စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တောင်ပိုင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကျေးရွာခေါင်းဆောင်ကို ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့သည်ဟု သိရသည်။
သတ်ဖြတ်ခံရသူမှာ တနယ်ကျေးရွာပကဖခေါင်းဆောင် အသက် ၆၀ အရွယ် ဦးဆွေသိမ်းဆိုသူဖြစ်ပြီး စစ်တပ်က စွန့်ပစ်ထားခဲ့သော ရုပ်အလောင်းကို ယမန်နေ့ (ဩဂုတ် ၃) ၌ ရွာအနောက်ဘက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဦးခေါင်းကို ရိုက်နှိပ်ထားသည့် ဒဏ်ရာများအပြင် လည်ပင်းကို လှီးဖြတ်ထားသည်ဟုလည်း သိရသည်။
“ခေါင်းတစ်ခြမ်းကတော့ နည်းနည်း အိနေပြီ။ (သေနတ်) ဒင်တွေနဲ့ ဘာတွေနဲ့ ရိုက်ထားတာနေမှာပေါ့။ အနံ့က ထွက်နေပြီဆိုတော့ ကောင်းကောင်းကြီးလည်း မစစ်ဆေးနိုင်တော့ဘူး၊ လည်ပင်းကတော့ ဓားနဲ့လှီးထားတာပဲ တွေ့တယ်။ သေနတ်ဒဏ်ရာ မတွေ့ဘူး” ဟု အလောင်းကို မြင်တွေ့ခဲ့သည့် ကျေးရွာပကဖအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပုလဲမြို့နယ် အင်မထီးကျေးရွာရှိ ပြည်သူ့စစ် (ပျူစောထီး) အထိုင်စခန်းမှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီး စုစုပေါင်းအင်အား ၈၀ ခန့်က ရွာအရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ တနယ်ကျေးရွာကို ပြီးခဲ့သည့် ဩဂုတ် ၁ နံနက် ၅ နာရီတွင် ဝင်ရောက်စီးနင်းခဲ့သည်။
စစ်သားများ ဦးတည်လာနေကြောင်း သတင်းရသဖြင့် တနယ်ကျေးရွာပကဖအဖွဲ့ဝင် ၁၂ ဦးက မိုင်းဖြင့် ပြန်လည်တိုက်ခိုက်ရန် ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ကင်းအဖွဲ့ထံ စားစရာသွားပို့သည့် ကျေးရွာပကဖခေါင်းဆောင်သည် စစ်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးကာ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ကိုဇော်ထက်က ပြောသည်။
“စစ်ကောင်စီကလည်း ကင်းအဖွဲ့ကို ဝိုင်းဖို့ရာ အနားကို ချဉ်းကပ်နေပြီ…ကလေးတွေကလည်း မသိဘူး။ စစ်သားတွေလာရင် မိုင်းကွင်းတိုးမှာဆိုပြီး တွက်ထားကြတာ။ အဲဒီအချိန်မှာ ရွာထဲကနေ စားစရာယူပြီး ထွက်လာတဲ့ ပကဖတာဝန်ခံနဲ့ တိုးပြီး ရုန်းရင်းဆန်ခတ်ဖြစ်မှ ကင်းသမားတွေက (စစ်သားတွေဝိုင်းထားမှန်း) သိသွားတာ”
ကျေးရွာပကဖခေါင်းဆောင် ဦးဆွေသိမ်းကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ ကင်းပုန်းဝပ်သည့်နေရာကို ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ကျေးရွာပကဖအဖွဲ့ဝင်များ ဆုတ်ခွာနိုင်ခဲ့ပြီး ကျန်ခဲ့သည့် ဆိုင်ကယ် ၁၂ စီး မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။
ဒေသခံများမှာမူ ကြိုတင်တိမ်းရှောင်နိုင်သဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းမရှိကြောင်း အထက်ပါ မြို့နယ်ပအဖ တာဝန်ခံက ဆိုသည်။
အဆိုပါစစ်ကြောင်းသည် တနယ်ကျေးရွာတွင် နှစ်ည တပ်စွဲခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၈ လုံးကို မီးရှို့ခဲ့ကာ ယမန်နေ့ (ဩဂုတ် ၃) ညနေတွင် ထိုရွာမှ ထွက်ခွာသွားသဖြင့် ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်ကြည့်ရှုစဉ် ဦးဆွေသိမ်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ယခင်းညနေ၌ပင် မီးသင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
တနယ်ကျေးရွာမှ ထွက်သွားသော စစ်ကောင်စီတပ်သည် ယနေ့ နံနက်တွင် ၅ မိုင်ခန့်အကွာမှ ငှက်ပျောတောရွာအတွင်း တပ်စွဲထားကြောင်း အထက်ပါသတင်းရင်းမြစ်များက ဆိုကြသည်။
အဆိုပါ အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းကြောင့် တနယ်၊ ငှက်ပျောတော၊ ညောင်ကုန်း၊ လှော်ကား၊ လုပ်သား၊ နွားကူး၊ မွေ့တုံ၊ မင်းရွာ၊ မင်းတိုင်ပင်ရွာများအပါအဝင် ရွာပေါင်း ၁၃ ရွာခန့်မှ ပြည်သူ ၂၀၀၀၀ ကျော်သည် အိုးအိမ်များ စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့နယ်ပအဖတာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း တနယ်ကျေးရွာနှင့် ၄ မိုင်ခွဲခန့်သာ ဝေးသည့် ညောင်ကုန်းရွာဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ရဟန်းတစ်ပါး အပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့သည်။
တော်လှန်ရေးအဖွဲ့များ ခုခံမှုအားကောင်းသဖြင့် ထိန်းချုပ်မှုအားနည်းလာသည့် စစ်ကိုင်းတိုင်း အပါအဝင် ချင်းနှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန်မြှင့်ရန် စစ်ကောင်စီခေါင်းဆောင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင်လဆန်းတွင် အမိန့်ပေးထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)