ရခိုင်ပြည်နယ်တွင် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါမဝင်ရောက်မီ တစ်ရက်အလို မနက်ဖြန် (မေ ၁၃) မှစ၍ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းရန် စီစဉ်ထားကြောင်း၊ ဟိုတယ်အများစု ပိတ်ထားပြီးဖြစ်ကြောင်း သက်ဆိုင်ရာလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။
မေ ၁၄ တွင် ရခိုင်ပြည်နယ်သို့ အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည်ဖြစ်ကာ ရသေ့တောင်မြို့နယ်အနီး ပင်လယ်ရေမျက်နှာပြင်အမြင့် ၆ ပေအထိ မြင့်တက်နိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ် သတိပေးချက်နှင့် ညှိနှိုင်းဆောင်ရွက်ရေးစနစ် (GDACS) က ထုတ်ပြန်ထားသည်။
မေ ၁၃ ရက်မှ စတင်ပြီး ရခိုင်ပြည်နယ်သို့ ပျံသန်းမည့် လေကြောင်းလိုင်းများအားလုံး ရပ်နားထားပြီး မေ ၁၅ ရက်နေ့တွင် ပုံမှန်ပြန်ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း ဘွန်ဇူးပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာနထံမှ သိရသည်။
“ရန်ကုန်-စစ်တွေက မနက်ဖြန် သန်ဘက်ခါကို Flight Cancel (ဖျက်သိမ်း) လုပ်ထားတယ်၊ ၁၅ ရက်နေ့လောက်မှ ပြန်ရောင်းမယ်။ မုန်တိုင်းကြောင့် Flight အားလုံး Cancel လုပ်ထားကြတာ” ဟု အရောင်းတာဝန်ခံတစ်ဦးက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် အောင်စစ်ခိုင်နှင့် တက်နေလင်း ကားလိုင်များလည်း ထိုနေ့မှစတင်၍ ရပ်နားမည်ဟု သိရသည်။
“(ပြန်ထွက်ဖြစ်မှာက) ၁၅ ရက်နေ့တောင် မသေချာသေးဘူး၊ ပြန်ထွက်မထွက်က မုန်တိုင်းအခြေအနေက ဘယ်လိုပုံစံလဲကို မသိသေးဘူးဖြစ်နေလို့” ဟု အောင်စစ်ခိုင်ကားလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုန်တိုင်းနှင့် ဒီရေကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ကျောက်ဖြူမြို့နယ်သို့ ပြေးဆွဲနေသော ရွှေပြည်တန် အမြန်ရေယာဉ်လုပ်ငန်းမှာ ယနေ့မှ စတင်ပြီး ရပ်ဆိုင်းထားပြီဖြစ်ကြောင်း ရွှေပြည်တန်မှ မန်နေဂျာက ပြောသည်။
ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားသော မိုခါမုန်တိုင်း၏ အရှိန်ကြောင့် တစ်နာရီ မိုင် ၆၀ နှုန်းခန့်ဖြင့် တိုက်ခတ်ခံရနိုင်ခြေရှိသော ငပလီကမ်းခြေ၊ ငွေဆောင်ကမ်းခြေနှင့် အပန်းဖြေကမ်းခြေအချို့မှ ဟိုတယ်များနှင့် ဈေးဆိုင်များမှာ ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ပြီး ယာယီပိတ်ထားကြသည်ဟု ဒေသခံအချို့ထံမှ သိရသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ ဈေးကြီးရှိ ဆိုင်ခန်းများ အားလုံးနီးပါးသည်လည်း ယနေ့ (မေ ၁၂) ရက် မွန်းလွဲပိုင်းမှစ၍ ပိတ်သိမ်းသွားပြီဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မိုခါမုန်တိုင်းသည် ယနေ့ (မေ ၁၂) သောကြာနေ့ တိုင်းထွာချက်များအရ တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် ရွေ့လျားနေသည်၊ မေ ၁၄ မွန်းတည့်ချိန်တွင် ရခိုင်ပြည်နယ်သို့ ဝင်ရောက်မည်၊ မြေပြင်ကို တိုက်ခတ်ချိန်တွင် မုန်တိုင်းအရှိန်မှာ တစ်နာရီလျှင် မိုင် ၁၁၀ နှုန်းထိ ရှိမည်ဟု GDACS က ခန့်မှန်းထားသည်။
မိုခါမုန်တိုင်းသည် မြေပြင်သို့ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့သို့ စတင်ဝင်ရောက်မည်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အချို့တို့ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ၏ တောင်တန်းများနှင့် ထိတွေ့ကာ အားပျော့သွားမည်ဟု ခန့်မှန်းထားသည်။
ယနေ့ (မေ ၁၂) နံနက် ၁၀ နာရီကျော်ခန့်တွင် အဆိုပါမုန်တိုင်းသည် စစ်တွေမြို့အနောက်တောင်ဘက် ရေမိုင် ၄၉၅ မိုင်ခန့် အကွာသို့ ရောက်ရှိနေကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် အဆိုးဝါးဆုံးသော မုန်တိုင်းအဖြစ် သတ်မှတ်ထားသည့် ၂၀၁၈ ခုနှစ် မေ ၂ ရက်က ဧရာဝတီတိုင်းကို ဗဟိုပြု၍ တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ကြောင့် လူတစ်သိန်းကျော် သေဆုံးခဲ့သည်။
နာဂစ်တိုက်ခတ်စဉ်က အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ မိုင် ၁၃၀ ရှိခဲ့ပြီး ထိုစဉ်က ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ စသည့် မြို့နယ်များမှ ရွာအများအပြား ရေဒဏ်မိုးဒဏ်ကြောင့် ရွာလုံးကျွတ် ပျက်စီးကာ ဒေသခံအများအပြား သေကျေခဲ့သည်။
၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်နေ့ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သော ဂီရိမုန်တိုင်းသည် ရခိုင်ပြည်နယ် (ကျောက်ဖြူ) ကို အဓိက တိုက်ခိုက်ဖျက်ဆီးရာ လူ ၁၅၇ ဦး သေဆုံးခဲ့သည်၊ ထိုမုန်တိုင်းကာလ အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ မိုင် ၁၂၀ ရှိခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)