
ယခုလဆန်းပိုင်းက ကျင်းပခဲ့သော စစ်ကိုင်းဖိုရမ်ကို တက်ရောက်ခဲ့သည့်အတွက် ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတာဝန်ခံတစ်ဦးကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်မှ ရပ်ဆိုင်းလိုက်သည်။
စစ်ကိုင်းဖိုရမ်သည် ဆွေးနွေးတိုင်ပင်သော စကားဝိုင်းတစ်ခု၏ အမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ သပိတ်အင်အားစုများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများနှင့် တော်လှန်ရေးတပ်များ ပါဝင်ကြသည်။
စစ်ကိုင်းဖိုရမ်ကို ၂၀၂၃ မေလကုန်ပိုင်းက ပထမအကြိမ် ကျင်းပခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဒုတိယအကြိမ် ကျင်းပခဲ့သည်။
ပထမအကြိမ်ကျင်းပစဉ်က ဆွေးနွေးခဲ့သော နိုင်ငံရေးရည်မှန်းချက်တစ်ခုဖြစ်သည့် တိုင်းအတွင်း နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများ စုပေါင်းထားသည့် အစုအဖွဲ့တစ်ခု ပေါ်ပေါက်ရေးကိစ္စကို အကောင်အထည်ဖော်ရန် ယခုလဖိုရမ်တွင်လည်း ဆွေးနွေးခဲ့ကြသည်။
ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် စစ်ကိုင်းဖက်ရယ်ကောင်စီ (ရှေ့ပြေး) ဖွဲ့စည်းနိုင်ရေး မူဘောင်များ၊ အကြံပြုချက်များကို ဆွေးနွေးအတည်ပြုခဲ့ကြသည်ဟု စစ်ကိုင်းဖိုရမ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။
ဒုတိယအကြိမ်ဖိုရမ်သို့ တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစု ၁၆၄ ဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းပြင်ပ မိတ်ဖက်တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ် ၄၅ ဦး တက်ရောက်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တချို့လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။
အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တော်လှန်ရေးအင်အားစု ၂၇ ဖွဲ့ကလည်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။
ဒုတိယအကြိမ်ဖိုရမ်ကို NUG လက်အောက်ခံ ယင်းမာပင်မြို့နယ်ပကဖ ဒုတိယတာဝန်ခံ ကိုဝဏ္ဏလည်း ပါဝင် တက်ရောက်ခဲ့သည်။
ထိုသို့ တက်ခဲ့သည့်အတွက် ကိုဝဏ္ဏကို ဇန်နဝါရီ ၅ ရက်နေ့တွင် တာဝန်မှရပ်စဲကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့်အတွက် စုံစမ်းစစ်ဆေးနေစဉ် ကာလအတွင်း ယာယီရပ်ဆိုင်းလိုက်ကြောင်း ယင်းမာပင်ခရိုင်ပကဖ၏ စာထဲတွင် ဖော်ပြထားသော်လည်း အသေးစိတ်အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။
တာဝန်မှ ရပ်ဆိုင်းခံရသူ ကိုဝဏ္ဏက ၎င်းအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ပတ်သက်ပြီး အပြစ်လုပ်ထားခြင်းမရှိဟု ဆိုသည်။
“ဒီဖိုရမ်တက်တဲ့ကိစ္စတစ်ခုပဲ ရှိတယ်ဆိုတော့ ဒါပဲဖြစ်မှာပေါ့။ စာထဲမှာ စစ်ဆေးမယ်လို့ ပါပေမဲ့ လောလောဆယ်အထိတော့ ဆက်သွယ်တာ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။
ကိုဝဏ္ဏသည် ယခင်က ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူတစ်ဦးဖြစ်သည်။
ထို့ပြင် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများမှတစ်ဆင့် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ပြီးနောက် ယင်းမာပင်မြို့နယ်ပကဖ ဒုတိယတာဝန်ခံ ဖြစ်လာသည်။
ပြင်ပအဖွဲ့အစည်းများ၏ အစည်းအဝေး၊ လှုပ်ရှားမှုများကို ခွင့်ပြုချက်ရမှသာ တက်ရောက်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာ၏ ယမန်နှစ် ညွှန်ကြားချက်ကြောင့် ဇန်နဝါရီ ၃ တွင် ခွင့်တောင်းခဲ့သည်ဟု ကိုဝဏ္ဏက ရှင်းပြသည်။
“ဒီဖိုရမ်ကို တက်ရောက်ခွင့်ပြုပါဆိုပြီးတော့ ကျွန်တော် ခရိုင်ပကဖရုံးကို စာတင်ခဲ့တယ်။ သူတို့ဘက်ကနေ တက်ပါ၊ မတက်နဲ့ ဘာမှ ပြန်ပြောတာ မရှိခဲ့တော့ ဖိုရမ်ကို ကျွန်တော်တက်ခဲ့တယ်။ ဖိုရမ်ပြီးတဲ့နေ့မှာပါပဲ၊ ယာယီရပ်ဆိုင်းတဲ့စာ ရောက်လာတာ” ဟု ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းမှာ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အမည်ဖြင့် နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့စည်း၍ လုပ်ဆောင်နေသည်၊ စစ်ကိုင်းဖိုရမ်မှာလည်း ဒေသတွင်းအင်အားစုများ စုပေါင်းဆွေးနွေးနိုင်ရန် ပေါ်ပေါက်လာသည်ဖြစ်၍ ထိုအစုအဖွဲ့တို့၏ လုပ်ရှားမှုများကို လေ့လာလိုသဖြင့် ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
စုံစမ်းစစ်ဆေးလာလျှင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဝဏ္ဏက ပြောသည်။
“ကျွန်တော်က အာဏာသိမ်းတုန်းကလည်း CDM လုပ်လို့ အထုတ်ခံရတယ်။ အခုလည်း တော်လှန်ရေးကို ရိုးရိုးသားသားနဲ့ လုပ်ရင်းနဲ့ အထုတ်ခံရမယ်ဆိုရင်တော့ သိပ်ပြီးတော့ မကောင်းဘူးပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာနထံ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိသေးပေ။
ပြီးခဲ့သည့်နှစ် ဇွန်လ ၁၀ရက်နေ့ကလည်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM) တာဝန်ခံဖြစ်သူ ကိုနွေဦးသည်လည်း စစ်ကိုင်းဖိုရမ်တွင် ပါဝင်ခဲ့သဖြင် တာဝန်မှ ရပ်စဲခံရဖူးသည်။