သတင်း

မန္တလေးမှ ပုဂ္ဂလိကဆေးရုံ ၅ ခု အပိတ်ခံရ

မန္တလေးမြို့ နာမည်ကြီးပုဂ္ဂလိကဆေးရုံ ၅ ခုကို ယခုနှစ် ဒီဇင်ဘာလကုန်နောက်ဆုံးထား၍ ပိတ်သိမ်းရန် စစ်ကောင်စီက အမိန့်ပေးထားကြောင်း မန္တလေးဆေးဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။

ထိုဆေးရုံများမှာ မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်းတို့ဖြစ်ပြီး ၄ လခန့် ပိတ်သိမ်းမည်ဟု သိရကြောင်း ဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နန်းတော်နှင့် မြို့တော်ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးတစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းသုံးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ယခုကဲ့သို့ အမိန့်ပေးခြင်းဖြစ်နိုင်ကြောင်း ထိုဆေးရုံများနှင့် နီးစပ်သူ သူနာပြုဆရာမတစ်ဦးက Myanmar Now ကို ပြောသည်။

“ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်။ လူနာတွေလည်း အခက်အခဲဖြစ်ကုန်ကြပြီ။ ဆင်းနိုင်တဲ့ အခြေအနေဆို အကုန်ဆင်းပေးနေပြီ။ နောက်ပြီး ICU (အရေးပေါ်) ဆိုတာ အလွယ်တကူ ရွှေ့ပြောင်းလို့ရတဲ့လူနာတွေ မဟုတ်ဘူး။ ဒုက္ခတွေလည်း ရောက်ကြတယ်။ တချို့တွေ ငိုနေကြတယ်။ မြို့ပြအတွက် ဒုက္ခတွေစပြီပေါ့” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ၂၄ တွင် မြို့တော်ဆေးရုံမှ ဓာတ်မှန်ကျွမ်းကျင်အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်၊ နောက်တစ်နေ့တွင် နန်းတော်ဆေးရုံမှ ဆီးနှင့်ကျောက်ကပ်အထူးကု CDM ဆရာဝန်ကြီး ဒေါက်တာဝင်းခိုင်ကို လူနာဟန်ဆောင်ကာ သေနတ်ထောက်၍ ဖမ်းဆီးသွားခဲ့သည်။

ထို ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း မန္တလေးမှ ဆရာဝန်တစ်ဦးက ဆိုသည်။

“PDF တွေကို ဒီဆရာဝန်တွေနဲ့ ဆေးရုံတွေက ထောက်ပံ့ပါတယ်ပေါ့။ ပြီးတော့ အခြားပုဂ္ဂလိကဆေးရုံတွေကိုလည်း သိန်းတစ်သောင်းခွဲပေးရမယ်လို့ ငွေညှစ်နေတယ်တွေ ကြားတယ်။ အဓိကက သူတို့က CDM တွေကို နှိပ်ကွပ်ချင်တာပါပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဆရာဝန်က ပြောသည်။

စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူများထဲတွင် မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်းများက ထိပ်ဆုံးမှ ပါဝင်ခဲ့ရာ တိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများသည် CDM ပြုလုပ်မှု၏ ရာခိုင်နှုန်း ၈၀ အထိရှိသည်ဟု သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်အောက်တိုဘာလကုန်ကလည်း မန္တလေးဆေးတက္ကသိုလ်ကထိကနှင့် အထူးကုဆရာဝန်ကြီးများ အပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ၃၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

အောက်တိုဘာ ၂၇ ရက်က စစ်ကိုင်းတိုင်း ပုလဲ-ဂန့်ဂေါလမ်းဆုံတွင် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် တွေ့ရှိသည့် ဆေးဝါးနှင့် စပ်ဆက်ပစ္စည်းများမှာ PDF များကို ထောက်ပံ့ရန်ဖြစ်သည်ဟု စွပ်စွဲကာ မန္တလေးမှ ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းအများအပြားကို ယင်းကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ယခုနှစ် မတ်လအတွင်းကလည်း CDM အထူးကုဆရာဝန်ကြီး ၁၄ ဦးကို ဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းသလို၊ CDM ဆရာဝန်များနှင့် တွဲဖက်လုပ်ကိုင်နေသည့် ဆေးရုံများကို လိုင်စင်ပိတ်သိမ်းမည်ဟု ကြေညာခဲ့ရာ မန္တလေး တွင် အလုပ်အကိုင်လက်လွှတ်ရသည့်ဆရာဝန် ရာဂဏန်းခန့် ရှိခဲ့သည်။

အထက်ပါ ပုဂ္ဂလိကဆေးရုံငါးခု ယာယီပိတ်သိမ်းခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အဆိုပါဆေးရုံမှ တာဝန်ရှိသူများကို မေးမြန်းရန်လည်း အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးနှိပ်ကွပ်လျက်ရှိရာ အာဏာသိမ်းပြီးချိန်မှစ၍ ကျန်းမာရေးဝန်ထမ်း ၅၈ ဦး သေဆုံးကာ  ၇၀၀ ကျော် ဖမ်းဆီးနှိပ်စက်ခံနေရကြောင်း၊ ဆေးရုံဆေးခန်း ၅၀ ကျော်နှင့် လူနာတင်ယာဉ် ၄၀ ကျော် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာလအတွင်း ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button