စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့၏စခန်းများ နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန် တိုက်ခိုက် သိမ်းပိုက်ခံနေရချိန်တွင် စစ်ကိုင်းတိုင်းအတွင်း ကာလကြာရှည် တပ်စွဲထားသည့် စခန်းတချို့ကို ရုပ်သိမ်းလိုက်သည်ဟု သိရသည်။
ယင်းမာပင်မြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတွင် တပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ရှိ တပ်ဖွဲ့နှင့် ခင်ဦးမြို့နယ်အတွင်း အင်အား ၃၀ ခန့်ရှိ စစ်တပ်စခန်း ယခုလဆန်းပိုင်းတွင် ဆုတ်ခွာသွားသည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များအဆိုအရ သိရသည်။
ချင်းတွင်းမြစ်ကမ်းဘေးရှိ စေသူသစ်ကွင်းမှ သစ်များသယ်ထုတ်ရန် ဇူလိုင်လကတည်းက တပ်စွဲထားသည့် စစ်တပ်သည် ယခုလ ၃ ရက်တွင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပြန်သွားသည်ဟု သိရသည်။
စစ်တပ်ပြန်ဆုတ်သွားခြင်းမှာ ရှမ်းမြောက်တိုက်ပွဲနှင့် ဆက်စပ်နိုင်သည်ဟု ယင်းမာပင်အခြေစိုက် ပြည်ထောင်စုကာကွယ်ရေးတပ်ဦး အမည်ရ ဒေသကာကွယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဂျော်ဒန်က ယူဆသည်။
“သစ်သယ်တာက နှစ်လကျော်ကျော်လောက် သယ်လိုက်ရတယ်။ အဲ့ဒါပြီးတော့ ပြန်ဆုတ်မယ်၊ ဆုတ်မယ်နဲ့ မဆုတ်ဘဲ မြောက်ပိုင်းပွဲတွေစပြီး သူတို့ဘက်က ထိခိုက်မှုများတော့ ပြန်ဆုတ်သွားတာ” ဟု ၎င်းက ပြောသည်။
သစ်ကွင်းတစ်ဝိုက် တပ်စွဲထားသည့် စစ်တပ်သည် ကျေးရွာများကို စီးနင်းတိုက်ခိုက်ကာ အရပ်သားများကို ဖမ်းဆီးကာ ဓားစာခံအဖြစ် အကာအကွယ်ယူ သုံးလေ့ရှိသဖြင့် ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးခဲ့ရကြောင်း၊ ဒေသကာကွယ်ရေးအဖွဲ့များက ရှစ်ကြိမ်ထက်မနည်း ချုံခိုတိုက်ခိုက်ခဲ့ဖူးကြောင်းလည်း ကိုဂျော်ဒန်က ဆိုသည်။
စစ်တပ်ထွက်သွားပြီးနောက် နယ်မြေရှင်းလင်းရေးဝင်လုပ်စဉ် ဒေသခံများပိုင် ပစ္စည်းများကို ဖျက်ဆီး ယူဆောင်သွားသည့် အထောက်အထားများလည်း တွေ့ရသည်ဟု သိရသည်။
“စက်ဘီးတွေ၊ အိမ်မှာရှိတဲ့ မီတာဘောက်တွေကို ဖျက်ဆီးထားတယ်။ ပြည်သူပိုင်ပစ္စည်းတွေ ဆိုင်ကယ်၊ ရေခဲသေတ္တာတွေလို တန်ဖိုးရှိတာတွေကို သယ်ဆောင်သွားတာလည်း ရှိတယ်။ ပြည်သူပိုင်နွားတွေကိုလည်း သတ်ဖြတ်ပြီး စားသောက်သွားတဲ့သဘောရှိတယ်” ဟု အခြားဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ယင်းမာပင်နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း ထပ်မံဝင်ရောက်လာခြင်း မရှိဟုလည်း သိရသည်။
စစ်ကိုင်းတိုင်းအလယ်ပိုင်း ခင်ဦးမြို့နယ်အတွင်း ကာလကြာရှည် တပ်စွဲထားသည့် စခန်းတစ်ခုလည်း ယခုလ ၄ ရက်နေ့က စွန့်ခွာသွားသည်။
ခင်ဦး-ရေဦးကားလမ်း၊ မန္တလေး-ရွှေဘို-မြစ်ကြီးနားရထားလမ်းနှင့် မူးချောင်းတို့ ဆုံရာနေရာ (ဒေသ အခေါ် မူးတိမ်ချောင်းတံတား) ရှိ ထိုကင်းစခန်းတွင် အင်အား ၃၀ ခန့်ရှိပြီး ခင်ဦးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများ၏ ထောက်ပို့လမ်းကြောင်းအတွက် လုံခြုံရေးယူထားသည့် နေရာဖြစ်သည်ဟု သိရသည်။
စစ်တပ်ထွက်သွားပြီးနောက် ဝင်ရောက်ကြည့်ရှုစဉ် အခိုင်အမာပြုလုပ်ထားသည့် ကတုတ်ကျင်းများ၊ ဘန်ကာများ၊ လူနေဆောင်များ တွေ့ရသည်ဟု ဒေသတွင်း လှုပ်ရှားနေသည့် KSO အမည်ရ တော်လှန်ရေးအဖွဲ့၏ တာဝန်ခံ ဗိုလ်လင်းရောင်က ပြောသည်။
ဆုတ်ခွာသွားသည့် စစ်သားများသည် တစ်မိုင်ခွဲခန့်အကွာ အင်းပတ်ရွာအနီးရှိ စခန်းသို့ သွားရောက်ကာ ထိုမှတစ်ဆင့် ရေဦးမြို့ပေါ်သို့ ကားများဖြင့် ထွက်ခွာသွားသည်ဟု သိရသည်။
ဒေသတွင်းရှိ စစ်စခန်းများ၏ ထောက်ပို့အတွက် အရေးပါသည့် ထိုစခန်းကို စွန့်ခွာသွားခြင်းမှာ ခင်ဦးမြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာ မကျီးတုံရွာရှိ ပျူစောထီး အထိုင်စခန်းကို အောက်တိုဘာ ၃၀ ရက် နံနက်က တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဗိုလ်လင်းရောင်က ပြောသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေက မကျည်းတုံလို ရွာကြီးထဲမှာ ရှိတဲ့ စစ်စခန်းကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးပြီးတဲ့အချိန်မှာ အခုလို တောထဲမှာရှိတဲ့ စစ်စခန်းကို လာတိုက်မှာပဲ ဆိုပြီးတော့ စွန့်သွားသလားလို့လည်း ယူဆရပါတယ်”
စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေး စတင်သည့် ၂၀၂၁ ခုနှစ်အတွင်းကတည်းက ခင်ဦးမြို့ပေါ်ရှိ ဌာနဆိုင်ရာအဆောက်အအုံများနှင့် ပုဂ္ဂလိကအဆောက်အအုံများ စသည့် နေရာ ၃ ခု၊ မြို့အရှေ့ဘက်ရှိ ဝန်ထမ်းအိမ်ရာအဆောက်အအုံ စသည်တို့တွင် စစ်တပ်က စခန်းထိုင်ထားသည်။
ပျူစောထီးအားကောင်းသည့် မဒေါင်းလှ၊ မကျီးတုံ၊ ပျဉ်ထောင်၊ ရွာသစ်ကုန်း စသည့် ကျေးရွာများအပြင် အင်းပတ်ကွေ့ဈေးတန်းနေရာနှင့် ယခုစွန့်ခွာသွားသည့် မူးတိမ်ချောင်းတံတားနေရာတို့တွင် စစ်တပ်က စခန်းများ အထိုင်ချထားသည်။
အထူးသဖြင့် အင်းပတ်ကွေ့ဈေးတန်းနှင့် မူးတိမ်ချောင်းစခန်းတို့သည့် မူးမြစ်တစ်ဖက်ကမ်းရှိ ရေဦးမြို့ပေါ်မှ လာမည့် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းအတွက် လုံခြုံရေးပေးထားသည့် စခန်းများဖြစ်ကြောင်း၊ အင်းပတ်ကွေ့ဈေးတန်းတွင် အင်အား ၃၀ ခန့် ဆက်လက်ရှိနေသေးကြောင်း သိရသည်။
လက်ရှိတွင် ခင်ဦးနယ်အတွင်း စစ်ကြောင်းထိုးသွားလာလှုပ်ရှားမှု မရှိကြောင်း ဒေသတွင်းရင်းမြစ်များထံမှ သိရသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ကတည်းက “၁၀၂၇ စစ်ဆင်ရေး “ အမည်ဖြင့် စစ်တပ်စခန်းကုန်းများ၊ မြို့များကို စီးနင်းတိုက်ခိုက်နေရာ ၃ မြို့ထက်မနည်းနှင့် စစ်စခန်း (အကြီး၊ အသေး) ၁၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့သည်။
တရုတ်-မြန်မာ နယ်စပ်မြို့များအပြင် မန္တလေးနှင့် ရှမ်းပြည်နယ် နယ်စပ် နောင်ချိုနှင့် ပြင်ဦးလွင်အကြား တိုက်ပွဲများဖြစ်နေရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း မြောက်ပိုင်းအဖွဲ့ဝင် တအာင်းတပ်မတော် (TNLA) အပါအဝင် အခြားမဟာမိတ်တပ်များနှင့်အတူ ပူးတွဲတိုက်ခိုက်နေသည်။
စစ်ကောင်စီကလည်း အနည်းဆုံး ၃ မြို့ လက်လွှတ်လိုက်ရကြောင်း ဝန်ခံထားပြီး ထိုနေရာများသို့ စစ်ကူ၊ လေကြောင်းပစ်ကူ၊ လက်နက်ခဲယမ်းများ ပို့ဆောင်နေသည်။
ရုတ်တရက် ပေါ်ပေါက်လာသည့် စစ်အင်အားလိုအပ်ချက်ကြောင့် တပ်အပြောင်းအရွှေ့လုပ်မည်ဟု သိရကြောင်း စစ်တန်းလျားကို ကျောခိုင်းခဲ့သည့် စစ်တပ်အရာရှိတစ်ဦးက ပြောသည်။
“စစ်ကိုင်းထဲက ဆိုရင် မော်လိုက်အခြေပြု စခက ၁၀ တပ်မတစ်ခုလုံးကို ဟိုကို ရွှေ့မှာ၊ ရက်ပိုင်းပဲ၊ ဒီလထဲမှာပဲ။ ရှမ်းမြောက်ကို မရွှေ့ရင် ဆုံးရှုံးမှုတွေ ဖြစ်လာတော့မှာ။… အဲ့တော့ စစ်ကိုင်းထဲက အင်အားတွေနုတ်မယ်၊ နေပြည်တော်ဘက်က အင်အားတွေကိုနုတ်မယ်။ ဒါကလည်း တိကျတဲ့သတင်း ရထားတာပါ” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“သူတို့ကာကွယ်ဖို့ လိုလာတာက တပ်ရင်းဌာနချုပ်တွေ ဖြစ်လာတယ်။ … ဒါကြောင့် မြို့ပေါ်တွေမှာ တိုးချထားတဲ့စခန်းတွေကို ထပ်ဖြုတ်ဦးမှာပါ။ ထပ်ပြောချင်တာက စစ်တပ်က သူတို့ကိုယ်သူ့တို့ပဲ ကာကွယ်ရတော့မှာ။ တိုက်စစ်အတွက်ကို ဂရုမစိုက်နိုင်တော့ဘူး”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)