အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ကျန်းမာရေး

ဆေးရုံ ၆၁ ရုံရှိ ICU များအဆင့်မြှင့်ရေး ကမ္ဘာ့ဘဏ်မှဒေါ်လာသန်း ၅၀ ချေးမည်

မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးရုံပေါင်း ၆၁ ရုံမှ အထူးကြပ်မတ်ကုသဆောင် (ICU) များကို အဆင့်မြှင့်တင်ရန်နှင့် ကိုဗစ်နိုင်တင်းရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင်သုံးစွဲရန် အမေရိကန်ဒေါ်လာသန်း ၅၀ ပြည်ပချေးငွေရယူကာ အကောင်အထည်ဖော်သွားမည်ဟု အစိုးရကလွှတ်တော်သို့တင်ပြလိုက်သည်။

ကမ္ဘာ့ဘဏ်၏ Fast Track COVID-19 Facility အစီအစဉ်အောက်မှ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးယူကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သုံးစွဲသွားမည်ဖြစ်ပြီး ထိုကိစ္စကို လွှတ်တော်ကအတည်ပြုပေးရန် အစိုးရက မေ ၁၈ တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာခြင်းဖြစ်သည်။

“ကိုဗစ်နိုင်တင်းသာမကဘဲ အခြားဖြစ်ပေါ်လာနိုင်သော ကပ်ရောဂါများအတွက် အထူးကုသကြပ်မတ်ဆောင်များ အဆင့်မြှင့်တင်ရန် လိုအပ်လာပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က လွှတ်တော်ကိုပြောသည်။

ဦးစားပေးအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းနှင့်ပြည်နယ်အဆင့် ခုတင် ၂၀၀ နှင့်အထက် ဆေးရုံ ၄၁ ရုံ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဗဟိုအဆင့်ဆေးရုံ ၁၁ ရုံနှင့် ခုတင် ၁၀၀ ဆံ့ ဆေးရုံ ၉ ရုံ တို့ရှိ အထူးကြပ်မတ်ကုသဆောင်များကို အဆင့်မြှင့်တင်ခြင်းနှင့် အောက်ဆီဂျင်ဖြင့် ကုသပေးနိုင်ရန် လိုအပ်သော ဆေးရုံသုံးပစ္စည်းကိရိယာ ၃၈ မျိုးကို ဝယ်ယူဖြည့်ဆည်းသွားမည်ဟု ၎င်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းချေးငွေမှာ ကမ္ဘာ့ဘဏ်၏ IDA 18 ချေးငွေဆိုင်ရာစည်းကမ်းချက်များအရ ဆိုင်းငံ့ကာလ ငါးနှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်၊ စုစုပေါင်း ချေးငွေသက်တမ်းနှစ် ၃၀ ဖြစ်သည်။ ဆိုင်းငံ့ကာလအတွက် အတိုးနှုန်း တစ်နှစ် ၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ဝန်ဆောင်ခ သုည ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်သည်။

သို့ဖြစ်ရာ ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင် အတိုး အမေရိကန်ဒေါ်လာတစ်သန်းနှင့် ပြန်ဆပ်ကာလအတွင်း တစ်နှစ်လျှင် အရင်းနှင့်အတိုးပေါင်း နှစ်စဉ် ဒေါ်လာ ၂ ဒသမ ၆ သန်းဖြင့် ၂၅ နှစ်တိတိ ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကုန်အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပေးဆပ်ရမည့် ကြွေးမြီစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၈၀၆ သန်း ရှိသော်လည်း ‘ကြွေးမြီခံနိုင်ရည်ရှိမှု’ အတိုင်းအတာအတွင်း ရှိသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်ကို ပြောသည်။

ထို့ပြင် ယခုချေးငွေရယူရေးကိစ္စအပေါ် ဧပြီလဆန်းက ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၀)မှ အတည်ပြုချက်ရရှိပြီးထားပြီးလည်း ဖြစ်သလို သမ္မတကလည်း လွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ထားသည်။

ယင်းချေးငွေရယူမည့်ကိစ္စအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များအနေဖြင့် မေ ၂၀ တွင် နောက်ဆုံးထားပြီး အမည်စာရင်းပေးကြရန်လည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အသိပေးထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button