ကျန်းမာရေး

ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့ဝင် ရာချီ၍ အရပ်ဘက်သို့ စစ်ကောင်စီရွှေ့

စစ်ဘက်ဆိုင်ရာ ဆရာဝန်နှင့် သူနာပြု စုစုပေါင်း ၂၀၀ နီးပါးကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အားကောင်းသည့် အရပ်ဘက်ကျန်းမာရေးကဏ္ဍသို့ ဖေဖော်ဝါရီနှင့် မတ်လအတွင်း ရွှေ့လိုက်သည်ဟု နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေဆဲ အရာရှိတစ်ဦးက အတည်ပြုသည်။

တပ်ပိုင်းဆိုင်ရာ မူလရာထူး၊ မူလလစာအတိုင်း တစ်နှစ်ကြာ တွဲဖက်တာဝန်ထမ်းဆောင်ခိုင်းခြင်းဖြစ်ပြီး ဒုဗိုလ်မှူးကြီး ၂ဦး၊ ဗိုလ်မှူး ၁၀ ဦးနှင့် ဗိုလ်ကြီးအဆင့် အများစုပါဝင်သည်ဟု အထက်ပါသတင်းရင်းမြစ်ထံမှ သိရသည်။

အရာရှိကြီးများအပါအဝင် စစ်ဆေးဆရာဝန် ၁၀၀၊ သူနာပြု ၆၀ ကို ရွှေ့ပြီးဖြစ်ကာ ယခု ဧပြီလအတွင်း တပ်ဘက်မှ အရပ်ဘက်သို့ တတိယအသုတ် ထပ်မံပြောင်းရွှေ့လာရန်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“ဆေးရုံတွေကို ဆေးရုံအုပ်၊ ဒုဆေးရုံအုပ် ရာထူးတွေနဲ့ ပို့ပြီး နေပြည်တော်ရုံးချုပ်မှာဆိုရင် ဒုညွှန်မှူး၊ လက်ထောက်ညွှန်မှူးရာထူးတွေပေးပြီး ခေါ်ထားတာပါ။ အဲဒီဆရာဝန်တွေအားကိုးနဲ့ CDM ဆရာဝန်တွေကို နှိပ်ကွပ်တော့မှာ” ဟု ၎င်းက ပြောသည်။

မုံရွာ၊ မန္တလေး၊ မြဝတီ၊ မော်လမြိုင်၊ ကလေး၊ ဟားခါး၊ ဝေဘာဂီ၊ တောင်ဥက္ကလာ (မိခင်နှင့် ကလေးဆေးရုံ)၊ လှိုင်သာယာ၊ မိတ္ထီလာ၊ တောင်ကြီး၊ ထားဝယ်၊ စစ်တွေ၊ နေပြည်တော် (ခုတင်၁၀၀၀) စသည့် ဆေးရုံတို့တွင် ဆေးရုံအုပ်၊ ဒုဆေးရုံအုပ်ရာထူးပေးကာ စစ်အရာရှိများကို နေရာချထားကြောင်း ထိုသူ့ထံမှ သိရသည်။

နေပြည်တော်ရှိ ဝန်ကြီးရုံးနှင့် ဆေးရုံများသို့ ရောက်သည့် စစ်ဆေးအရာရှိအချို့၏ အမည်နှင့် ရာထူး အတိအကျကို Myanmar Now က ရရှိထားသော်လည်း သတင်းရင်းမြစ်၏ လုံခြုံရေးအရ ဖော်ပြနိုင်ခြင်း မရှိပေ။

 

လတ်တလောတွင် တပ်ဘက်မှ အရပ်ဘက်သို့ ပြောင်းသူအများစုမှာ ပြစ်ချက်ရှိထားသူများနှင့် တပ်မှ ထွက်ခွာရန် စာတင်ထားသူများဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း အရပ်ဘက်ကျန်းမာရေးဝန်ထမ်းအများအပြား အင်နှင့်အားနှင့် အာဏာဖီဆန်ထားကြချိန်တွင် စစ်ကောင်စီက ထိုသို့ ခြေလှမ်းလာခြင်းဖြစ်သည်။

“ကျန်းမာရေးက လူအင်အားမရှိတော့လို့ တပ်ဆေးက ဆရာဝန်တွေကို တွဲဖက်ခေါ်ပြီး ရာထူးအကြီးကြီးတွေပေးပြီး ခေါ်ထားတာပါ။ … (သူတို့က) တပ်လစာပဲ စားတာ။ ဒီ (ဝန်ကြီးဌာန) ဘက်က ကားတို့၊ ဆီတို့၊ အိမ်တို့၊ ဖုန်းဖိုးတို့ ထောက်ပံ့ပေးတာ။ နှစ်သီးစားတွေပေါ့” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် နိုင်ငံအနှံ့ လစ်လပ်နေသော နေရာများတွင် တပ်မတော်ဆေးတက္ကသိုလ် (DSMA) ကျောင်းဆင်းအရာရှိများနှင့် အစားထိုးရန်လည်း စစ်ကောင်စီက စီမံနေသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီကို ပြည်တွင်းနှင့် နိုင်ငံတကာတွင် အုပ်ချုပ်ရေး၊ သံတမန်ရေး၊ စစ်ရေး၊ ဥပဒေပြုရေး အားပြိုင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စာရင်းများအရ CDM ကျန်းမာရေးဝန်ထမ်း ၃၅၀၀၀ ခန့်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဌာန ဖွဲ့စည်းပုံပျက်နေသည်ဟု NUG ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာဒေါ်ရွှေပုံက မှတ်ချက်ပြုသည်။

“သူတို့က ခေါင်းပဲရှိတော့တာ။ ကိုယ်ထည်က မရှိတော့ဘူး။ အောက်ခြေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေမှ မရှိတာ။ နာမည်ပဲရှိတော့တာ။ ဘာမှမလုပ်နိုင်တော့ဘူး” ဟု NUG  ဒုဝန်ကြီးက ပြောသည်။

“အာဏာသိမ်းပြီးကတည်းက ပြည်သူအတွက် ဘာတာဝန်မှ မယူနိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းတုန်းက လူတွေ ဘယ်လောက်သေခဲ့သလဲ။ သောင်းချီ သေခဲ့တာလေ” ဟု ၎င်းက ဆက်ပြောသည်။

အထက်လူကြီးနှင့် ဝင်ဆံ့သူများသာ ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်ခွင့်ရသောကြောင့် တပ်မှ ထွက်လိုသည့် ဆေးပညာရှင် များပြားနေသည်ဟု သိရသည်။ 

ဤအခြေအနေတွင် အရပ်ဘက်သို့ ပြောင်းရွှေ့စေခြင်းမှာ ငါးကြင်းဆီနှင့် ငါးကြင်းကြော်သကဲ့သို့ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် စစ်မြေပြင်ဆေးတပ်ကို စွန့်ခွာ၍ CDM ဝင်လာသည့် ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်က သုံးသပ်သည်။

“စစ်ကောင်စီကို မထောက်ခံလို့ CDM လုပ်သွားကြတဲ့နေရာတွေမှာ ကိုယ့်ဘက်က ကိုယ်ကြိုက်သလို ရိုက်ချက်စားလို့ရတဲ့ ကြက်တွေကို ဟိုဘက်ကို ပို့လိုက်တဲ့သဘောပါပဲ” ဟု ဗိုလ်ကြီးမင်းမောင်မောင်က ပြောသည်။

“(အရပ်ဘက်) သူများရဲ့ ပရော်ဖက်ရှင်နယ်ထဲကို ကိုယ်မွေးထားတဲ့အဖွဲ့တွေ ကောက်ထည့်တယ်ဆိုတော့ ဒါကြီးကတော့ Justice (တရားမျှတမှု) မဖြစ်ဘူး”  

အာဏာသိမ်းပြီးနောက် အစည်းအဝေးတချို့တွင် CDM ဝင်သူများပြားသည့် ကျန်းမာရေးကဏ္ဍ ချည့်နဲ့သွားမှုနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင် ညည်းတွားလေ့ရှိသည်။

၁၉၉၅ မှ ၂၀၂၀ အထိ မြန်မာနိုင်ငံဆေးတက္ကသိုလ်အသီးသီးမှ ဆရာဝန်ပေါင်း သုံးသောင်းကျော် ကျောင်းဆင်းခဲ့သော်လည်း တစ်သောင်းဝန်းကျင်သာ တာဝန်ထမ်းနေသည်ဟု ၂၀၂၁ နှစ်ကုန်တွင် စစ်ကောင်စီဥက္ကဋ္ဌက ပြောဖူးသည်။

ယခင်က ဝင်ခွင့်ခက်ခဲသည့် ဆေးတက္ကသိုလ်ကို ဆယ်တန်း၌ အင်္ဂလိပ်၊ ဓာတုဗေဒ၊ ရူပဗေဒ အမှတ်ကောင်းရုံဖြင့် တက်ခွင့်ပြုရန် စီစဉ်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။

ယင်းနောက်တွင် CDM ဆရာဝန်များကို စစ်ကောင်စီက ပစ်မှတ်ထား နှိပ်ကွပ်လာပြီး မန္တလေးမြို့မှ အထူးကုဆရာဝန်ကြီး ၁၄ ဦးကို ဆေးကုသခွင့် ပိတ်သိမ်းကာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို လူနာစာရင်းများ နေ့စဉ်ပေးရန် ဖိအားပေးသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

အာဏာသိမ်းပြီးနောက် ကမ္ဘာ့ရန်ပုံငွေ ပြန်အပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်းကို အဂတိမှုဖြင့် ဧပြီ ၂၀ တွင် ထောင် ၃ နှစ်ချသည့် ကိစ္စမှာလည်း လူသိများသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button