စီးပွားရေးသတင်း

နိုင်ငံတကာဟိုတယ်လုပ်ငန်းများ ထွက်ခွာသွား၊ ဟိုတယ်များလည်း ထုတ်ရောင်းလာ

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့နိုင်ခြေနည်းပါးခြင်းတို့ကြောင့် နိုင်ငံတကာအမှတ်တံဆိပ် ဟိုတယ်လုပ်ငန်းများ ထွက်ခွာသွားသလို ထိပ်တန်းဟိုတယ်များလည်း ဆက်တိုက်ထုတ်ရောင်းလာသည်။

ဆွစ်ဇလန်အခြေစိုက် Kempinski နှင့် ပြင်သစ်နိုင်ငံ၊ ပဲရစ်အခြေစိုက် Accor အုပ်စုက နေပြည်တော်နှင့် မန္တလေးမြို့တို့ရှိ ဟိုတယ်စီမံခန့်ခွဲမှုများကို ရုပ်သိမ်းသွားသည်။ ထို့ပြင် စင်ကာပူ Keppel Land နှင့် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ပြည်တွင်းကုမ္ပဏီ AMATA တို့သည်လည်း ၎င်းတို့ပိုင်ဆိုင်သည့် ထိပ်တန်းအဆင့်ဟိုတယ်ကြီးများကို ထုတ်ရောင်းလာကြသည်။ 

ကိုဗစ်ရောဂါကြောင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ထိခိုက်ခဲ့ရာမှ ပြန်လည်နာလန်ထူလာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ခရီးသည်ဝင်ရောက်မှုနည်းပါး၍ ဟိုတယ်ကြီးများ ထုတ်ရောင်းလာခြင်းဖြစ်သည်ဟု အမည်မဖော်ပြလိုသည့် ဝါရင့်ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“နိုင်ငံရေးအကြောင်းပြချက်နဲ့ ထွက်သွားကြတယ်ပေါ့။ ထွက်သွားတယ်ဆိုတာက Management (စီမံခန့်ခွဲမှု) က ထွက်လိုက်တဲ့အတွက်ကြောင့် သူတို့ရဲ့ Global Network (နိုင်ငံတကာအဆက်သွယ်) တွေ၊ Marketing (ဈေးကွက်မြှင့်တင်မှု) တွေ လုပ်မပေးတော့ဘူး။ ကိုယ့်ဘာသာကိုယ် Local Owner (ပြည်တွင်းလုပ်ငန်းရှင်) တွေကပဲ လွှဲယူပြီးတော့ ဆက်လုပ်ကြတယ်” 

ဆွစ်ဇန်လန်မှ Kempinski လုပ်ငန်းစုသည် နေပြည်တော်ရှိ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကို စီမံလုပ်ကိုင်ခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ အောက်တိုဘာတွင် လုပ်ငန်းရပ်ဆိုင်းခဲ့သည်။ ယခုအခါ Jasmine ဟု အမည်ပြောင်းကာ ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်းနှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးက ဦးစီးလုပ်ကိုင်နေသည်။ 

မြန်မာနိုင်ငံတွင် ဟိုတယ်အများအပြားဖွင့်လှစ်ရန် ရည်ရွယ်ထားသည့် Accor အုပ်စုကလည်း မန္တလေးရှိ Pullman ဟိုတယ်စီမံကိန်းမှ နုတ်ထွက်ခဲ့သည်။ Pullman၊ Novotel စသည့် နာမည်ကျော်ဟိုတယ်အမှတ်တံဆိပ်များ စီမံခန့်ခွဲသည့် Accor အုပ်စုသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ညောင်ရွှေတွင် ဟိုတယ် ၈ လုံး ဆက်လက်လုပ်ကိုင်နေသော်လည်း Pullman Hotel Mandalay ပါဝင်ခြင်းမရှိတော့ကြောင်း ကုမ္ပဏီဝက်ဆိုက်တွင် တွေ့ရသည်။ 

ယခုအခါ Pullman Hotel Mandalay ကို Mandalay Mingalar ဟိုတယ်အမည်ပြောင်းလဲထားသည်။ ထိုဟိုတယ်ကို မင်္ဂလာမန္တလေး၊ မင်္ဂလာမူဆယ်စီမံကိန်းများ လုပ်ပိုင်ခွင့်ရရှိထားသည့် ဦးကျော်ကျော်ဝင်းဆိုသူက အမည်ခံထားပြီး နောက်ကွယ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်က ပိုင်ဆိုင်သည်ဆိုသော ပြောဆိုမှုများလည်း ရှိသည်။

နာမည်ကျော်ဟိုတယ်အမှတ်တံဆိပ်များ ထွက်ခွာနေချိန် စင်ကာပူနိုင်ငံ Keppel ကော်ပိုရေးရှင်းက ၎င်းတို့ပိုင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်ကို Spring Blossom Ventures ကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် လွှဲပြောင်းရောင်းချသွားမည်ဟု မတ်လဆန်းတွင် ကြေညာထားသည်။

Keppel ကော်ပိုရေးရှင်းသည် ၁၉၉၃ တွင် မြန်မာသို့ ဝင်ရောက်ခဲ့ပြီး ၁၉၉၆ တွင် ရန်ကုန်မြို့တော်၏ အထင်ကရဟိုတယ် ဆီဒိုးနားဟိုတယ်ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ ကနဦးတွင် Garden Wing အမည်ရှိ ၃၆၆ ခန်းပါ ဟိုတယ်တစ်လုံးသာ ရှိရာမှ ၂၀၁၆ တွင် Inya Wing အမည်ဖြင့် ၂၉ ထပ် အမြင့်ရှိ အခန်းပေါင်း ၄၃၁ ခန်းပါ ဟိုတယ်အဆောက်အအုံတစ်ခုကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ 

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ပြည်တွင်းကုမ္ပဏီ AMATA ကုမ္ပဏီကလည်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ My Hpa-An Residence by Amata ဟိုတယ်တစ်လုံးကို ကျပ်သန်းပေါင်း ၁,၄၀၃ သန်းဖြင့် ယခုနှစ် ဧပြီလဆန်းပိုင်းတွင် ထုတ်ရောင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ 

ထိုင်းနိုင်ငံနှင့် နီးကပ်နေသည့် ကရင်ပြည်နယ်သည် စစ်တပ်အာဏာမသိမ်းမီက ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခုဖြစ်သော်လည်း ယခုအခါ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရေရှည် အလားလာမကောင်း၍ ရောင်းထုတ်ခြင်းဖြစ်နိုင်သည်ဟု အထက်ပါ ဝါရင့်ခရီးသွားလုပ်ငန်းရှင်တစ်ဦးက  ပြောသည်။

“ပုံမှန်အတိုင်းဆို ဒီနေရာတွေက အရမ်းကောင်းတယ်။ ဘာဖြစ်လို့လဲဆိုရင် ထိုင်းတွေ အလုံးအရင်းနဲ့ ဝင်လာမယ်။ ကျိုက်ထီးရိုးဘုရားဖူးမယ်။ နောက် ရန်ကုန်အထိ လာလို့ရတဲ့အနေအထားတွေ ကျွန်တော်တို့ အစီအစဉ်တွေ ဆွဲခဲ့ပြီးသွားပြီ။ လုပ်လည်းလုပ်ဖို့ရှိနေတယ်။ အဲ့ဒီအချိန်မှာ ဒါတွေဖြစ်လာတယ်” ဟု အာဏာသိမ်းမှုကို ရည်ညွန်း၍ သူက ဆိုသည်။ 

“ရောင်းချပြီး ရရှိမည့်ငွေကို အနာဂတ်စီးပွားရေးအခွင့်လမ်းသစ်များတွင် အစားထိုးရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်ဆက်နွှယ်သူများထံသို့ ပေးရန်ရှိသည်များကို ပေးဆပ်ခြင်းသည် ကုမ္ပဏီအတွက် အကောင်းဆုံးလုပ်ဆောင်ချက်ဖြစ်မည်” ဟု ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟိုတယ်နှင့် အခြားခရီးသွားလုပ်ငန်းအပြင် Oriental Ballooning (မီးပုံးပျံ) လုပ်ငန်းများ လုပ်ကိုင်သည့် AMATA ကုမ္ပဏီသည် ၂၀၁၆ တွင် ကမ္ဘာဘဏ်၏ ကာလရှည်ချေးငွေ ဒေါ်လာ ၁၃ သန်းခွဲအထိ ရရှိခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်သည်။

နိုင်ငံတကာဟိုတယ်စီမံခန့်ခွဲမှုလုပ်ငန်းကြီးများ ထွက်ခွားသွားချိန် ပြည်တွင်းလုပ်ငန်းရှင်များက ဦးစီးရာတွင် ကုန်ကျစရိတ်လျှော့ချခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ မခန့်အပ်ခြင်းတို့ကြောင့် ဝန်ဆောင်မှုအရည်အသွေးကျနိုင်ကြောင်း ဝါရင့်ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“မြန်မာပြည်ကလုပ်တဲ့ Local management နဲ့ပဲ ပြောတော့ ဟိုတယ်ကြီးတွေက ဘယ်လောက်ပဲ ရွှေချထားထား အထဲကလုပ်တဲ့သူတွေရဲ့ ကွာလတီ (အရည်အသွေး) က မရှိတော့ဘူး။ အဲ့ဒါကလည်း အရေးကြီးတဲ့ စိန်ခေါ်မှုပဲလေ” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းမှုကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း နေဝင်ချိန်ဖြစ်နေပြီး ဟိုတယ်များပင် ထုတ်ရောင်းလာကြသည်။

နောက်ကွယ်မှ အရောင်းအဝယ်များ

အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၉ တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွား ၄ ဒသမ ၃၆ သန်း ဝင်ရောက်ခဲ့သည်။ ကိုဗစ်ရောဂါ အကြီးအကျယ်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်လျှင်ပင် ခရီးသွား ၉၀၀,၀၀၀ ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ တွင် မြန်မာနိုင်ငံသို့ ခရီးသွား ၁၃၀,၀၀၀ ဝန်းကျင်သာ ဝင်သဖြင့် ကိုဗစ်ဖြစ်ပွားနေသည့် ၂၀၂၀ ခုနှစ်နှင့် ယှဉ်လျှင် ၈၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်၏ အစွန်းထွက်ခရီးသည်ပမာဏပင် မရှိတော့သည်ကို တွေ့ရသည်။

ခရီးသည်ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ရန်ကုန်မြို့ရှိ နာမည်ကျော် ရှန်ဂီလာ၊ ဆီဒိုးနားဟိုတယ်များ ပိတ်ထားဆဲဖြစ်ပြီး နိုင်ငံတကာခရီးသွားများကို ပစ်မှတ်ထားသည့် ဟိုတယ်ကြီးများမှာ အကြီးအကျယ် အခက်တွေ့နေဆဲဖြစ်သည်။ နေပြည်တော်တွင် ဟိုတယ်များ တရားဝင်ပိတ်သည့် ကြော်ငြာမတွေ့ရသော်လည်း ဧည့်သည်ရရှိမှုအပေါ် မူတည်ကာ ယာယီသဘော ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နာမည်ပြောင်းလဲဖွင့်လှစ်လာသည့် ဟိုတယ်များလည်း တွေ့ရှိရသည့်နည်းတူ ရောင်းချလိုသည့် ဟိုတယ်လုပ်ငန်းရှင်များလည်း ရှိလာကြောင်း ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူအချို့နှင့် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ စုံစမ်းသိရှိရသည်။

“ဆိုင်းဘုတ်ချိတ်ရောင်းတာမျိုးတွေ မဟုတ်ဘူးလေ၊ ပွဲစားတွေ၊ သူဌေးတွေကြားမှာ ဟိုတယ်ရောင်းမယ် ပြောကြတယ်။ ပိုက်ဆံရှိတဲ့သူ၊ လုပ်ငန်းပြချင်တဲ့သူတွေက ရှုံးနေတဲ့ ဟိုတယ်တွေကို ဗန်းပြဝယ်တယ်၊ ပြီးရင် စစ်ကောင်စီရဲ့ ပူးပေါင်းလုပ်မယ့် အခြားလုပ်ငန်းတွေအတွက် ရင်းနှီးမြုပ်နှံတဲ့သဘောမျိုးနဲ့ ဝယ်ကြတာမျိုးတွေလည်း ရှိတယ်” ဟု အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရပ်တည်ရန် ခက်ခဲလာသည့် ဟိုတယ်လုပ်ငန်းများကို ဟိုတယ်အလုံးလိုက် စီးပွားရေးလုပ်ငန်းရှင်းများကြားတွင် ဌားရမ်းခြင်း၊ ငွေအပေါင်ထားခြင်း၊ အပြီးသတ်ရောင်းချခြင်း ပုံစံမျိုးစုံဖြင့် ချိတ်ဆက်ဆောင်ရွက်လာကြကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

“ဟိုတယ်လုပ်ငန်းက အလိုလိုနေရင်းနဲ့ ရှုံးနေတဲ့ လုပ်ငန်းဖြစ်နေပြီ၊ စစ်တပ်နဲ့ နီးစပ်ပြီး အဆက်သွယ်ကောင်းတဲ့သူတွေ အခြားစီးပွားရေးတဲ့ ဆက်စပ်တဲ့သူတွေလောက်ပဲ တောင့်ခံနိုင်တော့တာ၊ ဟိုတယ် လျှပ်စစ်မီတာခနဲ့တင် တစ်လတစ်လ မနည်းဘူး၊ ဧည့်သည်က မဝင်၊ ရပ်တည်နိုင်အောင် မနည်းကြိုးစားနေရတာပဲ” ဟု နေပြည်တော်မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း သမ္မတဟောင်း ဦးသိန်းစိန်နှင့် ကြံ့ခိုင်ရေးပါတီ ပိုင်ဆိုင်သည့် ဟိုတယ်ဟု နာမည်ထွက်နေသည့် နေပြည်တော်ရှိ ဟိုတယ်ရွှေပြည်တော်ကို ရောင်းချခဲ့သည်။ ထို့ပြင် Thurizza Hohel ကိုလည်း ရောင်းချပြီး ပိုင်ရှင်အသစ်များပြောင်းလဲသွားကြောင်း ဟိုတယ်အသိုင်းအဝိုင်းထံမှ သိရသည်။ အသေးစိတ်အချက်လက်များကိုမှု အတည်ပြု၍မရပေ။

“ဟိုတယ်က ရောင်းရင်တောင် သူတို့မိသားစုပိုင်ရှေ့နေတွေနဲ့ စာချုပ်ချုပ်လွှဲပြောင်းတာတွေလုပ်၊ ဝန်ထမ်းတွေလည်း ဒီအတိုင်းပဲ ခန့်တယ်၊ အဆောက်အအုံလည်း ဒီအတိုင်းပဲ၊ အချို့ဟိုတယ်တွေဆို နာမည်တောင် မပြောင်းဘူး၊ ပိုင်ရှင်ပြောင်းလဲပြီး ဒီအတိုင်းဖွင့်ထားတာပဲ” ဟု အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အရှုံးပေါ်နေသည့် ဟိုတယ်လုပ်ငန်းများကို ဝယ်ယူသည့် လုပ်ငန်းရှင်များသည် နေပြည်တော်တွင် အာဏာသိမ်းစစ်တပ်နှင့် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လိုသူများ အများစုဖြစ်သည်။ ဝန်ကြီးဌာနများမှ တင်ဒါများအပါအဝင် ဆက်စပ်လုပ်ငန်းများကို လုပ်ကိုင်သူများက ဟန်ပြအနေဖြင့် ဖွင့်လှစ်လိုသူများဖြစ်ကာ စစ်တပ်နှင့် ဆက်နွှယ်သူများ ဖြစ်သည်ဟုလည်း အမည်မဖော်လိုသည့် အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

ပြည်သူ့အစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ဟိုတယ်များသည် နေပြည်တော်တွင် ယူရိုငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပွဲများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ပြုလုပ်သည့် ပွဲအခမ်းနားများကို အဓိကထား ရပ်တည်ခဲ့ကြရသည်။

အာဏာမသိမ်းမီက နေပြည်တော်ရှိ ဟိုတယ်ဇုန် (၁) နှင့်(၂) တွင် ဟိုတယ်အလုံးပေါင်း ၆၅ လုံးရှိပြီး ယင်းအနက် ၅၀ နီးပါးသာ ဖွင့်လှစ်လည်ပတ်နိုင်ခဲ့သည်။ နေပြည်တော်ရှိ ဟိုတယ်များအနက် အိုအေစစ်ဟိုတယ်ကို ဦးဝင်းအောင်၊ ရွှေဧည့်သည်ဟိုတယ်ကို ရွှေသံလွင်မှ ဦးကျော်ဝင်း ပိုင်ဆိုင်ပြီး ဝန်ထမ်းများအတွက် ယင်းဟိုတယ်တွင်ပင် ရုံးခန်းဖွင့်လှစ်ပေးထားသည်။

ရွှေစံအိမ်ဟိုတယ်ကို ဦးတေဇ၊ သင်္ဂဟနှင့် Hilton ဟိုတယ်ကို ဦးချစ်ခိုင်၊ Hotel Maxနှင့် MGallery ကို ဦးဇော်ဇော်၊ အမရာဟိုတယ်ကို ဦးအောင်သောင်း၏ သားများနှင့် ဟိုတယ် ACE ကို ဖြိုးကိုကိုတင့်ဆန်း စသည့် ထင်ရှားသော လုပ်ငန်းရှင်များက ပိုင်ဆိုင်ထားကြသည်။

အာဏာသိမ်းမှုကြောင့် ရင်းနှီးမြုပ်နှံထားသည့် နိုင်ငံတကာကုမ္မဏီများ ထွက်ခွာနေသည့်နည်းတူ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (FDI) ကတိကဝတ်များ ကျဆင်းနေသည်ဟု ၂၀၂၁ ခုနှစ် ကမ္ဘာ့ဘဏ်၏ ဇူလိုင်လအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button