ရန်ကုန်၊ သန်လျင်မြို့နယ်အတွင်း ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် အသက် ၅၁ နှစ်အရွယ် ဒေါ်လင်းလင်း နေထိုင်သည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါဆိုး စတင်ကျရောက်ခဲ့သော ၂၀၁၉မှ ၂၀၂၁ ကိုဗစ်တတိယလှိုင်းမဖြစ်ပွားခင်အထိ ကိုဗစ်ကုသရေးစင်တာများတွင် ကျန်းမာရေးလုပ်သား လုပ်အားပေးအဖြစ် ၎င်းက တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကျရောက်သည့် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း နေ့စဉ် ကိုဗစ်ကူးစက်မှု အဆမတန်မြင့်တက်ခဲ့ရာ အလုအယက်တန်းစီဝယ်ယူရသည်အထိ အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် သေဆုံးမှုနှုန်းလည်း မြင့်မားခဲ့သည်။
အချိန်ကာလအားဖြင့် ကြာမြင့်သွားသော်လည်း ထိုကပ်ရောဂါကြောင့် မိသားစု ဆွေမျိုးနီးစပ် ငါးယောက် တဖြုတ်ဖြုတ် သေဆုံးခဲ့ခြင်းကိုမူ ယနေ့တိုင် မေ့မရသေးကြောင်း ဒေါ်လင်းလင်းက ဆို့နင့်စွာ ငိုကြွေးရင်း ပြောပြသည်။
“ယောက္ခမဆုံးတာ ကိုဗစ်နဲ့၊ တစ်အိမ်လုံးဖြစ်သွားတာလေ၊ အသက်ရှူတွေကျပ်တာကနေ စတာ၊ မောတယ်၊ အဖျားတတ်တယ်၊ အစားမဝင်ဘူး၊ သွေးပေါင်ချိန်တွေ ထိုးကျတယ်၊ အောက်စီဂျင်ထိုးကျသွားလို့ အောက်စီဂျင်ရှာတာ လုံးဝမရခဲ့ဘူး”
စကားပြောနေစဉ် ဒေါ်လင်းလင်းအသံများ ခဏတာ တိတ်ဆိတ်သွားသည်။
“အောက်စီဂျင်က နောက်ဆုံးအဆင့်ဇီရိုး ဘာမှကို မမြင်လိုက်ရဘူး၊ သုံးရက်လောက်ရှာတယ် မရခဲ့ဘူး”
အောက်စီဂျင်ရှာဖွေနေသော ရက်များတွင် အချိန်မီ အောက်စီဂျင်ရရှိပါက မိသားစုဝင်များ အသက်ရှင်နိုင်မည်ဟု ၎င်းက ယုံကြည်ထားသည်။ ကိုယ်တိုင် ကိုဗစ်စင်တာများတွင် လုပ်အားပေးလုပ်ခဲ့ဖူးသော်လည်း အရေးကြုံချိန်တွင် မည်သူ့ထံကမှ အကူအညီမရခဲ့ခြင်းပင်ဖြစ်သည်။
“နောက်ဆုံး ဒုက္ခရောက်တော့ ဘယ်လိုပဲရှာရှာ ရှာမရဘူး၊ ခုနှစ်လပိုင်းပေါ့ အရမ်းပြင်းထန်နေတဲ့အချိန် လူတိုင်း အောက်စီဂျင်ကို အသည်းအသန်လုနေတဲ့အချိန် ဖြစ်နေတော့ အောက်စီဂျင်နေရာမှာ တန်းစီလို့ မဖြစ်တဲ့အခြေအနေ၊ တန်းစီရင် အရိုက်ခံရတာတို့ ဘာတို့၊ အဲလိုဖြစ်ခဲ့တာ”
စစ်အာဏာသိမ်းမှုကြောင့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းအများစု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ခဲ့ရာ ဆေးရုံဆေးခန်းများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ခြင်း မရှိသည်တွင် စစ်ကောင်စီကလည်း ထောက်ခံစာဖြင့်သာ အောက်ဆီဂျင်ဝယ်ယူဖြည့်တင်းနိုင်ရန်အထိ ကန့်သတ်ထိန်းချုပ်ခဲ့သည်။ စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်မှုများ ကြုံနေရချိန်ဖြစ်ပြီး လူနာများမှာလည်း အောက်စီဂျင်ပြတ်တောက်ကာ အသက်လုနေရချိန်ဖြစ်သည်။
“ရလိုရငြား အဆက်အသွယ်တွေလည်း လိုက်လုပ်ခဲ့ပေမဲ့ မရခဲ့ဘူး။ နောက်ဆုံးတော့ အသက်ပေးလိုက်ရတာပေါ့” ဟု ဒေါ်လင်းလင်း ခံစားခဲ့ရသော ဒဏ်ရာဟောင်းများအကြောင်း ပြန်လည်ပြောပြခဲ့သည်။
သူ့ယောက္ခမများမှာ အသက် ၈၀ကျော် ၇၀ ကျော်များဖြစ်ပြီး ဆီးချိုရောဂါအခံရှိသူများဖြစ်သည်။ ၎င်းတို့သေဆုံးပြီး မကြာမီ ဒေါ်လင်းလင်း၏ မောင်တော်စပ်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးလည်း အောက်စီဂျင်ပြတ်တောက်ကာ သေဆုံးခဲ့သည်။
“သူက အောက်စီဂျင်အရမ်းရှူချင်တယ်၊ အသက်ရှူကျပ်တယ်တဲ့၊ အောက်စီဂျင်ရှူရရင် နည်းနည်းသက်သာမယ်၊ ဒါပေမဲ့ ဘယ်မှာမှ ရှာမရဘူး”
၎င်း၏ မောင်ဖြစ်သူမှာ ကိုဗစ်နိုင်တင်းရောဂါ မဟုတ်သော်လည်း နာတာရှည်ရောဂါများ ကုသနေရသူဖြစ်ပြီး အောက်စီဂျင်လိုအပ်နေသူဖြစ်သည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါပြင်းထန်နေချိန်တွင် အောက်စီဂျင်အိုးလိုအပ်သော တခြားရောဂါဝေဒနာသည်များလည်း အသက်လုနေကြရသည်။ ကိုဗစ်နိုင်တင်း ကူးစက်မြန်ကာလ စက်ရုံအလုပ်ရုံများ ပိတ်ထားချိန်၊ စစ်အာဏာသိမ်းထားချိန်ဖြစ်သောကြောင့် အလုပ်အကိုင် ဝင်ငွေရပေါက်များ အလွန်ခက်ခဲနေချိန်လည်း ဖြစ်သည်။
“အရမ်းခံစားရတာပေါ့။ ဘယ်လိုပြောပြရမလဲ၊ အဖေဆုံးထားတာလည်း တစ်နှစ်ကျော်ကျော်ပဲ ရှိသေးတယ်၊ အလုပ်အကိုင်မဲ့ဖြစ်သွားကြတယ်၊ တော်တော်လေးကို ဒုက္ခရောက်သွားတယ်”
ဒေါ်လင်းလင်းတွင် သားနှစ်ယောက်ရှိသော်လည်း ထိုကာလများတွင် ၎င်းတို့အလုပ်လုပ်နေသော အလုပ်ရုံစက်ရုံများပိတ်သိမ်းသွားသည်။ လက်ရှိတွင် နေ့စဉ် စားဝတ်နေရေးကို သားတစ်ဦးဝင်ငွေဖြင့်သာ ဖြေရှင်းနေရသည်။
အလားတူပင် အသက် ၆၀ ကျော်များဖြစ်သည့် သူ၏ အဒေါ်နှင့် ဦးလေးတော်စပ်သူတို့မှာ ကိုဗစ်ကြောင့် အသက်ရှူကျပ်ကာ ကိုကာလတွင်ပင် ရှေ့ဆင့်နောက်ဆင့် ထပ်မံဆုံးပါးသွားခဲ့သည်။ အောက်စီဂျင်ဝယ်ရန် ကြိုးပမ်းသော်လည်း အောက်စီဂျင်က ငွေရှိတိုင်းပင် ဝယ်မရသည့်အခြေအနေ ဖြစ်နေခဲ့သည်။
“အောက်စီဂျင်သာ ရလို့ကတော့ ကျန်တဲ့လူတွေ အကုန်အသက်ရှင်ပါတယ်၊ လူတိုင်းအသက်ရှင်တယ်”
စက်ရုံတွင် အောက်စီဂျင်ဖြည့်ပေးသူမှာ ဆွေမျိုးနီးစပ်တော်စပ်သဖြင့် အောက်စီဂျင်ရလိုရငြား သွားရောက်အကူအညီတောင်းသော်လည်း လက်ဗလာဖြင့်သာ ပြန်ခဲ့ရသည်။ မကြာမီတွင် ထိုအောက်စီဂျင်ဖြည့်ပေးနေသူ၏ မိသားစုဝင်တစ်ဦးမှာလည်း အသည်းအသန်ဖြစ်ပြီး အိပ်ရာထက်တွင် အောက်စီဂျင်ပြတ်တောက်ကာ သေဆုံးခဲ့ကြောင်း ဒေါ်လင်းလင်းက ပြောပြသည်။
“ငါတို့မှာ အဲလိုလုပ်ပိုင်ခွင့်မရှိဘူးတဲ့။ လက်နက်တွေနဲ့ ခြိမ်းခြောက်နေတဲ့အတွက်ကြောင့် ငါတို့မှာ အရမ်းဒုက္ခရောက်တယ်တဲ့၊ ငါတို့မှာ နေ့မအိပ် ညမအိပ် လာစောင့်သူတွေကို သူတို့လက်ချက်နဲ့ မသေအောင် ကယ်တင်ရတာတွေ အများကြီးတဲ့” ဟု သူကြုံတွေ့ခဲ့ရပုံကို ဆက်ပြောပြခဲ့သည်။
စစ်ကောင်စီ၏ စီမံခန့်ခွဲရေး လွဲချော်မှုများအောက်တွင် အောက်ဆီဂျင်နှင့် ဆေးဝါးပြတ်တောက်ကာ ရန်ကုန်မြို့ရှိ သုသာန်လေးခုတွင် အလောင်းများပုံနေသည်အထိ သေဆုံးမှုမြင့်တက်ခဲ့သည်။ ကိုဗစ်လူနာများကို အခမဲ့ကူညီပေးနေသည့် ပရဟိတသမားများကိုပင် စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူအရေအတွက် အတိအကျမသိရသော်လည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတည်းအရပင်လျှင် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၀၀ တိတိ ရှိသည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်သူ့ကျန်းမာရေးစနစ်နှင့် ကပ်ရောဂါဆိုင်ရာ ပြည်သူများ၏ သတင်းပေးအကြောင်းကြားမှု ပျက်ယွင်းခဲ့ရာ အမှန်တကယ်သေဆုံးသည့် အရေအတွက်မှာ ထို့ထက်များပြားနိုင်သည်။
မိသားစုဆွေမျိုး ငါးဦး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားပြီးနောက် ခံစားခဲ့ရသည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများကို လအတော်ကြာ ကုစားခဲ့ရပြီး၊ ပတ်ဝန်းကျင်တွင် ရှိသော ကိုဗစ်လူနာများကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ အောက်စီဂျင်မရသူများကို အသက်ရှူချောင်အောင် လုပ်ပေးခြင်းများဖြင့် ဒေါ်လင်းလင်း အချိန်ကုန်လွန်ခဲ့သည်။
ဒေါ်လင်းလင်းသည် ၎င်းတတ်သော ကျန်းမာရေးအသိပညာများဖြင့် လူ့အသက်များကို ကယ်တင်ရင်း နေထိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော လပိုင်းများတွင် ကိုဗစ်မျိုးရိုး ဗီဇကွဲ အိုမီခရွန်ကူးစက်မှုကို ဒေါ်လင်းလင်းအပါအဝင် ကျန်ရစ်သူမိသားစုများ အလူးအလဲခံရကာ သေကောင်ပေါင်းလဲ ခံစားခဲ့ရပြန်သည်။ သို့သော်လည်း အရေးပေါ်ကာလအတွက် ဤတစ်ကြိမ်တွင်လည်း ကိုယ်ပိုင်အောက်စီဂျင်အိုး ဝယ်ယူဆောင်ထားနိုင်ခြင်း မရှိသေးပေ။
“အမေကတော့ အသက် ၇၃ နှစ်ရှိပြီ၊ ဒါပေမဲ့ အခုထိ အောက်စီဂျင်ကို ဝယ်မထားနိုင်သေးဘူး၊ ဝင်ငွေမှ မရှိတာ၊ ဘယ်သူ့ကို အကူအညီတောင်းရမှာလဲ” ဟု ဒေါ်လင်းလင်းက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)