ဇန်နဝါရီ ၄ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လွတ်ပေးလိုက်သည့် အာဏာဖီဆန်ထားသော ဆရာဝန်တစ်ဦးကို စစ်ကောင်စီက တနင်္သာရီတိုင်း မြိတ်ထောင် ထောင်ဘူးဝတွင် ပြန်ဖမ်းကာ အကြမ်းဖက်ပုဒ်မတပ်ပြီး ထောင်ထပ်ချရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်ထားသည့် ဒေါက်တာမင်းထက်ပိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည ဖြင့် အမှုဖွင့်ရန် ကြိုးပမ်းပြီး ၆ ရက်အကြာတွင်မှ ခံဝန်ချက်တွင် လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့သည်ဟု မြိတ်အကျဉ်းထောင်အခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။
ဗဟိုဘဏ်၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့၏ ရည်ညွှန်းစာအရ ဒေါက်တာမင်းထက်ပိုင်၏ ငွေကြေးလွှဲပြောင်းမှုများတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ကို ထောက်ပံ့မှုတွေ့ရသည်ဆိုကာ အမှုဖွင့်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“ထောင်ထဲရောက်တဲ့ ရက်စွဲတစ်ခုမှာ NUG, PDF, CRPH အဖွဲ့တွေကို ငွေလှူထားတယ်ဆိုပြီး ပြောတယ်။ ထောင်ထဲရောက်ပြီးမှ ငွေလှူဒါန်းလို့မှ မရတာ။ နောက်ပြီး ဒေါက်တာမင်းထက်ပိုင်တို့အဖွဲ့က ထောင်ထဲကို စောစောရောက်တဲ့အထဲမှာ ပါတယ်။ သူအထဲရောက်တဲ့အချိန် PDF တောင် မပေါ်သေးဘူး။ NUG လည်း မပေါ်သေးဘူး” ဟု ၎င်းက ပြောသည်။
၎င်းအဖမ်းခံရချိန်တွင် CRPH အဖွဲ့တစ်ခုသာ ပေါ်သေးသည်။
မြိတ်မြို့နယ်ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် အာဏာဖီဆန်လိုက်သည့် အသက် ၃၁ နှစ်အရွယ် ဒေါက်တာမင်းထက်ပိုင်မှာ ၂၀၂၁ ဧပြီတွင် ဖမ်းဆီးခံခဲ့ရသည်။ မြို့နယ်တရားရုံးက သူ့ကို နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် ထောင်သုံးနှစ်ချခဲ့သည်။
မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ဒေါက်တာမင်းထက်ပိုင်၏ KBZ Pay, Wave Money ငွေလွှဲပြောင်းမှုမှတ်တမ်းများနှင့်အတူ စစ်ဆေးခဲ့ပြီး ရဲမှတ်တမ်း၏ တရားစွဲဆိုမှုနှင့်ဆိုင်သည့် Transaction ဟု ခေါ်သည့် ငွေပေးချေလွှဲပြောင်းမှု အထောက်ထားကိုမူ မပြသနိုင်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“ရဲက ပြတဲ့ သက်သေမှာ ပါမှမပါတာလေ။ ထောင်ထဲရောက်တော့ Transaction က ရပ်သွားပြီလေ။ ထောင်ထဲမရောက်ခင်က Transaction ကိုပဲ ပြနိုင်တာ” ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် အစောဆုံး ဖမ်းဆီးထောင်ချခံထားရသည့် ဒေါက်တာမင်းထက်ပိုင်ကို သူအဖမ်းခံရပြီးမှ ပေါ်လာသော တော်လှန်ရေးအဖွဲ့အစည်းများကို ငွေလှူဒါန်းသည်ဟု စွပ်စွဲရသည့် အကြောင်းရင်း၊ ပြန်လွတ်ပေးချိန်တွင် ခံဝန်ထိုးခိုင်းစေခြင်းတို့နှင့် ပတ်သက်ပြီး ကာယကံရှင်နှင့် စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သူတိုင်းကို ဖမ်းဆီးထောင်ချရန် ကြိုးပမ်းနေသလို လွတ်ရက်စေ့သူအချို့ကို အမှုထပ်ကပ်ကာ ဆက်လက်ဖမ်းဆီးနေသည်။
စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံ့ဝန်ထမ်းများ အာဏာဖီဆန်ခဲ့ကြရာ ကျန်းမာရေးဝန်ကြီးဌာမှ ဝန်ထမ်းပေါင်း တစ်သိန်းကျော်အနက် ၅၄,၇၂၂ ဦး (ငါးသောင်းဝန်းကျင်) သာ တာဝန်ထမ်းဆောင်နိုင်ပြီး ၄၇,၂၅၄ ဦး (ငါးသောင်းနီးပါး) CDM ပြုလုပ်သွားသည်ဟု စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားသည်။
ထို့ပြင် ကိုဗစ်ဖြစ်ပွားမှု မြင့်မားသည့် ကာလအတွင်း တစ်နိုင်ငံလုံးရှိ ဆေးရုံနှင့် ဆေးပေးခန်း ၁၂,၅၀၄ ခုအနက် ၆၅ ရာခိုင်နှုန်းတွင်သာ ကုသပေးနိုင်ခဲ့သည်ဟုလည်း စစ်ခေါင်းဆောင်က ဝန်ခံထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)