ကျန်းမာရေး

ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အိမ်သာအခက်အခဲဖြစ်နေ

တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ ဒေသခံအများစု နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး စစ်ဘေးရှောင်စခန်းအချို့တွင် အိမ်သာမရှိသည့်အတွက် ကျန်းမာရေးဆိုင်ရာအခက်အခဲ ဖြစ်ပေါ်နေသည်။ 

စစ်ဘေးရှောင်စခန်းများတွင် အိမ်သာတစ်လုံးမှ မရှိသည့်အတွက် ဝမ်းရောဂါဖြစ်လာမည်ကို စိုးရိမ်ကြောက်လန့်နေရသည်ဟု ရသေ့တောင်မြို့ပေါ်ရှိ စေတီတောင်အနောက် စစ်ဘေး‌ရှောင်စခန်း တာဝန်ခံ ဒေါ်မေစုလှိုင်က Myanmar Now ကို ပြောသည်။

“များသောအားဖြင့် အိမ်သာမရှိတော့ မိန်းကလေးတွေအတွက်လည်း ပိုပြီးတော့ အဆင်မပြေတာ များပါတယ်။ ကလေးတွေကလည်း ရတဲ့နေရာမှာ စွန့်ခဲ့တာတွေရှိတော့ ရောဂါဖြစ်လာရင် မိသားစုတွေ အခက်အခဲဖြစ်ကြမှာကို စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။

ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၂၅ ခု ရှိသည့်အနက် ရွှေပါရမီကျောင်းအနီး စစ်ဘေးရှောင်စခန်းတွင် အိမ်သာတစ်လုံးရှိပြီး စေတီတောင်အရှေ့နှင့် အနောက်စစ်ရှောင်စခန်းတွင် အိမ်သာ လုံးဝမရှိကြောင်း သိရသည်။  

ရွှေပါရမီကျောင်းအနီး စစ်ဘေး‌ရှောင်စခန်းတွင် အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၁၁၂ ဦးရှိပြီး စေတီတောင်အရှေ့နှင့် အနောက်စစ်ဘေး‌ရှောင်စခန်းများတွင် အိမ်ထောင်စု ၃၂၀ ကျော်၊ လူဦးရေ ၁၄၀၀ ကျော် ခိုလှုံနေကြရသည်။

စေတီတောင်အရှေ့နှင့် အနောက်စစ်ရှောင်စခန်းနှစ်ခုသည် ရသေ့တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက ဆောက်လုပ်လှူဒါန်းပေးထားသည့် ကယ်ဆယ်ရေးစခန်းများဖြစ်သည်ဟု ဒေါ်မေစုလှိုင်က ပြောသည်။

“ကျွန်မတို့ စေတီတောင် အနောက်စစ်ရှောင်စခန်းမှာ အိမ်သာဆောက်လုပ်ဖို့ မြေကွက်တစ်ကွက်ကို ငါးသိန်းပေးပြီး စာချုပ်နဲ့ ငှားထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသိန်းပေးတယ်။ နောက်ထပ် နှစ်သိန်းကိုကျတော့ မြို့နယ်ဆရာဝန်ကြီးက ပေးထားပါတယ်။ အဲဒါကို ဘယ်တော့ ဆောက်ပေးမယ်ဆိုတာကို ကျွန်မတို့လည်း အတိအကျမသိရဘူး” ဟု ၎င်းက ပြောသည်။

ရွှေပါရမီကျောင်းအနီးရှိ စစ်ဘေးရှောင်စခန်းသို့ ခိုလှုံလာကြသည့် ဒုက္ခသည်များမှာလည်း လူဦးရေများပြီး အိမ်သာတစ်လုံးတည်းသာရှိသည့်အတွက် အခက်အခဲနှင့်ရင်ဆိုင်နေရသည်ဟု ထိုစခန်းတွင် ခိုလှုံနေသည့် ဦးသိန်းစိုးအောင်က ပြောသည်။

“အခုလောလောဆယ်လိုအပ်နေတာက အိမ်သာပါ။ အရင်ရှိခဲ့တဲ့ အိမ်သာတွေက အကုန်ပျက်စီးသွားပြီ။ အခုတစ်လုံးတည်းပဲ ရှိတယ်။ အဲဒီတစ်လုံးနဲ့ အိမ်ထောင်စုလည်းများ၊ လူဦးရေကလည်းများနေတော့ အခက်အခဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အိမ်သာ အခက်အခဲအပြင် စားနပ်ရိက္ခာများပါ ပြတ်တောက်နေ၍ အလှူရှင်များ လာရောက်လှူဒါန်းသည့် ရိက္ခာများနှင့်သာ စားသောက်နေထိုင်နေရပြီး အစိုးရက စားနပ်ရိက္ခာထောက်ပံ့မှုများ မရှိသေးကြောင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ကူညီမှုရရှိရေး မြို့နယ်ကြက်ခြေနီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို တင်ပြထားသည်ဟု ဆိုသည်။ 

ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးခိုလှုံလာကြသူများမှာ ရသေ့တောင်မြို့နယ်မြောက်ပိုင်း ကျောက်တန်းနယ်မြေထဲမှ ဆောက်ခတ်၊ ကျောက်တန်း၊ ရေပုတ်၊ အမျက်တောင်၊ထွီးစွဲ၊ မောင်ဖြူရွာ၊ ကျောက်ရံသာစည်၊ ရေစိုးချောင်း၊ အောင်မြေကုန်း၊ ငစံပေါ်၊ ဘောထီးကုန်း၊ ရေမျက်၊ ညောင်ပင်လှ၊ သမီးလှကုန်တန်း၊ အိုးဖောက်ကျေးရွာများမှ ဖြစ်သည်။ 

ရသေ့တောင်မြို့ပေါ် တွင် စစ်ဘေးရှောင်ဦးရေမှာ ခန့်မှန်းအားဖြင့် တစ်သောင်းခွဲအထိ ရှိလာသည်ဟု ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ အချက်အလက်များအရ သိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)က ဇူလိုင်လ ၇ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူဦးရေ နှစ်သိန်းနီးပါးခန့် ရှိနေသည်။

Show More

Related Articles

Back to top button