လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့ကို စစ်ကောင်စီလေတပ်က သုံးရက်ဆက် သွားရောက် တိုက်ခိုက်ခဲ့သည်။
စက်တင်ဘာ ၉ မှ ၁၁ အတွင်း လေတပ်က ဒေသခံကာကွယ်ရေးအဖွဲ့များ၏ စခန်းဟောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ ပုလဲမြို့နယ်တွင်မူ တိုက်ပွဲဖြစ်သည့်နေရာကိုပါ ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောကြသည်။
ပုလဲမြို့ဘက်မှ လာသည့် စစ်သား ၈၀ ခန့်ကို ယမန်နေ့ (စက်တင်ဘာ ၁၁) နေ့လယ်တွင် ဗိုလ်နဂါး ဦးဆောင်သည့် ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များက မြို့တောင်ဘက် ၄ မိုင်အကွာ နွယ်ရှောက်နှင့် ကျွန်းဘိုကုန်းရွာတို့အကြား နာရီဝက်ခန့် ဝင်ရောက်တိုက်ခိုက်ပြီး ပြန်ဆုတ်ခွာစဉ် စစ်တပ်ရဟတ်ယာဉ်ကို ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။
အဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း BNRA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက်ကို နေ့ခင်း ၁ နာရီခွဲလောက်မှာ တိုက်ခိုက်ရေး MI35 က လာပစ်တာ” ဟု သူက ဆိုသည်။
နာရီဝက်နီးပါးတိုက်ပွဲအတွင်း စစ်သား ၆ ဦး သေဆုံးသလို ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိနိုင်ကြောင်း BNRA က ယနေ့ ထုတ်ပြန်ထားသည်၊ ထိုကိန်းဂဏန်းများကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကလည်း ဒေသအခြေအနေကို ယမန်နေ့က ထုတ်ပြန်ထားရာ ရဟတ်ယာဉ်က မိနစ် ၂၀ ကြာ ပစ်ခတ်စဉ် ကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်သူ မရှိကြောင်း၊ ပုလဲမြို့ဘက်မှ လာသည့် စစ်ကြောင်းကြောင့် ကျေးရွာ ၁၂ ရွာမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်က အနီးရှိ နွယ်လျှောက်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲခဲ့ပြီး ယနေ့ နံနက်တွင် ရွာအနီးဝန်းကျင်သို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း သိရသည်။
စခန်းဟောင်း တိုက်ခိုက်မှု
စက်တင်ဘာ ၉ ရက်နေ့က ပုလဲမြို့နယ်တောင်ပိုင်း ပုံတောင်ပုံညာတောင်ခြေရှိ PDF များ တပ်စွဲခဲ့သည့် စခန်းဟောင်းနေရာတစ်ခုကို ရဟတ်ယာဉ် သွားရောက် တိုက်ခိုက်ခဲ့သည်ဟု PDF ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အရင်ကတော့ အဲဒီနားမှာ စခန်းဟောင်းရှိတယ်ပေါ့။ ကျွန်တော်တို့ PDF တွေ မြေပြင်မဆင်းခင်တုန်းတော့ အခြေပြုလှုပ်ရှားခဲ့တဲ့နေရာပေါ့။ အခုတော့ ဘယ်သူမှ မရှိတော့ဘူးဗျ၊ သတင်းအမှားပေးတာဖြစ်မယ်” ဟု သူက ဆိုသည်။
နောက်တစ်နေ့တွင် ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပဘုရားသို့ သွားရာလမ်းပေါ်ရှိ မြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ကပိုင်ရွာအနီး PDF စခန်းဟောင်းတစ်ခုကို လေတပ်က တိုက်ခိုက်ရာ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“လေယာဉ်က ကျွန်တော်တို့ဘက်ကို ရောက်တာ ၄ ရက်လောက် ရှိပြီ။ တစ်ရက်မှ မနားသေးဘူး…. လေကြောင်းကတော့ ဘာသတင်းတွေ ရထားလို့လဲ မသိဘူး။ ကပိုင်က မြေပြင်တိုက်ပွဲအခြေအနေ မရှိဘူး။ အရင် တပ်ရင်းထိုင်ထားတဲ့ နေရာဟောင်းတစ်ခုကို ပစ်သွားတာ” ဟု အဆိုပါဒေသမှ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဒေသတွင်း တိုက်ပွဲများကို ဆက်တိုက်မတွေ့ရသော်လည်း ယင်းမာပင်နှင့် ပုလဲနယ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းလှုပ်ရှားမှုများကို နေ့စဉ် မြင်တွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသဖြင့် မြေပြင်အင်အား လုံလောက်မှုမရှိသည့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လေ့ရှိသည်။
ထို့ပြင် ကာကွယ်ရေးအဖွဲ့ဝင်များ တပ်စွဲသည်ဟု ယူဆရနေရာများကို လေကြောင်းမှ တိုက်ခိုက်လေ့ရှိသည့်အပြင် ကျေးရွာများကို ပစ်မှတ်ထား ဗုံးကြဲလေ့ရှိသည်။ ဇွန်လ ၇ရက်နေ့ကလည်း ပုလဲမြို့နယ်တောင်ပိုင်းရှိ ညောင်ကုန်းကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အမျိုးသမီးသုံးဦးအပါအဝင် အရပ်သား ၁၀ ဦး သေဆုံးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)