်းဖြတ်၊ လက်ဖြတ် အသတ်ခံရသူများမှာ အသက် ၅၀ ဝန်းကျင်အရွယ် ညောင်ကုန်းကျေးရွာ ပကဖအဖွဲ့ဝင်၊ အသက် ၃၀ အရွယ် PDF တပ်ဖွဲ့ဝင်၊ အသက် ၂၇ နှစ်အရွယ် အရပ်သားတစ်ဦးတို့ဖြစ်သည်ဟုလည်း ဒေသခံတော်လှန်ရေးတပ်များက ပြောသည်။

စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ ရက်နေ့က ညောင်ကုန်းရွာထဲ ဝင်ကာ ထို ၃ ဦးကို သတ်ဖြတ်သွားသည်ဟု ကျားသစ်နက်တပ်မတော် (Black Leopard Army) က သတင်းထုတ်ပြန်သည်။ ခေါင်းဖြတ်ခံရသူတစ်ဦး၏ နဖူးတွင် ကျားဘီလူးစစ်ကြောင်းဟုလည်း ရေးသားသွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက ညောင်ကုန်းရွာခံ ၃ ဦးကို နှိပ်စက် ခေါင်းဖြတ်ပြီး ထိုင်ခုံများပေါ် တင်ကာ ရွာလယ်လမ်းတွင် ထားခဲ့သည်။ (ဓာတ်ပုံ – ကျားသစ်နက်တပ်မတော် Black Leopard Army)

ရုတ်တရက်ကျရောက်လာသည့် အန္တရာယ်

အိမ်ခြေ ၂၀၀ ခန့်ရှိ ညောင်ကုန်းရွာမှာ ပုလဲမြို့မှ ၃ မိုင်ခန့်သာ ကွာဝေးပြီး ဒေသခံအများစုက ပဲစင်းငုံ၊ စပါး၊ နေကြာ စိုက်ပျိုးကြသည်။ လွန်ခဲ့သည့် ဇွန်လကုန်ပိုင်းက ညောင်ကုန်းရွာကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး သုံးလခန့်အကြာ ယခုကဲ့သို့ ဖြစ်ရပ်နှင့် ထပ်မံကြုံကြိုက်ရခြင်းဖြစ်သည်။

ပုလဲနယ်အတွင်း ရွာစဉ်လှည့်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် တနယ်ရွာမှ စက်တင်ဘာ ၂၆ ရက်နေ့တွင် အရုဏ်မတက်မီက ထွက်လာပြီး နံနက် ၆ နာရီခန့်တွင် ညောင်ကုန်းရွာသို့ သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း တနယ်ရွာ​​ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်ခဲ့သေးသည်။

စစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာသဖြင့် အချိန်မီ မရှောင်နိုင်ခဲ့သည့် ဒေသခံများ ရွာအတွင်း ပိတ်မိသွားသည်။

၂၀၂၃ ဇွန်လ ၂၇ ရက်နေ့က ဗုံးကြဲခံရသော ညောင်ကုန်းကျေးရွာဘုန်းကြီးကျောင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကောင်စီက ရွာထဲတွင် နေအိမ်များကို ဝင်ရောက်စီးနင်းမွှေနှောက် လုယက်ကာ ညနေပိုင်းတွင် ညောင်ကုန်းရွာ အရှေ့ဘက် ကံကြီးရွာသို့ ထွက်ခွာသွားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ခွာသွားပြီဟု ယူဆပြီး ညောင်ကုန်းရွာနှင့် အနီးအနားကျေးရွာများမှ ပကဖ၊ ပအဖနှင့် ဒေသခံများမှာ နယ်မြေရှင်းလင်းရန် ရွာအနောက်ဖျားမှတစ်ဆင့် တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ကြသည်။

“ရွာအနောက်ဖျားကနေ ဖြည်းဖြည်းချင်း ဝင်သွားကြတာ။ ပြောရင်းပြောရင်းနဲ့ ဝင်ရင်းဝင်ရင်းနဲ့ ရှေ့နည်းနည်း တိုးကြည့်ကြမယ်ဆိုပြီးတော့ ကြည့်ကြတော့ သူတို့အနား အနီးကပ်ရောက်တဲ့အချိန်မှာ ပေ ၄၀၊ ၅၀ လောက်ရောက်မှ အနီးကပ်အပစ်ခံရတာ” ဟု ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၉ မှ တာဝန်ရှိသူတစ်ဦးက ထိုနေ့အဖြစ်အပျက်ကို ပြန်ပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရုတ်တရက်ပစ်ခတ်ခံလိုက်ရသည့် လူစုက အသက်ဘေး လွတ်ရာ‌ ပြေးကြရသည်။

စစ်ကောင်စီကင်းပုန်းများ၏ ပစ်ခတ်မှုကြောင့် ပအဖအဖွဲ့ဝင်တစ်ဦး လည်ပင်းရှပ်ထိ ကျည်ထိမှန်ဒဏ်ရာ ရခဲ့ပြီး၊ နောက်တစ်ဦးမှာ လက်မောင်းရှပ်ထိဒဏ်ရာ ရခဲ့သည်။ အများစု လွတ်မြောက်သော်လည်း PDF တစ်ဦး၊ ပအဖတစ်ဦးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရပြီး ထိုနေရာတွင် ကျန်ရစ်သည်။

ထိုသုံးဦးအနက် အနည်းဆုံး နှစ်ဦးကို အရှင်မိသွားခြင်းဖြစ်နိုင်ကြောင်း ကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။

“(ပြည်သူတစ်ယောက်) ကတော့ ဖုန်းဆက်တော့ မရသေးဘူး၊ မရသေးဘူး ဆိုပြီးတော့ ဖုန်းပြန်ချသွားတာ။ ဖုန်းပြန်ချပြီးတော့မှ နောက်ထပ်ထပ်ခေါ်တော့ မရတော့ဘူး” ဟု တပ်ရင်း ၁၉ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်အန္တရာယ်ကြောင့် တိမ်းရှောင်လာသည့် ပုလဲဒေသခံများကို စက်တင်ဘာ ၁၁ တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ပုလဲ ပအဖ)

နောက်တစ်နေ့ (စက်တင်ဘာ ၂၇) ရက် နံနက်ပိုင်း ညောင်ကုန်းရွာမှ စစ်ကြောင်းပြန်ထွက်သွားချိန် ကာကွယ်ရေးအဖွဲ့များ နယ်မြေရှင်းလင်းရေးဝင်ရောက်ချိန်တွင် ခေါင်းတခြား၊ ကိုယ်တခြား ရုပ်အလောင်း ၃ ခုကို ရွာလယ်လမ်းမထက်တွင် ပြန်တွေ့ခဲ့ရသည်။

ကျေးရွာပအဖအဖွဲ့ဝင်ကို ဦးခေါင်းဖြတ်ရုံသာမက လက်နှစ်ဖက်လုံးကို တံတောင်ဆစ်အရင်းဘက်မှ ဖြတ်တောက်ထားသည်။ ထို့နောက် ရင်ညွန့်ဆီမှ ဝမ်းဗိုက်အထိ ဟက်တက်ခွဲပြီး ဝမ်းဗိုက်ထဲသို့ လက်တစ်ဖက် ပြန်ထည့်ထားသည်။ နောက်လက်တစ်ဖက်က လမ်းတစ်ဖက်ခြမ်း ချိုင့်ခွက်ထဲတွင် ထောင်လျက်သား။

သေနတ်ပါသွားသည့် PDF အဖွဲ့ဝင်တစ်ဦး၏ ဦးခေါင်းကိုမူ ထိုနေရာအနီး ခြံစည်းရိုးတွင် ချိတ်ဆွဲထားသည်။ နဖူးထက်တွင်လည်း ဆေးအဖြူဖြင့် “ကျားဘီလူး” ဟု ရေးထိုးသွားသည်။

Myanmar Now က ကြည့်ခွင့်ရသည့် ဓာတ်ပုံများတွင် ဦးခေါင်းများနှင့် မနီးမဝေးတွင် ရုပ်အလောင်း ၃ ခု ပြန့်ကျဲနေပြီး၊ ရုပ်အလောင်းတစ်ခုအနီးတွင် ကြိုးတစ်ချောင်းနှင့် သွေးကွက်ကိုလည်း တွေ့မြင်ရသည်။

“လည်ပင်းကို ကြိုးနဲ့ ဆွဲပြီး တရွတ်တိုက်ဆွဲခေါ်သွားတဲ့သဘောရှိတယ်။ တရွတ်တိုက်ဆွဲသွားတဲ့ အရာတွေရှိတယ်” ဟု ရုပ်အလောင်းများ ကောက်ယူရန် ထိုနေရာသို့ ရောက်ရှိခဲ့သည့် ကိုနေသူရိန်က ပြောသည်။

၎င်းမှာ ပုလဲမြို့နယ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူလည်း ဖြစ်သည်။

ညောင်ကုန်းရွာဖြစ်စဉ်မှ သတ်ဖြတ်ခံရသူများ၏ ဈာပနကို ယမန်နေ့ (စက်တင်ဘာ ၂၇) ရက် နေ့လယ်ပိုင်းတွင်ပင် ပြုလုပ်ခဲ့ကြသည်။

စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ညောင်ကုန်းရွာမှ ထွက်သွားသည့် စစ်ကြောင်းမှာ ဆားလင်းကြီးမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ရက်စက်မှု၏ လက်သည်တရားခံများ

ခေါင်းတခြား၊ ကိုယ်တခြား သတ်ဖြတ်နေသည့် စစ်ကြောင်းမှာ စက်တင်ဘာလဆန်းကတည်းက ပုလဲနယ်အတွင်း ရွာစဉ်လှည့်နေသည့် စစ်ကြောင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ဆားလင်းကြီးမြို့နယ်မှ ဝင်လာသည့် အင်အား ၈၀ နီးပါးခန့် ပါဝင်သည့် ထိုစစ်ကြောင်းမှာ ပုလဲမြို့နယ်အတွင်းရှိ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်ဝတ်လက်နက်ကိုင် ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အားကောင်းရာ ကျေးရွာများသို့ ရိက္ခာပို့ဆောင်ရန် ရွာစဉ်လှည့်နေသည့် စစ်ကြောင်းဖြစ်ကြောင်း ပုလဲနယ်မှ ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ထိုစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ မှော်ဘီအခြေစိုက် အမှတ် (၇၀၃) ခြေမြန်တပ်ရင်းဖြစ်ကြောင်း မြေပြင်ကင်းထောက်အချက်အလက်များကို ကိုးကားပြီး ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီက အရပ်သားများကို စစ်သင်တန်းနှင့် လက်နက်ထောက်ပံ့ကာ ပျူစောထီးတပ်များ ဖွဲ့စည်းနေသည်။

အင်မထီး၊ ဇီးဖြူကုန်း စသည့် ပျူစောထီးအားကောင်းရာ ကျေးရွာများသို့ ရိက္ခာပို့ရန် အနီးအနားကျေးရွာများကို လွန်းထိုးပြီး စစ်ကြောင်းထိုးခဲ့သည်။ ပုလဲနယ်အတွင်း နှစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးသည့်တပ်နှင့် ထိတွေ့တိုက်ပွဲများအတွင်း ပြည်သူ့စစ် (ပျူစောထီး) တစ်ဦး သေဆုံးပြီး သေနတ်တစ်လက်၊ လှည်းတစ်စီးနှင့် ကျည်တချို့အပြင် ဒေသခံများထံမှ သိမ်းယူသွားသည့် ဆန်အိတ်တချို့ ပြန်လည်ရရှိခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တနယ်ရွာသို့ ရောက်ရှိချိန်တွင် ကာကွယ်ရေးအဖွဲ့က ပိတ်ဆို့ထားစဉ် မထင်မှတ်ထားသည့် လမ်းကြောင်းမှတစ်ဆင့် ညောင်ကုန်းရွာကို ရုတ်တရက်စီးနင်းဝင်ရောက်သွားခြင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။

“(စစ်ကြောင်းက) တိုက်ပွဲကို တတ်နိုင်သမျှ ရှောင်သွားနိုင်အောင် ကြိုးစားတယ်။ သူတို့က ပြန်ပြီး ပြောက်ကျားပြန်လုပ်သွားတာပဲ။ အဲ့ဒီခွင်ထဲကို ကျွန်တော်တို့အင်အားစုတွေ ဝင်သွားပြီးတော့ ဒီလို အသတ်ခံရတာ” ဟု ကိုနေသူရိန်က မှတ်ချက်ပြုသည်။

ထိုစစ်ကြောင်းစီးနင်းခဲ့သည့် အခြားကျေးရွာများတွင် လုယက်ခိုးယူမှုများပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးသတ်ဖြတ်ခံရမှုဖြစ်စဉ် မရှိကြောင်း ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“တခြားရွာတွေမှာတော့ အဲ့လိုမရှိဘူး။ သူက ပုလဲထဲမှာ လုပ်သွားခဲ့တာက ပြည်သူနဲ့ တွေ့ရင် ပြည်သူကို အချိုသတ်သွားတယ်။ နှိပ်စက်တာဘာညာ မလုပ်ဘူး။ အဓိကတော့ PDF ကို လုပ်ပြချင်တဲ့ ပုံစံမျိုး။ အဲ့ဒါကြောင့် အမြဲတမ်း ဒီပုံစံနဲ့ စောင့်နေတာ။ PDF ကျွံလာအောင် စောင့်နေတာ။ ပြည်သူနဲ့ တွေ့ရင် လမ်းပြလောက်ပဲ ခေါ်တာမျိုးလုပ်တယ်” ဟု ကိုနေသူရိန်က မှတ်ချက်ပြုသည်။

ပုလဲမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ်က ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ထိုကဲ့သို့ပင် ခေါင်းနှင့် ကိုယ်လက်အင်္ဂါများ ဖြတ်တောက်သတ်ဖြတ်ခံခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ခုခံပြီး တော်လှန်သူများကို စစ်တပ်က အငြိုးတကြီး ရက်ရက်စက်စက်တုံ့ပြန်သည့်နည်းလမ်းများအနက် တော်လှန်ရေးသမားများကို ဖမ်းဆီးရမိလျှင် ဦးခေါင်းနှင့် ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်းလည်း အပါအဝင်ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက မြင်းမူမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်အတွင်း စီးနင်းခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက အရပ်သား ၂၃ ဦးကို သတ်ဖြတ်ခဲ့သည့်အနက် ၇ ဦးမှာ ဦးခေါင်း၊ ခြေ၊ လက်များ အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button