အတွေးအမြင်

အပယ်ခံစစ်ခေါင်းဆောင်၏ ဟန်ပြရုရှားခရီးစဉ်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားသို့ တစ်ပတ်ကြာ သွားရောက်ပြီးနောက် လွန်ခဲ့သည့်စနေနေ့က နေပြည်တော်ပြန်ရောက်ပြီဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဒုတိယမြောက် ရုရှားခရီးစဉ်အဖြစ် ယခုလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူပြီးနောက် ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော်အကြီးအကဲအဖြစ် ခန့်အပ်ထားသူ မင်းအောင်လှိုင်အနေဖြင့် ရုရှားမှလွဲ၍ အခြားမည်သည့်နိုင်ငံမှ သွားလာခွင့် မရသေးပေ။ အာဏာသိမ်းစစ်တပ်ကို ထောက်ခံသည်ဆိုသော အိမ်နီးချင်း တရုတ်သည်ပင်လျှင် မင်းအောင်လှိုင်ကို သူတို့နိုင်ငံ ဖိတ်ခေါ်ခြင်း မရှိပေ။

မင်းအောင်လှိုင်၏ ဆိုင်းမဆင့်ဗုံမဆင့် ရုရှားခရီးမှာ အကြောင်းမည်မည်ရရ မရှိဘဲ ဟန်ပြသက်သက်သာ ဖြစ်သည်။ ဘုရားစိန်ဖူးတော်တင်ပွဲ အကြောင်းပြ ယတြာချေခြင်းလည်း ဖြစ်နိုင်သလို နိုင်ငံအနှံ့က လက်နက်ကိုင်တိုက်ပွဲများကြောင့် လက်နက်ဝယ်ရေး ဟန်ရေးပြခြင်းလည်း ဖြစ်နိုင်သည်။

နိုင်ငံရေး၊ စီးပွားရေးအရ ထွက်ပေါက်ပိတ်နေချိန်တွင် အကြံကုန်ဂဠုန်ဆားချက်သည့်အနေဖြင့် ရုရှားကို ကောက်ကာငင်ကာ ထသွားခြင်းလည်းဖြစ်သည်။

ခိုးကြောင်ခိုးဝှက်ခရီးစဉ်

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်တွင် နာမည်ကြီးဘုန်းကြီးအချို့ အပါအဝင် အနီးကပ်ဗိုလ်ချုပ်အချို့နှင့် ကတော်များလည်း လိုက်ပါသွားသည်ကို တွေ့ရသည်။ ခရီးစဉ်နှင့် ပတ်သက်၍ ရောက်ပြီးနှစ်ရက်ကျော်ကြာမှ စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အကြောင်း ကြိုတင်ကြားသိရသော်လည်း ရုရှားနိုင်ငံပိုင်သတင်းဌာနအချို့က ရေးသားမှသာ အတည်ပြုနိုင်ခြင်းဖြစ်သည်။ 

ခရီးစဉ်အတွင်း ကမ္ဘောဇကုမ္ပဏီအုပ်စုပိုင်ရှင် ဦးအောင်ကိုဝင်း ကမကထပြုလှူဒါန်းထားသည့် ရွှေစည်းခုံပုံတူစေတီကို စိန်ဖူးတော်တင်လှူပွဲ ပြုလုပ်သည်။ နာမည်ကြီး သီတဂူဆရာတော် ဦးဉာဏိဿရနှင့် အရှင်ဆေကိန္ဒိတို့ အနီးကပ်ဦးဆောင်သည်ကို တွေ့ရသည်။

သီတဂူဆရာတော်နှင့် အာဏာသိမ်းခေါင်းဆောင်ကို ခေါင်းလောင်းထိုးနေသည့် ရုရှားဒုကာကွယ်ရေးဝန်ကြီးနှင့်အတူ တွေ့ရစဉ်။

ထိုစိန်ဖူးတော်တင်ပွဲတွင် မင်းအောင်လှိုင်၏သားဖြစ်သူ စီးပွားရေးသမား အောင်ပြည့်စုံလည်း ရှေ့ဆုံးတန်းမှ တက်ရောက်သည်ကို တွေ့ရသည်။ ဘုရားထီးအထက်တွင် အောင်ပွဲအထိမ်းအမှတ်အနေဖြင့် မင်းအောင်လှိုင်နှင့်အတူ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဆရာတော်နှစ်ပါးနှင့် အနီးကပ်ဗိုလ်ချုပ်အချို့ လက်သီးလက်မောင်းတန်း အော်ဟစ်နေသည့်ဓာတ်ပုံလည်း တွေ့ရသည်။

စေတီအနီးရှိ ခေါင်းလောင်းကြီးကို “အောင်” ဟု အမည်ပေးထားသည်။ အောင်ခေါင်းလောင်းတော်ဟူ၍ ဖြစ်သည်။ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်က ဗေဒင်ယတြာများ အကြီးအကျယ်စီစဉ်နေကြောင်း Myanmar Now က သတင်းရေးသားဖော်ပြပြီးဖြစ်သည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်သာရှိသေးသော်လည်း မင်းအောင်လှိုင်မိသားစု ဘုရားထီးတင်ပွဲသုံးခု အကြီးအကျယ်ပြုလုပ်ပြီးဖြစ်သည်။

နေပြည်တော်၌လည်း ကျောက်ဆင်းတုဘုရားတစ်ခု အကြီးအကျယ်တည်ဆောက်နေသည်မှာ အာဏာမသိမ်းမီကတည်းကဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူဆင်းတု ဖြစ်လာမည်ဟု မင်းအောင်လှိုင်က ကြွေးကြော်ထားသည်။

မန္တလေးမြောက်ဘက် မတ္တရာမြို့ စကျင်တောင်မှ ဧရာမကျောက်တုံးကြီးများကို စက်ယန္တရားကြီးများဖြင့် သယ်ဆောင်ခြင်း၊ စတင်ထုဆစ်ခြင်း စသည့်အခမ်းအနားများတွင် မင်းအောင်လှိုင်နှင့်အတူ သီတဂူဆရာတော်တက်ရောက်ခဲ့သည်မှာ တစ်ကြိမ်မကပေ။

အခမ်းအနားတစ်ခုတွင် မင်းအောင်လှိုင်နှင့် သီတဂူဆရာတော် တက်ရောက်လာစဉ် ရှေးခေတ် နန်းဝတ်နန်းစားနှင့် မောက်တိုမောက်ရှည်ဝတ်ဆတ်ထားသူများ ခြံရံလိုက်ပါစေသည်။

သမ္မတပူနှင့် တွေ့ခွင့်မရ 

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း သမ္မတပူတင်နှင့် တွေ့ဆုံခွင့်မရခဲ့ပေ။ ပြီးခဲ့သည့်နှစ်ဇွန်လအတွင်းက သွားရောက်စဉ်ကလည်း အလားတူပင်ဖြစ်သည်။ စစ်ခေါင်းဆောင်အနေဖြင့် ရုရှားနိုင်ငံသို့ ရှစ်ကြိမ်ထက်မနည်း သွားရောက်ပြီးဖြစ်သော်လည်း သမ္မတပူတင်နှင့် တစ်ကြိမ်မျှ တွေ့ခွင့်မရခဲ့ပေ။

ရုရှားဘက်မှ အဆင့်မြင့်ဆုံးပုဂ္ဂိုလ်အဖြစ် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံသည်မှာ ဒုကာကွယ်ရေးဝန်ကြီး အလတ်ဇန်းဒါးဖိုမင်ဖြစ်သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးပေါင်း ၁၀ ဦးကျော် ရှိသည့်အနက် နေပြည်တော်ကို မကြာခဏလာရောက်ဖူးသူ ဖိုမင်မှာ မင်းအောင်လှိုင်ကို ပင်တိုင်လက်ခံတွေ့ဆုံသူဖြစ်သည်။ 

ယခုတစ်ခေါက် ခရီးစဉ်တွင် ထူးထူးခြားခြား မင်းအောင်လှိုင် သွားရောက်တွေ့ဆုံခဲ့သည်မှာ ရုရှားအာကာသအေဂျင်စီဖြစ်သည်။ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေကြောင့် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ဖယ်ကြဉ်ခံထားရခြင်းနှင့်အတူ ရှေ့ခရီးမရေမရာဖြစ်နေသည့် ရုရှားအာကာသအေဂျင်စီကို မြန်မာစစ်ခေါင်းဆောင်က တခုတ်တရသွားတွေ့ခြင်းမှာ သူ့ခရီးစဉ် အရောင်တင်ခြင်းသာဖြစ်နိုင်သည်။

အဘက်ဘက်မှ နိမ့်ကျနေသာ မြန်မာနိုင်ငံအတွက် အာကာသခရီးဆိုသည်မှာ နည်းပညာအရရော စီးပွားရေးအရရော မဖြစ်နိုင်သလောက် အလှမ်းကွာဝေးနေသည်။ မည်မည်ရရ အကြောင်းပြစရာမရှိသော ခရီးစဉ်အတွက် ရုရှားနိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုကို အပြသဘောသွားတွေ့ခြင်းသာ ဖြစ်နိုင်သည်။

ကံဆိုးသည်မှာ မြန်မာစစ်ခေါင်းဆောင်ကို လက်ခံတွေ့ဆုံခဲ့သည့် ရုရှားအာကာသအေဂျင်စီမှ ညွှန်ကြားရေးမှူးချုပ်၏ ဖြစ်ရပ်ဖြစ်သည်။ မင်းအောင်လှိုင် နေပြည်တော်ပြန်မရောက်ခင် ထိုအေဂျင်စီအကြီးအကဲကို ရုရှားသမ္မတက အလုပ်ဖြုတ်လိုက်သည်။ တိုက်ဆိုင်မှုဖြစ်နိုင်သော်လည်း အာဏာသိမ်းခေါင်းဆောင်ခရီးစဉ်အတွက် အမှတ်ရစရာဖြစ်သည်။

လက်တွေ့မဖြစ်နိုင်သော ကိစ္စများဆွေးနွေး 

ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်းတာဝန်ရှိသူနှင့်လည်း မင်းအောင်လှိုင် တွေ့ဆုံခဲ့သည်။ နျူကလီးယားနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ရေးထိုးကြောင်းလည်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ 

ရုတ်တရက်ကြည့်မည်ဆိုပါက စစ်ကောင်စီက ရုရှားနှင့် နျူကလီးယားကိစ္စ သဘောတူလက်မှတ်ရေးထိုးခြင်းမှာ အထင်ကြီးစရာဖြစ်သည်။ အမှန်တကယ်တွင်မူ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရေးဖြစ်ဖြစ်၊  တစ်နည်းနည်းဖြင့် နျူကလီးယားနည်းပညာ အသုံးပြုရေးဖြစ်ဖြစ် အလှမ်းဝေးနေဆဲကိစ္စရပ်ဖြစ်သည်။ 

မင်းအောင်လှိုင်မတိုင်မီ ယခင်အစိုးရနှစ်ဆက်တွင်လည်း ထိုရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း ROSATOM နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင် နျူကလီးယားသုတေသနဓာတ်ပေါင်းဖို တည်ဆောက်ရေးအထိပင် ဆွေးနွေးပြီးဖြစ်သည်။ လက်တွေ့ဖြစ်မြောက်လာခြင်းကား မရှိပေ။

အဓိကအကြောင်းအနေဖြင့် မြန်မာနိုင်ငံတွင် ကျွမ်းကျင်နျူကလီးယားပညာရှင် တစ်ဦးတစ်ယောက်မျှ မရှိသေးခြင်းပင်။ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုရေး လိုအပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ထိန်းကွပ်နိုင်မည့် အဖွဲ့အစည်းများလည်း မရှိသေးပေ။

ROSATOM က မြန်မာအပါအဝင် အရှေ့တောင်ရှနိုင်ငံအားလုံးလိုလိုနှင့် အလားတူသဘောတူညီချက်မျိုး လက်မှတ်ရေးထိုးထားသည်မှာ နှစ်အတန်ကြာရှိပြီဖြစ်သည်။ နျူကလီးယားနှင့် ပတ်သက်၍ ရှေ့တန်းအရောက်ဆုံး နှစ်နိုင်ငံဖြစ်သော ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ပင် လုံးလုံးလျားလျား အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။ 

အင်ဒိုနီးရှားက ROSATOM နှင့် ပူးပေါင်း၍ နျူကလီးယားသုတေသနဓာတ်ပေါင်းဖို တည်ဆောက်ရန်ရှိပြီး၊ ရှေ့ပြေးအဖြစ်ဆုံး ဗီယက်နမ်ကမူ ရုရှားနှင့် ပူးပေါင်းတည်ဆောက်မည့် နျူကလီးယားဓာတ်ပေါင်းဖိုကိစ္စကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ 

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ROSATOM တည်ဆောက်ပေးထားသည့် နျူကလီးယားဓာတ်ပေါင်းဖို လာမည့်နှစ်တွင် လည်ပတ်တော့မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် နျူကလီးယားစွမ်းအင်အသုံးပြုနိုင်ရေး ၁၉၆၀ ပြည့်နှစ်ကျော်ကတည်းက ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။ နှစ်အတန်ကြာ အဆင့်ဆင့်ဆောင်ရွက်ပြီးမှ ပထမဆုံးဓာတ်ပေါင်းဖိုကို လက်တွေ့တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မင်းအောင်လှိုင်က ရုရှားအဖွဲ့အစည်းတချို့နှင့် တွေ့ဆုံပြီး အာကာသနည်းပညာ၊ နျူကလီးယားနည်းပညာအကြောင်း ပြောသည်မှာ လက်တွေ့မကျသည့်အပြင် မယောင်ရာဆီလူးသည့်နှယ်သာ ဖြစ်သည်။

နိုင်ငံတွင်း၌ လျှပ်စစ်မီး ပျက်လွန်းမကပျက်နေသည့်ပြင် အဘက်ဘက်မှ နိမ့်ကျနေချိန် မင်းအောင်လှိုင်အနေဖြင့် လူအထင်ကြီးစေရန် ထိုအဖွဲ့အစည်းများကို မရမက သွားရောက်တွေ့ဆုံခြင်းဖြစ်နိုင်သည်။ 

နိုင်တော်အကြီးအကဲဖြစ်ကြောင်း ပြသချင်သည့်ရောဂါ 

ယခင့်ယခင်ခရီးစဉ်များနည်းတူ ယခုတစ်ကြိမ်တွင်လည်း အာဏာသိမ်းခေါင်းဆောင်က မည်သည့် နိုင်ငံရေးခေါင်းဆောင်နှင့်မျှ တွေ့ခွင့်မရခဲ့ပေ။

ခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင်၊ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်တို့ကို တွေ့ရစဉ်။

ရုရှား၏ လက်အောက်ခံဒေသတစ်ခုဖြစ်သော တာတာစတန်သို့ မင်းအောင်လှိုင်သွားရောက်ခဲ့သည်။ အာဏာသိမ်းပြီးနောက် ပထမအကြိမ် သွားရောက်စဉ်ကလည်း ထိုဒေသကို ရောက်ရှိပြီးဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း တာတာစတန်ဒေသအကြီးအကဲ နေပြည်တော်သို့ လာရောက်လည်ပတ်ရာတွင် မင်းအောင်လှိုင်က နိုင်ငံ့ခေါင်းဆောင်တစ်ဦးအပြင်အဆင်ဖြင့် ဧည့်ခံခဲ့သည်။

တာတာစတန်ဒေသမှာ ရုရှားလက်အောက်ခံ ပြည်နယ်တစ်ခု၊ ဒေသတစ်ခုသာဖြစ်သော်လည်း မင်းအောင်လှိုင်က အခြားနိုင်ငံတစ်ခုကို ရောက်သည့်နှယ်၊ နိုင်ငံတော်အဆင့်အကြီးအကဲများနှင့် တွေ့ဆုံသည့်နှယ် ပုံဖော်သည်။

ကြီးမားကျယ်ပြန့်လွန်းသော ရုရှားနိုင်ငံတွင် ပြည်ထောင်စုစနစ်အရ မြို့အလိုက်နယ်အလိုက် ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ကြခြင်းဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ သီးခြားလုပ်ငန်းကိစ္စများ ဆောင်ရွက်နိုင်သော်လည်း ရုရှားသမ္မတပူတင်၏ ဦးဆောင်မှုအောက်တွင်သာရှိသည်။

စိန့်ပီတာစဘတ်မြို့နှင့် ရုရှားနိုင်ငံတောင်ပိုင်းရှိ Novosibirsk မြို့သို့ သွားရောက်ပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် တွေ့ဆုံရာတွင်လည်း နိုင်ငံတော်အဆင့်အကြီးအကဲများနှင့် တွေ့ဆုံသည့်နှယ် မင်းအောင်လှိုင်၏ခရီးစဉ်အကြောင်း စစ်ကောင်စီ၏ သတင်းစာများက ဖော်ကြူးသည်။​

အာဏာသိမ်းပြီး တစ်နှစ်ကျော်လာသော်လည်း မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေဖြင့် အတိအလင်း အသိအမှတ်ပြုသည့်နိုင်ငံ မရှိသလောက်ပင်။ သူ့အနေဖြင့် ရုရှားတစ်နိုင်ငံတည်းသာ သွားခွင့်လာခွင့်သာနေသည်။

စစ်ကောင်စီကို ပင်းသည်ဆိုသော အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည်ပင်လျှင် မင်းအောင်လှိုင်ရှိရာ နေပြည်တော် လာရောက်သော်လည်း အပြန်အလှန်အားဖြင့် မဖိတ်ခေါ်ရဲပေ။ အာဆီယံထိပ်သီး အစည်းအဝေးများတွင် စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုရန် အဖွဲ့ဝင်နိုင်ငံများက ကန့်ကွက်ထားသဖြင့် ဟွန်ဆန်လည်း မတတ်နိုင်သည့် အခြေအနေဖြစ်သည်။

မြန်မာစစ်တပ်နှင့် အနီးကပ်ဆုံးဟု ဆိုနိုင်သည့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသည်လည်း မင်းအောင်လှိုင်နှင့် ဆက်ဆံရေး အလိုက်သင့်သွားနေရသည်။ မြန်မာစစ်ခေါင်းဆောင်များကို ဆေးဖော်ကြောဖက်ပြုလိုသော်လည်း အာဆီယံခေါင်းဆောင်များ အပါအဝင် အမေရိကန်နှင့် တရုတ်တို့၏ တစ်လှည့်စီဖိအားများက ထိုင်းအစိုးရကို အခက်တွေ့စေသည်။​

အနောက်ကမ္ဘာကမူ မင်းအောင်လှိုင်နှင့်အတူ စစ်အုပ်စုတစ်ခုလုံးကို အမျိုးစုံ ပိတ်ဆို့အရေးယူထားပြီးဖြစ်သည်။ 

အိမ်နီးချင်း အိန္ဒိယသည်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံရေး မြွေမသေတုတ်မကျိုး လှုပ်ရှားနေရသည်။ စစ်ခေါင်းဆောင်ထံ သံအမတ်သစ်ခန့်အပ်လွှာ ပေးအပ်ခဲ့ကာ အချို့သော ကူးလူးဆက်ဆံမှုများ ရှိနေသော်လည်း မယုတ်မလွန်သာဖြစ်သည်။ 

ပြီးခဲ့သည့်လအတွင်းက အိန္ဒိယဦးဆောင်သော ဒေသတွင်းအစည်းအဝေးတွင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုရန် မဖြစ်မနေဆုံးဖြတ်ခဲ့ခြင်းက သက်သေပင်။​

အပယ်ခံ စစ်ဗိုလ်ချုပ်များ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အနောက်နိုင်ငံများက အပြင်းအထန် ဒဏ်ခတ်အရေးယူနိုင်ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူက စစ်ကောင်စီဒုဥက္ကဋ္ဌကို သတိပေးခဲ့ဖူးသည်။ အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့တွင်ဖြစ်သည်။ 

ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဖြစ်သူ Christine Schraner Burgener က စစ်တပ်ဒုအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်။ 

အရေးယူပိတ်ဆို့မှုနှင့် အထီးကျန်ဖြစ်မည့်အရေး (Sanctions and Isolation) ကုလတာဝန်ရှိသူက သတိပေးပြောဆိုခြင်းဖြစ်သည်။

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထီးကျန်ဖြစ်မည့်အရေး ခံနိုင်ရည်ရှိကြောင်း၊ မိတ်ဆွေအနည်းငယ်နှင့် ရှေ့ခရီးဆက်မည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။​

ထိုပြောဆိုချက်မှာ အလိမ်အညာသာဖြစ်သည်။ အမေရိကန်ဦးဆောင်သော အင်အားကြီးအနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ကြုံတွေ့လာရပြီးနောက် စစ်အုပ်စုက ၎င်းတို့အတွက် ဆွယ်တရားဟောပေးရန် ကနေဒါအခြေစိုက် လော်ဘီအဖွဲ့ကို ဒေါ်လာနှစ်သန်းဖြင့် ငှားရမ်းခဲ့သည်။ 

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်များကို ကုလသမဂ္ဂနှင့် အနောက်ကမ္ဘာက လက်ခံလာစေရေး ဆွယ်တရားဟောပေးရန် အစ္စရေးစစ်ထောက်လှမ်းရေးဟောင်း ဦးဆောင်သည့် ကနေဒါအခြေစိုက် Dickens and Madson လော်ဘီအုပ်စုကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။​

သို့သော် အမေရိကန်နှင့် ကနေဒါအာဏာပိုင်များ၏ ခွင့်ပြုချက်မရသဖြင့် အာဏာသိမ်းပြီး တစ်လအကြာတွင် ချုပ်ဆိုခဲ့သော ဒေါ်လာနှစ်သန်းတန်စာချုပ်ကို ဖျက်သိမ်းခဲ့ရသည်။​

မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးက ထွက်ခွာရန် ဆန္ဒပြင်းပြနေကြောင်း၊ အိမ်နီးချင်း တရုတ်ကို ခွာကာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်လိုကြောင်း စစ်ကောင်စီငှားရမ်းခဲ့သူက ထုတ်ဖော်ပြောဆိုခဲ့သည်။ 

မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် တရုတ်၏ ရုပ်သေးရုပ်မဖြစ်လိုကြောင်းလည်း ထို အစ္စရေးထောက် လှမ်းရေးဟောင်းက ဆိုသည်။ ၎င်းမှာ ဇင်ဘာဘွေ အာဏာရှင်ဟောင်း ရောဘတ်မူဂါဘီနှင့် ဆူဒန်စစ် ခေါင်းများအတွက် အလုပ်လုပ်ပေးခဲ့ဖူးသူဖြစ်သည်။ 

ဟန်ရေးပြသက်သက်သာဖြစ်နိုင် 

စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်မှာ ဟန်ရေးပြသက်သက်ဖြစ်နိုင်သည်။ ခရီးစဉ်အတွင်း စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတချို့ကိုလည်း ဝင်ရောက်လည်ပတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ခရီးစဉ်အတွင်း ရောက်ဖူးပြီးသား နေရာအချို့သာဖြစ်သည်။ 

မြန်မာစစ်တပ်မှာ ရုရှား၏ အဓိကလက်နက်ဖောက်သည်တစ်ဦးဖြစ်သည်။ နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံတော်လှန်သူများကို တိုက်ထုတ်နေရာတွင် အဓိကအသုံးပြုနေသည့် စစ်လေယာဉ်များနှင့် လက်နက်ခဲယမ်းများမှာ ရုရှားမှ လာခြင်း ဖြစ်သည်။ 

ရုရှားမှဝယ်ယူထားသည့် တိုက်လေယာဉ်အချို့နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာနှင့် လက်နက်အချို့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရောက်ရှိခဲ့သည်။ ယခင်ကတည်းက ဝယ်ယူထားသည့် ပစ္စည်းများဖြစ်သည်။ 

မြန်မာစစ်တပ်အနေဖြင့် ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ထပ်မံ ဝယ်ယူနိုင်ခြေရှိသည်။ သို့သော် အခက်အခဲများလည်းရှိသည်။ အဓိကအားဖြင့် ပြည်တွင်း၌ နိုင်ငံခြားသုံးငွေ ချို့တဲ့လာခြင်းကြောင့်ပင်။ နောက်တစ်ချက်အနေဖြင့် လက်ရှိ လက်နက်ခဲယမ်းအားဖြင့်လည်း ခုခံတော်လှန်သူများကို ကောင်းကောင်းရင်ဆိုင်နိုင်သည်။

နေ့စဉ်နှင့်အမျှ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများနေချိန်တွင် စစ်ခေါင်းဆောင်က လက်နယ်ဝယ်သယောင် ဟန်ရေးပြခြင်းလည်းဖြစ်နိုင်သည်။ 

ယူကရိန်းကို ကျူးကျော်တိုက်နေသော ရုရှားအတွက် လက်နက်ခဲယမ်းလိုအပ်ချက် ပို၍ကြီးမားနေသည်။ အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများက ယူကရိန်းဘက်မှနေ၍ စစ်လက်နက်ခဲယမ်းများ အလျှံပယ်ကူညီထောက်ပံ့ပေးနေရာ ရုရှားအကြီးအကျယ် ဒုက္ခရောက်နေသည်။ ၎င်းကိုယ်တိုင် တရုတ်နှင့် အီရန်တို့ထံ အကူအညီတောင်းခံနေရသည်။ 

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မိပြီးနောက်ပိုင်း အခက်အခဲမျိုးစုံ ကြုံနေရသည့် ရုရှားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကြိမ်ကြိမ်သွားရောက်ပြီး နောက်ဆုံးအကြိမ်တွင် ယတြာချေခဲ့ခြင်းသည် အာဏာသိမ်းမိသဖြင့် အစစအရာရာ ပျက်စီးမှုနှင့် ရင်ဆိုင်နေရသည့် အခြေအနေ ပို၍ ပေါ်လွင်လာတော့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button