သတင်း

ယင်းမာပင်တွင် ရဲများ ချုံခိုတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရဲများကို ယမန်နေ့ (အောက်တိုဘာ ၃) တွင် ချုံခိုတိုက်ခိုက်ရာ သေနတ် ၃ လက် ရရှိခဲ့ကြောင်း ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ပြောသည်။

နံနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် ချင်းတွင်းမြစ်ကမ်းဘေးရှိ ဘာသာရေးနှင့် သက်ဆိုင်သည့်နေရာတစ်ခုသို့ ဦးတည်လာနေသည့် ယူနီဖောင်းဝတ် ရဲ ၅ ဦးကို အနီးကပ် ပစ်ခတ်ခဲ့သည်ဟု မုံရွာ-ယာကြီး-ကလေးဝ လမ်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော “ချိုမိုင်မိုင်” အမည်ရှိအဖွဲ့က ပြောသည်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားသည့် ဒုတပ်ကြပ် ၁ ဦး၊ တပ်ကြပ် ၂ ဦးတို့ ကိုင်ဆောင်သည့် G3 အမျိုးအစား သေနတ် ၂ လက်၊ အူဇီအမျိုးအစားသေနတ် ၁ လက်ကို သိမ်းခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ခြေလျင်ထွက်တာ ၃ ယောက်၊ ဆိုင်ကယ်နဲ့က ၂ ယောက်၊ စုစုပေါင်း ၅ ယောက် ထွက်လာတာ။ ၃ ယောက်ကတော့ ပွဲချင်းပြီး သေတယ်။ ၂ ယောက်ကတော့ ဆေးရုံပေါ် ရောက်တယ်။ ခြေလျင်သမား ၃ ယောက်ကတော့ သေတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ပေ ၂၀ ကျော် အကွာအဝေးခန့်မှ ပစ်ခတ်ရာတွင် တိုက်ပွဲ ၇ မိနစ်ခန့် ကြာအောင် ဖြစ်ခဲ့သည်ဟု သူက ဆိုသည်။

ရဲ ၃ ဦး သေဆုံးသည်ဆိုသော အချက်နှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း ထိုကဲ့သို့သေဆုံးမှုများကို သတင်းထုတ်လေ့မရှိပေ။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရွှေတောင်ဦးကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၄ ချက်ခန့် ပစ်ခတ်ခဲ့ပြီး လမ်းသွားလမ်းလာများကို စစ်ဆေးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

လက်နက်ကြီးကျည်များ မည်သည့်နေရာသို့ ကျရောက်ပေါက်ကွဲသည်ကို မသိရသေးပေ။

ယခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဒေသခံ ၁၄ ဦး အသတ်ခံခဲ့ရသည့် စုန်းချောင်းကျေးရွာမှ ၂ ဖာလုံအကွာ၌ ရှိသော ရွှေတောင်ဦးဘုရားအနီး ကုန်းပေါ်တွင် စစ်တပ်က တပ်စွဲထားခြင်းဖြစ်ပြီး ထိုနေရာတွင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားသည့် စစ်တပ် စစ်မှုထမ်းဟောင်းအများစု နေထိုင်သည်။

မုံရွာမြို့နှင့် မျက်နှာချင်းဆိုင် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ယင်းမာပင်မြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့သည့်မြို့နယ်တစ်ခုဖြစ်ပြီး ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက နယ်မြေအများစုကို စိုးမိုးထားကြသည်။

လက်နက်လူသူအင်အား သာလွန်သည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့များက အမဲလိုက် တူမီးသေနတ်နှင့် စတင်ခုခံခဲ့ကြပြီး တော်လှန်ရေးကာလ နှစ်နှစ်ကျော် ကြာမြင့်လာချိန်တွင် သေနတ်တချို့ တပ်ဆင်နိုင်သော်လည်း အရေအတွက်အားဖြင့် နည်းပါးနေဆဲဖြစ်ကာ ကျည်ဆန်အခက်အခဲကြောင့် ချုံခိုတိုက်ခိုက်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းတို့ကိုသာ အားပြုနေရဆဲဖြစ်သည်။

ပြီးခဲ့သည့်လပိုင်းက ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ဘေး စေသူသစ်ကွင်းမှ သစ်ခိုးထုတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးအဖွဲ့များက ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button