စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းတစ်ခု ယနေ့ (ဩဂုတ် ၇) နံနက်တွင် ပိတ်ဆို့တိုက်ခိုက်ခံရစဉ် စစ်လေယာဉ်တစ်စီး သွားရောက် ကူညီပစ်ခတ်ခဲ့သည်ဟု သိရသည်။
အင်အား ၈၀ ဝန်းကျင်ပါသည့် စစ်ကြောင်း ပုလဲတွင် စီးနင်းနေသည်မှာ ရက်သတ္တပတ် တစ်ပတ်ခန့် ရှိနေပြီဖြစ်ကြောင်း၊ မြို့အနောက်ဘက် ၅ မိုင်အကွာ ကျီးနင်းကျေးရွာအနီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်မြောက်ဘက် ဇီးဖြုကုန်းကျေးရွာတွင် ရှိသော ပြည်သူ့စစ် ခေါ် ပျူစောထီးအထိုင်စခန်းမှ ထွက်လာသော ထိုစစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ပြီး မိနစ် ၄၀ ခန့်အကြာတွင် လေယာဉ်တစ်စီး ရောက်လာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ယင်းမာပင်ခရိုင် အမှတ် (၁၈) တပ်ရင်းမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့က လက်ဦးမှုယူပြီး ရှေ့ကနေ ကြိုတိုက်ကြတာပေါ့။ သူတို့ ထိခိုက်တော့ လေကြောင်းပစ်ကူပေးတဲ့သဘောပဲ။ အကုန်လုံးကတော့ ဝရုန်းသုန်းကား ပြန်ဆုတ်ရတာပေါ့။ တိုက်ပွဲဖြစ်တဲ့နေရာတွေ (လေယာဉ်က) အကုန်ပစ်တာ” ဟု သူက ဆိုသည်။
စစ်လေယာဉ်သည် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များရှိနေသည်ဟု ယူဆရသည့် တိုက်ပွဲဖြစ်ရာအနီးမှ တောအုပ်ဘက်ကို မိနစ် ၄၀ ခန့် ပစ်ခတ်ခဲ့သည်ဟု ပုလဲမြို့နယ် ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဗုံးကြဲတာတော့ မဟုတ်ဘူး၊ လေယာဉ်နဲ့ စက်သေနတ်တွေနဲ့ ဆက်တိုက် ပစ်သွားတာ၊ တိုက်ပွဲဖြစ်တဲ့နေရာ ပတ်ပတ်လည် ….တော်လှန်ရေးအဖွဲ့တွေ ရှိမယ်ထင်တဲ့ နေရာတွေကို ပတ်ပစ်တာပဲ”
လေကြောင်းပစ်ကူကြောင့် ကာကွယ်ရေးအဖွဲ့များ ပြန်ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေ မသိရသေးပေ။
စစ်ကောင်စီတပ်စစ်ကြောင်းက ချုံခိုတိုက်ခိုက်ခံရသည့် နေရာအနီးရှိ ကျီးနင်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည်ဟု ဒေသခံများက ပြောကြသည်။
ပြည်သူများကို စစ်တပ်ရန်မှ လွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့ရကြောင်း ပုလဲမြို့နယ်ပအဖတာဝန်ခံ ကိုဇော်ထက်က ပြောသည်။
“လေကြောင်းပစ်ကူခေါ်တယ်ဆိုတော့ သူတို့ ကျဆုံးမှုမရှိတောင်မှ ထိခိုက်မှုရှိနိုင်တယ်လို့ ယူဆရတယ်။ ရှေ့လည်း ဆက်တိုးမရတဲ့အနေအထားမို့ လမ်းကြောင်းဖွင့်ဖို့ ခေါ်တာလည်း ဖြစ်နိုင်တယ်။ သူတို့လည်း ထိခိုက်နိုင်တယ်၊ သူတို့ထိခိုက်ရင် နီးစပ်ရာကျေးရွာတွေ ပြည်သူတွေသတ်တာ လုပ်ရိုးလုပ်စဉ်ပဲ။ ပတ်ပတ်လည် ရွာတွေကို ရှောင်နိုင်ဖို့ စီစဉ်နေပေးနေတယ်” ဟု မြို့နယ်ပအဖ တာဝန်ခံက ဆိုသည်။
လက်ရှိတွင် မြို့နယ်အနောက်ခြမ်းရှိ ငှက်ပျောတော၊ ခေါ်သန္တီ၊ ညောင်ပင်သာ၊ ဆင်ရှင်၊ ကြောင်သန်း၊ ကျေးနင်း၊ သေတ္တရာ စသည့် ကျေးရွာ ၇ ရွာမှ ဒေသခံ ၃၀၀၀ ခန့် အိုးအိမ်စွန့်ကာ ထွက်ပြေး တိမ်းရှောင်နေရသည်။
အဆိုပါစစ်ကြောင်းက ဩဂုတ် ၁ တွင် ပုလဲမြို့နယ်တောင်ပိုင်းရှိ တနယ်ရွာကို နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းပြီး ကျေးရွာအဆင့်ပကဖတာဝန်ခံကို လည်လှီးသတ်ခဲ့သည်။
ထို့ပြင် ဇွန်လအတွင်းကလည်း တနယ်ကျေးရွာနှင့် ၄ မိုင်ခွဲခန့်သာ ဝေးသည့် ညောင်ကုန်းရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် သံဃာတော်တစ်ပါး အပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့သည်။
တော်လှန်ရေးအဖွဲ့များ ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်း အပါအဝင် ချင်းနှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်ရန် စစ်ကောင်စီခေါင်းဆောင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင်လဆန်းတွင် အမိန့်ပေးထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)