ကျန်းမာရေး

ကိုဗစ်အကျပ်အတည်းတွင် ဆေးရုံလုပ်ငန်း ဝင်ငွေတိုးတက်ခဲ့ကြောင်း FMI ထုတ်ပြန်

မြန်မာနိုင်ငံ၌ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ဘက်ပေါင်းစုံမှ စီးပွားရေးထိခိုက်မှုများ ရှိလာသော်လည်း ထိပ်သီးကုမ္ပဏီကြီးတစ်ခုဖြစ်သော First Myanmar Investment (FMI) ကမူ ၎င်းတို့၏ ဆေးရုံလုပ်ငန်းမှာ သိသိသာသာဝင်ငွေတိုးလာသည်ဟု ဆိုသည်။

အသက် ၆၈ နှစ်အရွယ် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (ခ) Serge Pun ပိုင်ဆိုင်သည့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် FMI ကုမ္ပဏီ၏ ပန်းလှိုင်ဆေးရုံမှာ ၂၀၂၁ ခုနှစ်တွင် ဝင်ငွေ ၂၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဒီဇင်ဘာ ၃၁ ရက်ထုတ် ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာက ဆိုသည်။

ပန်းလှိုင်ဆေးရုံအနေဖြင့် ၂၀၂၀ တွင် ကျပ် ၃၂ ဘီလျံသာ ရရှိခဲ့သော်လည်း ၂၀၂၁ တွင် ကျပ် ၄၁ ဘီလျံအထိ ဝင်ငွေရရှိခဲ့သည်ဟု ဆိုသည်။ 

ကိုဗစ်နှင့်ဆိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုများဖြစ်သော ကာကွယ်ဆေးထိုးနှံခြင်း၊ ရောဂါပိုးစစ်ဆေးခြင်း၊ ထိန်းချုပ်ကုသခြင်းအပြင် ဆေးရုံဆေးခန်းများ၏ ပုံမှန်လုပ်ငန်းများမှ ရရှိသော ဝင်ငွေ တိုးတက်လာကြောင်း ကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဆက်လက်ရပ်တည်နိုင်ရုံသာမက ဝန်ထမ်းများ၊ လူနာများ၏ ဘေးကင်းလုံခြုံရေးအတွက် လုပ်ငန်းလည်ပတ်လုပ်ဆောင်ရင်း ကောင်းမွန်သော ဘဏ္ဍာရေးရလဒ်များကိုလည်း ရရှိခဲ့ပါသည်” ဟု ကုမ္ပဏီက ဆိုသည်။ 

ပန်းလှိုင်ဆေးရုံသည် ကိုဗစ်လူနာပေါင်း ၁,၀၀၀ ကျော်ကို ဆေးကုသမှုပေးခဲ့ပြီး လူနာပေါင်း ၂,၀၀၀ ကျော်ကို အများပြည်သူဆေးရုံများသို့ လွှဲပြောင်းကုသပေးခဲ့ကာ ပန်းလှိုင်ဆေးရုံနှင့် မိတ်ဖက်ကုမ္ပဏီများမှ ဝန်ထမ်းပေါင်း ၄၀,၀၀၀ ကို ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ 

တရုတ်ကာကွယ်ဆေး Sinopharm အလုံးရေ ၄၀၀,၀၀၀ တင်သွင်းမည်ဖြစ်ကာ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် ကာကွယ်ဆေးစင်တာ ၄ ခုဖွင့်လှစ်ထားကြောင်း ပန်းလှိုင်ဆေးရုံက ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်တတိယလှိုင်း ကျရောက်ချိန်တွင် အဆမတန်ကူးစက်ပြန့်ပွားမှုများရှိခဲ့ရာ ရန်ကုန်မြို့ရှိ သုသာန်များတွင် အလောင်းများစုပုံနေသည်အထိ အသက်ဆုံးရှုံးမှုများ ရှိခဲ့သည်။

ရန်ကုန်မြို့ရှိ သုသာန် ၇ ခုတွင် ပုံမှန်အားဖြင့် အလောင်း ၁၀၀ ဝန်းကျင်သာ သင်္ဂြိုဟ်ပေးရသော်လည်း တတိယလှိုင်းပြင်းထန်ခဲ့သည့် ၂၀၂၁ ဇူလိုင်တွင် အလောင်း ၁,၂၀၀ ကျော်အထိရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူက စစ်တပ်ပိုင် မြဝတီသတင်းဌာနကို ပြောဆိုခဲ့သည်။

ကိုဗစ်လူနာများအတွက် အသက်ရှင်သန်ရေးမျှော်လင့်ချက်ဖြစ်သည့် အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် အသက်ဆုံးရှုံးသည့် လူနာများစွာလည်းရှိသည်။

ကပ်ရောဂါကို တွန်းလှန်နေရချိန် ရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် ကျန်းမာရေးစနစ်တစ်ခုလုံးမှာ ကပြောင်းကပြန်ဖြစ်သွားကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များက ကောက်ချက်ချသည်။

အရပ်သားအစိုးရလက်ထက်က ကိုဗစ်ကာကွယ်ကုသရေးတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည့် အများပြည်သူဆိုင်ရာ ဆေးရုံကြီးများသည် စစ်ကောင်စီလက်အောက်တွင် စွမ်းရည်ပြည့်ဝစွာ လုပ်ငန်းများမလည်ပတ်နိုင်သဖြင့် ပုဂ္ဂလိကဆေးရုံများကို မဖြစ်မနေရွေးချယ်လာရကြောင်း CDM ပြုလုပ်ထားသည့် ပဲခူးတိုင်းမှ တိုက်နယ်ဆရာဝန်တစ်ဦးက Myanmar Now ကို ပြောသည်။

“Public ဆေးရုံတွေက CDM လုပ်တာနဲ့ ဘာနဲ့ Fully Function မဖြစ်တဲ့ ဆေးရုံက များတယ်။ ဆေးရုံကြီးတွေတောင်မှ Fully Function မဖြစ်ကြဘူးလေ။ အဲလိုအနေအထားမှာ လူနာတွေက တကယ့်တကယ် ဖြစ်လာတော့ ဆေးရုံသာဖွင့်ထားတယ်။ အားကိုးလို့မရရင်တော့ ပိုက်ဆံကုန်လဲ မတတ်နိုင်ဘူး။ (ပုဂ္ဂလိက) ဆေးခန်းသွားရတဲ့ သဘောပေါ့” ဟု ၎င်းက ဆိုသည်။

အများပြည်သူဆေးရုံများ၌ သွားကုသော်လည်း ပုဂ္ဂလိကဆေးရုံများကို သွားရန် လွှဲပြောင်းပေးသောကြောင့် ပုဂ္ဂလိဆေးရုံများတွင် လူနာများလာခြင်းဖြစ်ကြောင်း၊ ထိုအခြေအနေမှာ အချိန်တာရှည်နိုင်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်တတိယလှိုင်းတွင် ဆေးရုံတက်ခွင့်ရရန် မလွယ်ကူသဖြင့် အသက်အရွယ်ကြီးရင့်သူမဟုတ်လျှင် အိမ်တွင် နေထိုင်ကာ ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းမွန်ရန်သာ ဂရုစိုက်ကြကြောင်း အမည်မဖော်လိုသည့် ရန်ကုန်မြို့မှ ကိုဗစ်ကူးစက်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောထားသည်။

ကိုဗစ်ကူးစက်ခံရသူအများစုမှာ အများပြည်သူဆေးရုံများတွင် ကုသလိုသော်လည်း နေအိမ်ပြန်ခိုင်းကြောင်း၊ ဆရာဝန်နှင့် ခုတင် မလုံလောက်မှုကြောင့် ရောဂါပြင်းထန်လူနာဖြစ်သော်လည်း ဆေးရုံတက်ခွင့်မပြုကြောင်း ၎င်းက ဆိုသည်။

ပန်းလှိုင်ဆေးရုံတွင် ကိုဗစ်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုကြောင့် ဝင်ငွေတိုးတက်ခဲ့ရာ ကုမ္ပဏီအုပ်စု တစ်ခုလုံး၏ အသားတင်အမြတ်ငွေမှာ ယခင်နှစ်တွင် ၁၀ ဒသမ ၇ ဘီလျံရှိရာမှ ၁၁ ဒသမ ၆ ဘီလျံအထိ တိုးတက်လာကြောင်း FMI ၏ အစီရင်ခံစာက ဆိုသည်။ 

FMI အုပ်စုသည် အစုရှယ်ယာရှင်ပေါင်း ၉,၀၀၀ ကျော်ရှိသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၆ မတ်တွင် ပထမဆုံးရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်လာကာ အိမ်ခြံမြေ၊ ဘဏ်လုပ်ငန်း၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးလုပ်ကိုင်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button