သတင်း

ထိုင်းဘက်သို့ စစ်ရှောင်နေရသည့် မြန်မာ ၁၀ ဦး ကိုဗစ်ကူးစက်ခံရ

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသူများအနက် ကိုဗစ်နိုင်တင်း (Covid-19) အတည်ပြုလူနာ ၁၀ ဦးရှိသည်ဟု ထိုင်းဘက်မှ တာဝန်ရှိသူက အတည်ပြုသည်။

ဒီဇင်ဘာ ၁၆ ရက်မှစ၍ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသူများထဲတွင် မဲဆောက်မြို့နယ် မယ့်ကုကင်းရွာ၌ ခိုလှုံနေသူ ၅၀၀၀ ကျော်အနက် လူ ၁၀၀ ကျော်ကို ကိုဗစ်နိုင်တင်းကပ်ရောဂါ သံသယဖြင့် သီးခြားခွဲထားရသည်ဟု ထိုရွာမှ ရပ်ကွက် ၁ ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူ ထိုင်းနိုင်ငံသား ဦးစိုးပိုင်က ပြောသည်။

ကိုဗစ်ကူးစက်ခံထားရသူများကို ဒီဇင်ဘာ ၂၅ မှစ၍ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုသူတို့ကို ထိုင်းအာဏာပိုင်များက မဲဆောက်ဆေးရုံ၌ ကုသပေးလျက်ရှိသည်ဟု ၎င်းက ပြောသည်။

“လွန်ခဲ့တဲ့ ၄ ရက်လောက်က နှစ်ယောက်စတွေ့တာ။ ကိုဗစ်ပိုးတွေ့တဲ့သူတွေကို ဆေးရုံ တိုက်ရိုက်ခေါ်သွားတယ်။ မယ်တောင်ကျောင်းမှာ ခိုလှုံနေတဲ့သူတွေကို နွားတင်ကုပ်ထဲ ကားနဲ့ ရွှေ့တဲ့အချိန်မှာ ဆိုတော့ ပိုးတွေ့တဲ့သူတွေတင်လာတဲ့ကားက အစုလိုက်ကို ဘေးနားမှာ ကန့်ပြီးထားထားတယ်”ဟု ဦးစိုးပိုင်က ပြောသည်။ 

ကိုဗစ်လူနာများ၏ ကျန်းမာရေးအခြေအနေအသေးစိတ်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။

ထိုစစ်ဘေးရှောင် ၅၀၀၀ ခန့်သည် မယ့်ကုကင်းရွာဘက်ခြမ်း၊ သောင်ရင်းမြစ်ကမ်းပေါ်ရှိ နွားတင်းကုပ်ထဲတွင် နေထိုင်လျက်ရှိပြီး ပြင်ပအလှူရှင်များ ဝင်ရောက်ခွင့် ပိတ်ပင်ထားကာ ထိုင်းအာဏာပိုင်များက စားဝတ်နေရေးထောက်ပံ့နေသည်ဟု ဦးစိုးပိုင်ထံမှ သိရသည်။

ထို့အတူ မြန်မာဘက်အခြမ်း၊ သောင်ရင်းမြစ်ကမ်းပေါ်ရှိ ကိုင်းတောထဲတွင် ခိုလှုံနေသည့် စစ်ရှောင် ၂၅၀၀ ခန့်၏ စားရေးသောက်ရေးကိုလည်း ကိုယ်တိုင် နေ့စဉ်ကူညီပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် လေးကေ့ကော်ဘက်၌ ပစ်ခတ်တိုက်ခိုက်သံများမကြားရသဖြင့် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းနဖူးတွင် ခိုလှုံနေသူများအနက် ထက်ဝက်နီးပါး ဖလူး-ကျောက်ခက်လမ်းဘက်သို့ ယမန်နေ့(ဒီဇင်ဘာ ၂၈) မှစ၍ ပြန်ရွှေ့သွားသည်ဟု ဦးစိုးပိုင်က ပြောသည်။

မြန်မာဘက်ခြမ်းမှ စစ်ရှောင်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဦးစိုးပိုင်၏အဆိုအရ မြန်မာဘက်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် ဆေးဝါး၊ အနွေးထည်နှင့် ရိက္ခာများ လိုအပ်နေသည်ဟု သိရသည်။

“သက်ကြီးရွယ်အိုတွေပါလာတယ်။ ကျွန်တော်တို့ထောက်ပံ့ပေးတာ စောင်တို့၊ အိပ်ရာခင်းတို့၊ ဆေးဝါးတွေ ထောက်ပံ့ပေးတယ်။ ကိုင်းတောထဲ ဖြတ်တိုးတော့ ခြေထောက်တွေ ကွဲလို့ ဆေးဝါးတွေ အရေးပေါ်တောင်းတယ်”ဟု ဦးစိုးပိုင်က ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သောင်းခွဲဝန်းကျင်ရှိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံမှ သိရသည်။

“သေနတ်သံတွေတိတ်လာရင် ပြန်နိုင်တဲ့အနေအထားမှာ ပြန်တာတွေရှိတယ်။ ပြန်နေရင်းနဲ့ တိုက်ပွဲပြန်ဖြစ်ပြီး ပြန်ပြေးရတာတွေလည်းရှိတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုများငြိမ်သက်နေသည့် လေးကေ့ကော်ဘက်သို့ စစ်ရှောင် ၁၀၀၀ ဝန်းကျင် ပြန်သွားပြီဟု ထိုင်းအာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ ဘီဘီစီက ယမန်နေ့တွင် ရေးသားထားသည်။

ထိုင်းနယ်စပ် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်နံဘေး ကိုင်းတောထဲတွင် စစ်ရှောင်နေရသည့် လေးကေ့ကော်ဒေသခံများကို ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − Shine Thu Ya

စစ်ကောင်စီ၏ ယနေ့ထုတ်သတင်းစာများတွင် စစ်ရှောင်များ ပြန်လာကြရန် ဖိတ်ခေါ်ထားသည်ဟု ဆိုထားသော်လည်း ဒေသတွင်းသို့ အလုံးအရင်းဖြင့် စစ်ဆင်လာသည့် တပ်များ ပြန်မရုပ်လျှင် ယုံကြည်နိုင်စရာမရှိဟု ၎င်းက မှတ်ချက်ပြုသည်။

“တပ်တွေက အခု တောက်လျှောက် တိုးပြီးရင်း တိုးလာတာ။ အာရှလမ်းမကြီးမှာ သူတို့တပ်တွေ တိုးလာတဲ့အခါမှာ ကျွန်တော်တို့ ပြန်တိုက်ချလိုက်တာ တပ်ရင်းမှူးရော၊ တပ်ခွဲမှူးရော ကျသွားတာ။ ကျွန်တော်ပြောချင်တာက တပ်တွေက မရုပ်ဘူးဗျ။ မရုပ်တဲ့အခါကျတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေမှာပဲ” ဟု ပဒိုစောတောနီးက ပြောသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ချိန်တွင် စစ်ကောင်စီကို ဆန့်ကျင်သူအများအပြား လေးကေ့ကော်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး ဒီဇင်ဘာ ၁၄ ရက်တွင် စစ်တပ်က အတင်းအကျပ်ဝင်ရောက်ဖမ်းဆီးစဉ် ထိုဒေသအတွင်း တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။

စစ်ကောင်စီက လက်နက်ကြီးအပြင် ဗုံးကြဲလေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တို့ပါ အသုံးပြု၍ အပြင်းအထန်ပစ်ခတ်ရာတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ပင် ကျည်များကျရောက်ခဲ့သဖြင့် ထိုင်းစစ်တပ်က လေးကေ့ကော်နယ်စပ်တစ်လျှောက်၌ စစ်အင်အားနှင့် ယန္တရားများ ချထားသည်အထိ ဖြစ်ခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button