၂၀၂၃ ဇူလိုင် ၂၁ ။ နံနက် ၁ နာရီခန့်အချိန်။
ထိုညက မိုးသည်းထန်စွာ ရွာသွန်းနေသည်။ သန်းခေါင်ယံ မိုးသည်းထဲတွင် ရောက်လာတော့မည့် ကံကြမ္မာဆိုးကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းပေါ်ရှိ စုန်းချောင်းရွာသားများ သတိမပြုမိကြသေးဘဲ အေးချမ်းစွာ အိပ်စက်အနားယူနေကြသည်။
ရွာအရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာ ရွှေတောင်ဦးဘုရားအနီး စစ်မှုထမ်းဟောင်းရွာတစ်ခုတွင် လွန်ခဲ့သော နှစ်နှစ်ကျော် အာဏာသိမ်းပြီးကတည်းက တပ်စွဲထားသည့် စစ်ကောင်စီတပ်က အချိန်မရွေး အန္တရာယ်ပြုနိုင်သည့်အခြေအနေကို ရာသီဥတု၏ ဖြားယောင်းမှုကြောင့် စုန်းချောင်းရွာခံများ တဒင်္ဂ မေ့လျာ့သွားပုံရသည်။
၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းပြီး ၂ လအကြာ၊ ၂၀၂၁ ဧပြီလဆန်းကတည်းက စစ်ကောင်စီကို ရရာလက်နက်ဖြင့် ပထမဆုံး ခုခံတော်လှန်ခဲ့သည့်၊ တော်လှန်ရေးလှုပ်ရှားမှုများ ယနေ့တိုင် ခိုင်မာ အားကောင်းနေဆဲဖြစ်သည့် ၎င်းတို့မြို့နယ်အတွင်း စစ်ကောင်စီ၏ ရက်စက်သော စစ်ဆင်ရေးများ ရှိခဲ့၊ ဖြစ်ခဲ့သည်ကို ယင်းမာပင်နယ်မှ စုန်းချောင်းရွာခံများ သိနှင့်ပြီးဖြစ်သည်။
သို့သော် ကြမ္မာငင်သော ထိုည၏ မိုးရေစက်များကြားတွင် မုံရွာမြို့၏ မြစ်တစ်ဖက်ကမ်း ယင်းမာပင်မြို့၏ အရှေ့မြောက်ဘက်မှ အိမ်ခြေ ၁၄၀၀၊ လူဦးရေ ၇၀၀၀ နီးပါး နေထိုင်သည့် စုန်းချောင်းရွာ၏ ရွာမြောက်ပိုင်းသို့ လူတစ်စု ရောက်လာခဲ့သည်ကို သတိမမူမိခဲ့ကြ။
ရွာသို့ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ထိုလူစုက အိပ်နေသူများ၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကာ အိမ်ရှင်များကို လိုက်နှိုးနေသည်။ ထိုသို့ အိပ်ရာထရန် စေခိုင်းခံရခြင်းသည် မကြာမီအချိန်အတွင်း စုန်းချောင်းရွာသား ၁၄ ဦး ရက်စက်စွာ သတ်ဖြတ်ခံရမည့် ရှေ့ပြေးနိမိတ်ဖြစ်သည်ကို မည်သူကမျှ မရိပ်စားမိခဲ့ကြပေ။
“ဟေ့လူထ၊ ဟေ့လူထ ဆိုပြီးတော့ လှမ်းနှိုးတယ်။ (ရွာထဲကို) စစ်သားတွေ ဝင်လာလို့ မနိုးလို့ တစ်ယောက်ယောက်က လာနှိုးတယ်လို့ ထင်တာပေါ့” ဟု စုန်းချောင်းမြောက်ပိုင်းရွာသားက ဆိုသည်။
“… ထလို့ ပြောတာ မကြားဘူးလား။ ပစ်လိုက်ရမလားဆိုတော့မှ ဒါ စစ်သားတွေပဲ ဆိုပြီး သိသွားတော့တာ” ဟု သူက ဆက်ပြောသည်။
ရွာမြောက်ပိုင်းသို့ ရောက်လာသည့် စစ်သားများက ရွာခံများဖြစ်သည့် ကိုမျိုးမြင့်ဦးကို နာမည်တပ် ရှာဖွေပြီး သူနှင့်အတူ ညီဖြစ်သူ ကိုမျိုးမြင့်ဆွေကိုလည်း လက်ပြန်ကြိုးတုပ်လိုက်သည်။ ကလေးလူကြီးမကျန် ရှိသမျှအိမ်သားများကို ဝမ်းလျားမှောက် ခေါင်းငုံ့ခိုင်းကာ တစ်အိမ်လုံး စိတ်ကြိုက် မွှေနှောက်တော့သည်။ တယ်လီဖုန်းများအပါအဝင် အဖိုးတန်သည်များကို သိမ်းယူသည်။ ချက်ပြုတ်ထားသည့် ထမင်းဟင်းများကို စားသောက်ပစ်လိုက်ကြသည်။
ရွာမြောက်ပိုင်းကို စစ်ကောင်စီတပ်တို့ ဝင်ရောက်လာသည့် တစ်ချိန်တည်းတွင် ရွာတောင်ပိုင်းတွင်လည်း ခွေးဟောင်သံများ ဆူညံနေသည်။
“(ခွေးဟောင်သံတွေ ကြားတော့) ဘာလဲဆိုပြီး ကစမ်းကဝါးနဲ့ ထလိုက်တာ။ အဲ့ဒီအချိန်မှာ ဘာဖြစ်တာတုန်း၊ ဘာဖြစ်တာတုန်း ဆိုပြီးတော့ လူသံကြားတော့ လက်နှိပ်မီးနဲ့ ဝိုင်းထိုးကြတာ။ ရင်ဝကို သေနတ်နဲ့ ချိန်ထားတာ” ဟု စုန်းချောင်းတောင်ပိုင်းသားတစ်ဦးက သူ၏ အတွေ့အကြုံကို ပြန်ပြောပြသည်။
ရွာတောင်ပိုင်းရောက် စစ်ကောင်စီတပ်များက ကိုကျော်ဦးနှင့် ကိုရန်နိုင်စိုး ဆိုသည့် ရွာသားနှစ်ဦးကို အမည်တပ် ရှာဖွေပြီး လက်ပြန်ကြိုးတုပ်လိုက်သည်။ ထို့နောက် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးရေကြောင့် ဗွက်ထနေသည့် တံစက်မြိတ်အောက်တွင် ဝမ်းလျားမှောက်ခိုင်းပြီး မေးခွန်းများ တရစပ် မေးမြန်းတော့သည်။ စိတ်ကြိုက်ရိုက်နှက်ကြပြီး လက်နက်များ ဖွက်ထားသည့်နေရာကို ၅ မိနစ်အတွင်း ပြရမည်ဟုလည်း စေခိုင်းသည်။
“(ကြိုးတုပ်ပြီး ရိုက်ခံရတဲ့သူတွေက) ကျွန်တော်တို့မှာ လက်နက်တွေ ဘာလက်နက်မှ မရှိပါဘူးတဲ့။ ဘယ်နေရာမှ မလုပ်ပါဘူး။ ဘယ်မှ မပါပါဘူးဆိုတော့ ခင်ဗျားမလိမ်နဲ့တဲ့။ ကျွန်တော်တို့က စာရင်းနဲ့ လာတာတဲ့” ဟု စုန်းချောင်းရွာ ကမ္ဘာပျက်သည့် ထိုညက အဖြစ်အပျက်ကို မြင်တွေ့ခဲ့သည့် ရွာတောင်ပိုင်းတွင် နေထိုင်သူက ပြန်ပြောပြသည်။
ရိုက်နှက်စစ်ဆေးနေရင်း ရွာသားများကို ခြောက်လှန့်ရန် စစ်ကောင်စီ တပ်သားတစ်ယောက်က သေနတ်ပစ်ဖောက်လိုက်သည်။ “ဒိုင်း” ခနဲ မြည်သည့် သေနတ်သံကို တိတ်ဆိတ်နေသည့် ရွာ၏ အခြားနေရာများကလည်း ပီပီပြင်ပြင် ကြားကြရသည်။
သေနတ်သံ ကြားပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခံနေရသည့် ကိုကျော်ဦး၏ လက်ကိုင်ဖုန်းက ထမည်သည်။ ဖုန်းဆက်လာသူက တစ်ရွာတည်းနေ ဦးဌေးဇော် ဆိုသူဖြစ်သည်။ ကိုကျော်ဦးကို ရိုက်နှက်နှိက်စက်နေသည်ကို စစ်ကောင်စီတပ်သားတို့က ခဏနားပြီး ဖုန်းခေါ်ဆိုသူ၏ အိမ်သို့ ချီတက်ပြန်သည်။
များမကြာမီ ကိုကျော်ဦးကို ဖုန်းခေါ်ဆိုသူ ဦးဌေးဇော်၊ အခြားရွာသားများဖြစ်ကြသည့် ကိုနိုင်မင်းနှင့် ကိုကျော်ဇင်ထွန်းတို့ကို စစ်ကောင်စီတပ်သားများက ကိုကျော်ဦးအိမ်သို့ ဖမ်းဆီးခေါ်ဆောင်လာကြသည်။
စုန်းချောင်းရွာထဲ စစ်ကောင်စီတပ်တို့ ဝင်လာပြီး ၁ နာရီခန့်အတွင်း ရွာမြောက်ပိုင်းက ကိုမျိုးမြင့်ဦးနှင့် ကိုမျိုးမြင့်ဆွေတို့ ညီအကို၊ ရွာတောင်ပိုင်းက ကိုကျော်ဦးအိမ်တွင် ကိုကျော်ဦးအပါအဝင် ၅ ယောက်၊ စုစုပေါင်း ၇ ယောက်တိတိကို ဖမ်းဆီးနှိပ်စက်နေခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျေးရွာပြည်သူ့ကာကွယ်ရေး (ပကဖ) ခေါင်းဆောင်များ ပါဝင်သည်ဟု စစ်တပ်က ယုံကြည်ပြီး နှိပ်စက်ညှဉ်းပန်းခဲ့ခြင်းဖြစ်သည်။
အစောင့်စစ်သားတချို့က ဖမ်းဆီးခံထားရသူများကို နှိပ်စက်ရိုက်နှက်နေချိန်တွင် အခြားစစ်သားတို့က ဖမ်းဆီးထားသူများ၏ မိသားစုဝင်များကိုလည်း နေအိမ်တစ်လုံးထဲတွင် စုပြုံထည့်ထားပြီး အိမ်ကို မြေလှန်ရှာကြသည်။
စစ်သားများက ဖမ်းဆီးခံထားရသူများထံမှ နားကပ်၊ လက်စွပ်မှအစ ရွှေတိုရွှေစများကို ချွတ်ယူခဲ့ကြပြီး လုယူခံရသည့် မိသားစု နှစ်စုပေါင်း ဖုန်း ၁၀ လုံး၊ နားကပ်၊ လက်စွပ်အပါအဝင် ရွှေ ၅ ကျပ်သားနီးပါးနှင့် ငွေကျပ် ၁၃၅ သိန်းခန့် ပါသွားသည်ဟု ယင်းအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသည့် စုန်းချောင်းရွာသားက ဆက်ပြောသည်။ အဆိုပါဆုံးရှုံးမှုသည် မီးဖိုချောင်ထဲ ဝင်ကာ စစ်ကောင်စီတပ်သားတို့ မွှေနှောက်စားသောက်သွားသည့် ခေါက်ဆွဲခြောက်နှင့် ကော်ဖီမစ်များ၏ တန်ဖိုးများ မပါသေး။
၂၀၂၃ ဇူလိုင် ၂၁ ။ နံနက် ၂ နာရီခန့်အချိန်။
ရွာတောင်ပိုင်းတွင် ရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေသည့် အသံများကို ကြားသည့် ကျေးရွာလုံခြုံရေးကင်းသမားများထဲမှ တစ်ယောက်က ရွာထဲတွင် တစ်ခုခုဖြစ်နေပြီဟု ရိပ်စားမိလိုက်ပြီး အခြေအနေကို ထောက်လှမ်းရန်အတွက် လူငယ် ၁၀ ဦး စုပေါင်းထားသည့် ရွာ၏ အခြားတစ်နေရာမှ ကင်းသမားများကို ဖုန်းဆက် အကူအညီတောင်းလိုက်သည်။
ကင်းသမား ၁၀ ဦးထဲမှ ၈ ဦးက ၂ ဖွဲ့ခွဲပြီး အခြေအနေသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ရွာတောင်ပိုင်းသို့ မသွားခင် ရွာမြောက်ပိုင်းမှ ကျေးရွာကာကွယ်ရေးခေါင်းဆောင် ကိုမျိုးမြင့်ဦး၏ အိမ်သို့ သတင်းဝင်ပို့ကြရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။
ဦးတည်ရာ မြောက်ပိုင်းခေါင်းဆောင်အိမ်သို့ မရောက်မီ လမ်းတစ်ဝက်တွင် လက်နက်ကြီးအသံတစ်ချက် ထွက်လာပြီး မီးခိုးလုံးများအောက်တွင် ရှေ့က သွားသည့် ကင်းသမား ၄ ယောက် လဲကျသွားခဲ့သည်။ ထို့နောက် သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
နောက်က လိုက်လာသည့် ကင်းသမားများလက်ထဲတွင် ခါးချိုးသေနတ်ဟု အလွယ်တကူခေါ်သည့် လက်နက်ငယ် ၂ လက်သာ ပါလာခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်နိုင်ခြင်းမရှိဘဲ ဘေးလွတ်အောင် ပြေးခဲ့ရကြောင်း လွတ်မြောက်လာသည့် ကင်းသမားက ပြောသည်။
လဲကျသွားသူ ၄ ဦးကို စစ်ကောင်စီတပ်သားများက အသက်ရှင်လျက် ဖမ်းမိသွားသည်။ ၃ ဦးကိုမူ သတ်ဖြတ်ပစ်လိုက်ပြီး ရုပ်အလောင်းများကို ရွာထဲတွင်ပင် စီတန်း စွန့်ပစ်ခဲ့သည်။
သတ်ဖြတ်ခံလိုက်ရသူများမှာ ကိုစိုင်းသူစံ၊ ကိုနေမင်းထွန်း၊ ကိုပြည့်ဖြိုးထွန်းတို့ ဖြစ်ကြပြီး ၎င်းတို့အားလုံးသည် အသက် ၁၈ နှစ်ပင် မပြည့်ကြသေးဟု ထွက်ပြေးလွတ်မြောက်လာသည့် ကင်းသမားက ပြောသည်။ အသက်မသေခင် မျက်နှာကို ဓားဖြင့် မွှန်းခြင်း၊ ဦးခေါင်းကို ရိုက်နှက်ခြင်းနှင့် ဝမ်းဗိုက်ကို ဓားဖြင့် ထိုးခြင်း အစရှိသဖြင့် နှိပ်စက်ခံခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။
ကင်းသမား ၄ ယောက်ထဲမှ နောက်ဆုံးကျန်သည့် လူငယ်ကို စစ်ကောင်စီတပ်သားများက ပထမဆုံး ဝင်စီးသည့် ရွာမြောက်ပိုင်းမှ နေအိမ်သို့ ခေါ်သွားပြီး နှိပ်စက်ညှဉ်းပန်းပြန်သည်။
၂၀၂၃ ဇူလိုင် ၂၁ ။ နံနက် ၄ နာရီခွဲခန့်အချိန်။
ရွာမြောက်ပိုင်းမှ ဖမ်းဆီးထားသည့် ရွာခံ ၃ ဦးကို ရွာတောင်ပိုင်းတွင် ဖမ်းဆီးထားသူများကို ချုပ်နှောင်ထားသည့် ကိုကျော်ဦး၏ နေအိမ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာအရောက်တွင် ရွာအနောက်ပိုင်းက နောက်ထပ် ရွာသား ၄ ဦးကိုလည်း ထပ်မံဖမ်းဆီးထားပြန်သည်။
ရွာနောက်ပိုင်းမှ ဖမ်းဆီးခံရသူများသည် ရွာမြောက်ပိုင်းနှင့် တောင်ပိုင်းတို့ကို ဝင်စီးချိန်နှင့် တစ်ချိန်တည်း ဖမ်းဆီးခံရသည်ဟု ရွာခံများက ယူဆကြသည်။ သို့သော် ရွာ၏ အနောက်ပိုင်းမှ အဖြစ်အပျက်ကို မျက်မြင်တွေ့ရှိသူများနှင့် Myanmar Now က စကားပြောခွင့်မရခဲ့သောကြောင့် အခြေအနေအတိအကျ မသိရပေ။
နောက်ထပ် နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီက စုန်းချောင်းမြောက်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် နေထိုင်ကြသည့် ရွာခံ စုစုပေါင်း ၁၂ ဦးတို့ကို လက်ပြန်ကြိုးတုပ် ခေါ်ဆောင်ကာ ရွာထဲမှ ပြန်လည်ဆုတ်ခွာသွားသည်။ အိမ်ထဲ ထည့်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရွာသူရွာသားများသည် စစ်ကောင်စီရန်ကြောင့် ချက်ချင်းမထွက်ရဲကြဘဲ အတန်ကြာမှ ကိုယ့်အိမ်ကိုယ် ပြန်ကြရသည်။
ဖမ်းဆီးသွားသူများကို စစ်ကောင်စီက ၎င်းတို့တပ်စွဲထားရာ ရွှေတောင်ဦးကုန်းဆီ ခေါ်ဆောင်သွားသည်ဟု ရွာခံများက ယူဆခဲ့ကြသည်။ ရွှေတောင်ဦးကုန်းဆိုသည်က စုန်းချောင်းရွာနှင့် ၂ ဖာလုံခန့်သာ ဝေးပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သည့် စစ်မှုထမ်းဟောင်းများကို ပေးထားသည့် နေရာဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်တပ်က ရွှေတောင်ဦးကုန်းတွင် တပ်စွဲထားသည်။
နေ့အလင်းရောင်လည်း ကောင်းကောင်းရချိန်၊ ရွာထဲမှ စစ်တပ်လည်း ထွက်သွားချိန်တွင် ရွာသားများလည်း ထွက်လာကြပြီး ဘယ်သူဘယ်ဝါ ပါသွားသည်ကို စုံစမ်းကြသည်။ ထိုအချိန်မှ ညက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံလိုက်ရသည့် ကင်းသမား ၃ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
သတ်ဖြတ်ခံလိုက်ရသူများ၏ မိသားစုဝင်များ ပူဆွေးနေကြသလို စစ်ကောင်စီထံ ပါသွားသည့် ရွာခံ ၁၂ ယောက်အတွက်လည်း မိသားစုဝင်များ စိတ်ပူနေခဲ့ကြသည်။
“ဘုရားတနေရတာပေါ့” ဟု ဖမ်းဆီးခံ ရွာခံတစ်ဦး၏ မိသားစုဝင်က ပြောသည်။
ကင်းသမား ၃ ဦးကို မီးသင်္ဂြိုဟ်ရန် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှ စုန်းချောင်းရွာ သတင်းတစ်ခု တက်လာသည်။ သတင်းထဲတွင် “စုန်းချောင်းရွာမှ PDF ၆ လောင်း” ဟု ရေးသားထားသည်။ သေနတ် ၁၁ လက် အပါအဝင် မိုင်းများ သိမ်းဆည်းရမိကြောင်းလည်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်အကောင့်များက ဖော်ပြကြသည်။
သတင်းနှင့်အတူ တွဲပါလာသည့် ဓာတ်ပုံများကို ကြည့်ရင်း ရွာအနီး ဖြစ်နိုင်ခြေရှိသည့် နေရာများကို လိုက်လံရှာဖွေရာ ရွာအပြင်ဘက်တွင် နှစ်လောင်းတစ်တွဲ၊ သုံးလောင်းတစ်တွဲဖြင့် ရုပ်အလောင်း ၁၁ လောင်းအထိ ကောက်ယူခဲ့ရသည်။
စစ်တပ်ဖမ်းသွားသည့် ၁၂ ယောက်ထဲမှ ၁ ယောက်သာ ထွက်ပြေးနိုင်ခဲ့ပြီး ၁၁ ယောက် သတ်ဖြတ်ခံလိုက်ရသည်။ ၆ နာရီနီးပါး ကြာသည့် စစ်တပ်၏ စုန်းချောင်းရွာကို ဒုက္ခပေးသည့် ဇာတ်လမ်းတွင် ရွာခံ ၁၄ ဦး သတ်ဖြတ်ခံခဲ့ရသည်။ သေဆုံးသူများထဲတွင် ကျေးရွာပြည်သူ့ကာကွယ်ရေး (ပကဖ) နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် (ပအဖ) ၇ ဦး ပါဝင်ပြီး ကျန် ၇ ဦးသည် အရပ်သားများဖြစ်သည်ဟု ရွာခံများက ဆိုသည်။
သေဆုံးသူများထဲမှ ရွာမြောက်ပိုင်းက ကိုမျိုးမြင့်ဦး၊ ရွာတောင်ပိုင်းက ကိုရန်နိုင်စိုးတို့သည် ကျေးရွာပြည်သူ့ကာကွယ်ရေး (ပကဖ) ခေါင်းဆောင်များဖြစ်ကြောင်း ရွာခံများက အတည်ပြုသည်။ သေဆုံးသူ ၁၄ ဦးအနက် ကိုမျိုးမြင့်ဦးနှင့် ကိုရန်နိုင်စိုးတို့မှအပ ပကဖ / ပအဖ မည်မျှပါသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
စုန်းချောင်းသတ်ဖြတ်မှုသည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အစောဆုံး စတင်ရာ ဒေသဖြစ်သည့် တော်လှန်ရေးအားကောင်းရာ ယင်းမာပင်မြို့နယ်အတွင်း အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုဖြစ်သည်။
စစ်တပ်က အာဏာသိမ်းအပြီး နှစ်နှစ်ကျော်ကာလအတွင်း လူ ၅ ယောက်ထက် ပိုပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၆၄ ကြိမ်ရှိပြီး အရပ်သား ၇၆၆ ဦး သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက မတ်လတွင် ထုတ်ပြန်ထားသည်။ ထိုစာရင်းအရ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ၏ ထက်ဝက်ကျော်သည် စစ်ကိုင်းတိုင်းအတွင်းဖြစ်သည်။
Myanmar Now က ကြည့်ခွင့်ရသည့် စုန်းချောင်းဒေသခံတို့၏ ရုပ်အလောင်းများတွင် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များ တွေ့ခဲ့ရသည်။ ဓာတ်ပုံများတွင် အချို့က ဦးခေါင်းပွင့်ထွက်ဒဏ်ရာများ၊ လည်ပင်းနှင့် ရင်ညွန့်တို့တွင် စကေဘာ ထိုးသွင်းဒဏ်ရာများ၊ ခြေ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ဓားနှင့် မွှန်းခံထားရသည့် ဒဏ်ရာဒဏ်ချက်များ၊ ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် မီးလောင်ဒဏ်ရာကဲ့သို့ အရေပြားလန်နေသည့် ဒဏ်ရာများ တွေ့ရသည်။
ရွာထဲတွင် ဖမ်းဆီးထားစဉ် ရိုက်နှက်စစ်ဆေးမေးမြန်းမှုများရှိသော်လည်း ရုပ်အလောင်းများတွင် တွေ့ရသည့် ဒဏ်ရာဒဏ်ချက်အများစုမှာ ရွာမှ အထွက် လမ်းတစ်လျှောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း မိသားစုဝင်များက သုံးသပ်သည်။
စုန်းချောင်းကို စစ်ကောင်စီ၏ ရက်စက်မှုက ထိုမျှနှင့် မရပ်။ ရုပ်အလောင်းများ ကောက်ယူနေချိန် ရွှေတောင်ဦးကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် နေ့လည်ခင်းမှ ကောက်ယူပြီးစီးကာ အားလုံးကို စုပေါင်းသင်္ဂြိုဟ်ခဲ့ရသည်။
စစ်ကောင်စီက စုန်းချောင်းရွာသည် PDF အမာခံရွာဟု စွပ်စွဲသော်လည်း ကျေးရွာဘက်က ငြင်းဆိုသည်။ နယ်မြေအနေအထားအရ စစ်တပ်စခန်းချရာ နေရာနှင့် မိနစ်ပိုင်း သွားလာရုံမျှဖြင့် ရောက်ရှိနိုင်သည့် စုန်းချောင်းရွာတွင် စစ်ကောင်စီဘက်က ဝါဒဖြန့် စွပ်စွဲသကဲ့သို့ ကာကွယ်ရေးအဖွဲ့များ စခန်းချ တပ်စွဲထားခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။
“ရွာမှာတော့ စခန်းမရှိဘူး။ ကျေးရွာလုံခြုံရေးအဖွဲ့ပဲ ရှိတယ်။ စခန်းအခိုင်အမာချပြီး လုပ်ဆောင်နေတာတော့ မရှိဘူး” ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်းတွင် စစ်ကောင်စီကို မလိုလားကြောင်း ဆန္ဒပြပွဲများ ကျေးရွာအတွင်း တောက်လျှောက် ကျင်းပခဲ့သည်များ ရှိသည်။
မုံရွာ-ယာကြီး-ကလေးဝလမ်းမှ ၂ မိုင်ခန့်သာ ကွာဝေးသည့် စုန်းချောင်းသည် စစ်ကောင်စီ၏ လာအိုသံအမတ်ဖြစ်နေသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦး၏ မွေးရပ်မြေဖြစ်ပြီး ရွာခံအများစုသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ နေကြာ၊ ကွမ်း စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ရွာထဲသို့ စစ်ကောင်စီစစ်ကြောင်း ၃ ကြိမ် ဝင်လာသည်ဟု ရွာခံများက ပြောသည်။ စစ်တပ်ဝင်လာချိန်တွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ပြီး ရက်ပိုင်းအတွင်း ရွာကို ပြန်ကပ်နိုင်ခဲ့ကြသည်။ ယခု လေးကြိမ်မြောက် ဝင်ရောက်စီးနင်းမှုမှာ“ အကွက်ကျကျ စီစဉ်ကာ စီးနင်းသတ်ဖြတ်သွားခြင်း” ဖြစ်ကြောင်း စုန်းချောင်းရွာခံများက သုံးသပ်သည်။
စုန်းချောင်းရွာကို စစ်တပ်စီးနင်းမှုတွင် နေအိမ်အတိအကျဖြင့် အကွက်ကျကျ စီးနင်းဝင်ရောက်နိုင်ခြင်းမှာ ဒလန်သတင်းပေးကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံအများစုက သုံးသပ်သည်။ စစ်ကောင်စီက ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် စစ်ကိုင်းတွင် ယင်းကဲ့သို့ ကျေးရွာများကို အလစ်အငိုက် ဝင်ရောက်စီးနင်းသည့် ဗျူဟာကို ယခုနှစ်လယ်ပိုင်းမှ စတင်ပြီး အသုံးပြုလာသည်။
စစ်ကောင်စီ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုများနောက်ပိုင်း စုန်းချောင်းဒေသခံများမှာ တစ်ပတ်နီးပါးကြာသည့်တိုင် ရွာထဲ မပြန်ရဲကြသေး။ စားနပ်ရိက္ခာအချို့ ပြန်လည်ယူဆောင်သူနှင့် အိမ်မွေးတိရစ္ဆာန်များကို ကျွေးမွေးရန် ခဏပြန်ဝင်သူအချို့မှအပ အများစုမှာ ဘေးလွတ်ရာနေရာများတွင် ရှောင်တိမ်းနေရဆဲဖြစ်သည်။
စစ်ကောင်စီတပ် နောက်တစ်ကျော့ဝင်လာမည်ကို စိုးရိမ်ထိတ်လန့်ပြီး နေရပ်မပြန်နိုင်သေးသဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ အများစုအတွက် ရက်လည်ဆွမ်းသွတ်ပင် မလုပ်နိုင်သေးဟု မိသားစုဝင်များက ဆိုသည်။
“အားလုံးက လိပ်ပြာစင်နေရတာလေ။ သူတို့ ဘယ်အချိန်များ ဝင်လာမလဲ၊ ဘယ်အချိန်များ ထပ်လာနေဦးမလဲဆိုပြီးတော့ ခုချိန်ထိ ရက်လည်တို့၊ ဆွမ်းသွတ်တို့ မလုပ်ရသေးပါဘူး။ မသွားရဲသေးလို့” ဟု ရွာတောင်ပိုင်းမှ ဖမ်းဆီးသတ်ဖြတ်ခံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။
ရွာမြောက်ပိုင်းတွင် ဖမ်းဆီးခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရသည့် ညီအကို ၂ ဦး၏ ဖခင်ကတော့ သူ၏ သားများအတွက် ဂုဏ်ယူကြောင်း ဖွင့်ဟသည်။ သားနှစ်ယောက်အနက်မှ ကိုမျိုးမြင့်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူဖြစ်ပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းချိန်တွင်လည်း ရှေ့တန်းက ပါခဲ့သူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“သူတို့သမိုင်း သူတို့ ကောင်းအောင် ရေးသွားတယ်” ဟု သူက ပြောသည်။
စစ်ကောင်စီကို ရသည့်နည်းဖြင့် ပုန်ကန်နေကြသူများထဲတွင် တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အကျွမ်းတဝင်မရှိသော ဗမာအများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းလည်း ပါသည်။ လက်လုပ်လက်နက်များကို အားပြုတော်လှန်နေကြသည့် စစ်ကိုင်းတိုင်းရှိ ဒေသများကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် တုံ့ပြန်နေရာ စုန်းချောင်းရွာကဲ့သို့ ဖြစ်စဉ်များ မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။
အာဏာသိမ်းစ ၂၀၂၁ ဇူလိုင်လမှစကာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကောင်စီက ဒေသခံများကို အစုအပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ စစ်ကိုင်းတိုင်းက စစ်အာဏာရှင်တော်လှန်ရေးမှာ ထိုသို့ ရက်စက်ပြရုံဖြင့် ရပ်တန့်မသွားဘဲ ပိုမိုအားကောင်းလာခဲ့ကာ ခုခံသူတို့က မိုင်းဆွဲ၊ ပြောက်ကျားတိုက်ခိုက်၊ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို စီးနင်းမှုတို့ပင် ဖြစ်ပေါ်ခဲ့သည်။
ထိုအခြေအနေတွင် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များ ခုခံရန် မစွမ်းသာသည့် လေကြောင်းမှ တိုက်ခိုက်နေရာ ကလေးငယ်များအပါအဝင် အရပ်သူအရပ်သားအများအပြား သေဆုံးရသည့် ဖြစ်စဉ်များပင် ရှိလာသည်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်တပ်က လေကြောင်းမှ ပစ်ခတ်၍ ၆ လသား ကလေးငယ်အပါအဝင် စုစုပေါင်း ၁၆၀ ကျော် သေဆုံးရသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။
နိုင်ငံအလယ်ပိုင်းမှ တော်လှန်ရေးအားကောင်းသော ကျေးရွာများကို မီးရှို့မှု၊ ရွာစဉ်လှည့် သတ်ဖြတ်မှုတို့ကိုလည်း စစ်ကောင်စီက ဆက်လုပ်နေဆဲဖြစ်သည်။ စစ်ကောင်စီ၏ ထိုသို့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ပေါ်ပေါက်လာလျှင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စာထုတ်ရှုတ်ချ၊ နိုင်ငံတကာသို့ တိုင်တန်းလေ့ရှိသည်။
ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးမှုများ ရပ်တန့်နိုင်ရန် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်နေသည့် စစ်တပ်ကို နိုင်ငံတကာက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်နေပြီဟု စုန်းချောင်းရွာဖြစ်စဉ်အတွင်း သား ၂ ယောက် ဆုံးရှုံးခဲ့ရသည့် ဖခင်က မျှော်လင့်နေသည်။
“ခုံပေါ်ကနေ စာတမ်းတွေ မဆွဲနေကြပါနဲ့။ အစီအစဉ်တွေ မလုပ်ဘဲနဲ့ လက်တွေ့လေးတော့ လုပ်ပေးပါ”။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)