ကျန်းမာရေး

ကိုဗစ်နိုင်တင်းကြောင့် စိတ်ရောဂါအထူးကုဆေးရုံကြီး ၂ ခု အတွင်းလူနာလက်ခံမှုလျှော့ချ

ကိုဗစ်နိုင်တင်းကြောင့် ဧပြီလမှစ၍ ရန်ကုန်နှင့်မန္တလေး စိတ်ရောဂါအထူးကုဆေးရုံကြီးများတွင် အတွင်းလူနာများကို လျှော့ချလက်ခံနေကြောင်း ဆေးရုံတာဝန်ရှိသူများက Myanmar Now ကိုပြောသည်။

ကိုဗစ်နိုင်တင်းကာကွယ်ရန် ဆေးရုံဘက်မှ လူနာလက်ခံမှု လျှော့ချလိုက်သည့်အပြင် ဒေသအသီးသီးတွင်လည်း အသွားအလာ ကန့်သတ်မှုများရှိသောကြောင့် လူနာအရေအတွက်လည်း လျော့သွားကြောင်း ၎င်းတို့ကဆိုသည်။

မန္တလေး စိတ်ကျန်းမာရေးဆေးရုံကြီးတွင် ခုတင် ၂၀၀ ဆံ့ စိတ်ရောဂါကုဆောင်တွင် သုံးပုံတစ်ပုံခန့်သာ လက်ခံတော့မည်ဖြစ်ပြီး ခုတင် ၅၀ ဆံ့ မူးယစ်ဆေးဖြတ်ဆောင်တွင် တစ်ဝက်ခန့်သာ လက်ခံတော့မည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအေးသူအောင်ကပြောသည်။

ထို့ကြောင့် အရေးပေါ်ကိစ္စမှလွဲ၍ ဆေးရုံမတက်စေဘဲ အများစုကို ပြင်ပလူနာအဖြစ် ဆေး ၆ လစာပေးကာ ကုသပေးနေကြောင်း၊ တစ်နှစ်ပတ်လုံးတွင် နွေရာသီသည် စိတ်ဖောက်ရောဂါ၊ စိတ်ကြွရောဂါအဖြစ်များဆုံး အချိန်ဖြစ်သည့်အတွက် ယခုကဲ့သို့ လျှော့ချရခြင်းကြောင့် လူနာများ အခက်အခဲပိုတွေ့ရသည်ဟု ၎င်းကပြောသည်။

“ဘာလို့လျှော့ချရလဲဆိုတော့ ကျွန်တော်တို့ရဲ့ ဆေးရုံသဘာဝအရ အလုံပိတ်ထားရတာ များတယ်လေ။ သူတို့ရဲ့ ရောဂါသဘောသဘာဝအရပေါ့နော် ကျော်ပြေးတာတို့ဖြစ်မှာစိုးလို့ အဲတော့ ကျွန်တော်တို့က တင်တဲ့ admission ကိုလျှော့ချပြီး OPD (ပြင်ပလူနာ)ကို များများပေးလိုက်တာပေါ့နော်” ဟုဆိုသည်။

ထို့ပြင် ဘိန်းဖြူစွဲလူနာ ၁၇၀၀ ခန့်ကို မက်သဒုန်းဆေးရည် နေ့စဉ်တိုက်ကျွေးနေရသည့်အတွက် ကြီးမားသော လူစုလူဝေးဖြစ်ပေါ်နေခြင်းကြောင့် ဆေးရည်နှစ်ပတ်စာကို အိမ်သို့ထည့်ပေးနေရကြောင်း၊ ယင်းအတွက် ဥပဒေနှင့်ငြိစွန်းမှုမဖြစ်စေရန် ရဲတပ်ဖွဲ့ကို ကြိုတင်အကြောင်းကြားထားသည်ဟု ဒေါက်တာအေးသူအောင်က ပြောသည်။

မန္တလေးစိတ်ကျန်းမာရေးဆေးရုံသည် အဆောင်နေရာကျယ်သဖြင့် လူနာအချင်းချင်း ကူးစက်မှုနှုန်းနည်းပါးကြောင်း၊ ဆေးရုံအနေအထားအရ Isolation room (သီးခြားခန်း) မထားနိုင်သေးသော်လည်း အဖျားရှိသည့်လူနာများကို Fever room တွင် သီးသန့်ခွဲထားကာ ယနေ့အထိ စောင့်ကြည့်အဆင့်၊ သံသယအဆင့်လူနာ မရှိသေးဟု ဆိုသည်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံမှ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဌာနမှူး ဒေါက်တာတင်ဦးကလည်း “တစ်ဝက်လောက်တော့ လျော့သွားတာပေါ့ အဓိကလျော့ရခြင်းအကြောင်းရင်းက ဆေးရုံကိုတင်ဖို့လိုတယ်ဆိုမှ တင်ရတာတစ်ပိုင်းပါတယ်။ အခုချိန်မှာ နေရာတိုင်းက အကန့်အသတ်နဲ့ဆိုတော့ သူတို့လာရတာခက်လို့လည်း ပါတယ်” ဟု ပြောသည်။

ခုတင် ၁၂၀၀ ဆံ့ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးတွင် နေ့စဉ်လူနာဝင်ရောက်မှု ထက်ဝက်ခန့် လျော့ကျသွားသည့်အတွက် ယခင်က လူဦးရေ ၁၇၀၀ ရှိရာမှ လက်ရှိတွင် ၁၂၀၀ ဝန်းကျင်သာရှိတော့ကြောင်း ၎င်းကဆိုသည်။

လူဦးရေလျော့ကျသွားသဖြင့် ယခင်လို နေရာမကျပ်တော့သော်လည်း လူနာရှင်များအနေဖြင့်မူ အိမ်တွင်စောင့်ရှောက်ရသည့် ဝန်ထုပ်ဝန်ပိုးရှိလာကြောင်း၊ နောက်ထပ်ရောက်လာမည့် လူနာများအတွက်လည်း အယောက် ၁၀၀ ဆံ့သည့် အဆောင်သစ် တိုးချဲ့ဖွင့်ထားသည်ဟု ဒေါက်တာတင်ဦးကပြောသည်။

ကိုဗစ်နိုင်တင်းဖြစ်ပွားနေသည့်ကာလတွင် မြန်မာနိုင်ငံရှိ စိတ်ကျန်းမာရေးဆေးရုံ အသီးသီးမှ ဆရာဝန်များက ဖုန်းမှတစ်ဆင့် ဆွေးနွေးပေးနေကြောင်း၊ Mental-Health Hospital Mandalay (Mental Health Online Service) တွင် ဖုန်းနံပါတ်နှင့် ဆေးနွေးချိန်များကို စုံစမ်းနိုင်သည်ဟု ဒေါက်တာအေးသူအောင်ကပြောသည်။

မြန်မာနိုင်ငံတွင် ယနေ့(ဧပြီ ၂၃)နံနက်ပိုင်းအထိ ကိုဗစ်နိုင်တင်းရောဂါကြောင့် သေဆုံးသူ ၅ ဦး၊ ကုသမှုခံယူပြီးနောက် ရောဂါပိုးကင်းစင်သူ ၇ ဦးရှိပြီး စောင့်ကြည့်လူနာပေါင်း ၂၂၁၂ ဦးရှိကာ ရောဂါပိုးတွေ့ရှိသူ ၁၂၇ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button