သတင်း

နေပြည်တော်ရှိ Kempinski ဟိုတယ်လုပ်ငန်းများ ရပ်ဆိုင်း 

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်းဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်သည့် Kempinski က နေပြည်တော်၌ ဖွင့်လှစ်ထားသည့် ကြယ်ငါးပွင့်အဆင့် Kempinski (နေပြည်တော်) ဟိုတယ်လုပ်ငန်းကို အောက်တိုဘာ ၁၃ မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် နိုင်ငံတကာကုမ္ပဏီကြီး တစ်ခုပြီးတစ်ခု မြန်မာနိုင်ငံမှ ထွက်ခွာလျက်ရှိရာ လတ်တလောအခြေအနေများကြောင့် နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းကို ရပ်ဆိုင်းရန် Kempinski အုပ်စုက ဆုံးဖြတ်ခဲ့သည်။

လက်ရှိအခြေအနေအရ လုပ်ငန်းများဆက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့ကြောင်း Kempinski ၏ ဧည့်သည်များထံ အသိပေးစာကို နေပြည်တော်ရှိ Kempinski ဟိုတယ်ဝန်ထမ်းတစ်ဦးက Myanmar Now ကို အတည်ပြုသည်။ 

ပြည်ပခရီးသည်ဝင်ရောက်မှု မရှိခြင်း၊ နိုင်ငံရေးမတည်ငြိမ်ခြင်းတို့ကြောင့် ကြယ်ငါးပွင့်ဟိုတယ်များအနေဖြင့် လုပ်ငန်းရပ်ဆိုင်းကာ ပြန်လည်ထွက်ခွာလာခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Myanmar Now ကို ပြောသည်။

“ခရီးသည်ရရှိမှုနည်းတာရယ်၊ ဒါကြောင့်မို့ သူတို့နောက်ဆုတ်ကြတယ်ပေါ့နော်။ နိုင်ငံရေးမတည်ငြိမ်မှုအပေါ်မှာ စိုးရိမ်ကြတယ်။ ဒီအချက်တွေ ပေါင်းစုသွားပြီးတော့မှ နောက်ဆုတ်ဖို့ပဲ ဖြစ်သွားကြတယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းဟိုတယ်များအနေဖြင့် ပြည်တွင်းခရီးသွား၊ ကိုဗစ်နိုင်တင်း(Covid-19) အသွားအလာကန့်သတ်ရန် ဝန်ဆောင်မှုပေးနိုင်သော်လည်း နိုင်ငံတကာခရီးသွားနှင့် စီးပွားရေးလုပ်ငန်းရှင်များကို အဓိကပစ်မှတ်ထားသည့် ဟိုတယ်ကြီးများအနေဖြင့် ဈေးနှုန်းကြီးမြင့်မှုကြောင့် အဆင်မပြေကြောင်းလည်း ဦးနောင်းနောင်းဟန်က ဆိုသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ရှိသည့် Kempinski ဟိုတယ်မှာ အခန်းပေါင်း ၁၄၁ ခန်းပါရှိပြီး နိုင်ငံတကာအစိုးရများ၊ သံတမန်များနှင့် အပန်းဖြေခရီးသွားများကို ပစ်မှတ်ထားဝန်ဆောင်မှုပေးနိုင်ရန် ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ 

၂၀၁၄ ခုနှစ်အတွင်းက အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် နေပြည်တော်သို့ လာရောက်ခဲ့သည့် အမေရိကန်သမ္မတဟောင်း အိုဘားမားသည် Kempinski ဟိုတယ်တွင် တည်းခိုခဲ့ဖူးသည်။

အဆိုပါဟိုတယ်ကို ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ ကမ္ဘောဇအုပ်စုနှင့် ဟိုတယ်ပေါင်းများစွာ ဖွင့်လှစ်လုပ်ကိုင်နေသည့် Jewellery Lucky ကုမ္ပဏီတို့က အမေရိကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်းဖြစ်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများကို Kempinski က တာဝန်ယူထားသည်။

နေပြည်တော်ဟိုတယ်ဇုန်အတွင်းရှိ ထိပ်တန်းဟိုတယ်များသည် ကိုဗစ်နိုင်တင်းနှင့် စစ်အာဏာသိမ်းမှုကြောင့် ဧည့်သည်ဝင်ရောက်မှုမဲ့နေပြီး လုပ်ငန်းလည်ပတ်မှုစရိတ်လျှော့ချကာ ဟန်မပျက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း နေပြည်တော်ရှိ Park Royal ဟိုတယ်မှ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ဇူလိုင်လတွင် Myanmar Now ကို ပြောသည်။

ထိုနည်းတူ ရန်ကုန်ရှိ ဟိုတယ် ၄၈၃ ခုအနက် ၂၂၅ ခု ပိတ်သိမ်းထားရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးညိုအေးက စက်တင်ဘာလဆန်းပိုင်းတွင် ပြောသည်။

ရန်ကုန်မြို့လယ်ရှိ အထင်ကရ ဆူးလေရှန်ဂရီလာဟိုတယ်သည် စစ်အာဏာမသိမ်းမီကတည်းက တစ်နှစ်ပိတ်မည်ဟု ကြေညာကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ပိတ်ထားခဲ့သည်။

ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဆီဒိုးနားဟိုတယ်မှာ ဖွင့်လှစ်ထားသော်လည်း ဧည့်သည်တည်းခိုရန်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုများ ရပ်နားထားသည်ဟု သိရသည်။ 

ဖွင့်ထားသောဟိုတယ်များမှာလည်း ရက်ရှည်တည်းခိုသူ၊ ပြည်တွင်းဧည့်သည်အချို့နှင့် ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လာသူတို့ကို ဝန်ဆောင်မှုပေးနေသော်လည်း အကျိုးအမြတ်မရှိကြောင်း ရန်ကုန်မြို့ရှိ ထိပ်တန်းဟိုတယ်တစ်ခုဖြစ်သော ချက်ထရီယံဟိုတယ်၏ အထွေထွေမန်နေဂျာ ဒေါ်မေမြတ်မွန်ဝင်းက ဆိုသည်။

“လုံးဝကို အကျိုးအမြတ်မရှိဘူး။ မရှိသော်လည်းပဲ ကျွန်မတို့က ဆက်ပြီးတော့ လက်မလျှော့ချင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတယ်တစ်လုံးက Community (လူ့အသိုင်းအဝိုင်း) ကို ကောင်းသောအကျိုးပေးနိုင်တယ်လို့ ယုံကြည်တယ်။ အဲ့ဒီအတွက်လည်း ကြိုးစားပြီး ဆက်လည်ပတ်နေပါမယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းများရပ်ဆိုင်းရန် သို့မဟုတ် နိုင်ငံတွင်းမှ အပြီးထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခုရှိကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဟောင်ကောင်၊ ဩစတြေးလျ၊ ပြင်သစ်နှင့် နော်ဝေနိုင်ငံတို့မှ နိုင်ငံတကာကုမ္ပဏီကြီးများက ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့သည့် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆေးလိပ်နှင့်​ ဆေးရွက်ကြီးကုမ္ပဏီ British American Tobacco (BAT) သည်လည်း လုပ်ငန်းများရပ်ဆိုင်းကာ နိုင်ငံတွင်းမှ ထွက်ခွာတော့မည်ဖြစ်သည်။ 

အာဏာသိမ်းမှုကြောင့် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာနေသည့်နည်းတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကတိကဝတ်များ ကျဆင်းနေသည်ဟု ကမ္ဘာ့ဘဏ်၏ ဇူလိုင်လအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာက ဆိုသည်။ 

အာဏာသိမ်းစစ်ကောင်စီအပါအဝင် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုများ ဆက်တိုက်ပြုလုပ်ထားသည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button