သတင်း

မြေမြှုပ်မိုင်းကြောင့် လေးကေ့ကော်ဒေသခံများ နေရပ်မပြန်နိုင်သေး

တိုက်ပွဲများကြောင့် ကရင်ပြည်နယ်အတွင်းရှိ လေးကေ့ကော်မြို့သစ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ထောင်နှင့်ချီသော ဒေသခံများမှာ တစ်နှစ်ပြည့်ပြီဖြစ်သော်လည်း မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နေရပ်မပြန်နိုင်ကြသေးပေ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်ပိုင်းက လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသူများကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးရာမှ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အခြေအနေတင်းမာပြီးနောက် နှစ်ဖက် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

မြဝတီမြို့နယ်အတွင်း KNU ထိန်းချုပ်မှုအောက်ရှိ လေးကေ့ကော်မြို့သစ်တစ်ဝိုက်ကို စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။​

ခရစ္စမတ်ကာလမတိုင်မီ အိမ်ပြန်ရန် မျှော်လင့်ခဲ့သော်လည်း မြေမြှုပ်မိုင်းကြောင့် မသေချာတော့ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ တလောတပို့စစ်ရှောင်စခန်းမှ လေးကေ့ကော်ဒေသခံတစ်ဦးက ဆိုသည်။ 

“ပြီးခဲ့တဲ့နိုဝင်ဘာမှာ နေရပ်ပြန်ဖို့အတွက် လူကြီးတွေညှိနေကြတာ။ အခု မြေမြှုပ်မိုင်းတွေရှိနေလို့ ပြန်ဖို့က မသေချာတော့ဘူး။ ဒီကြားထဲသာ တိုက်ပွဲဖြစ်ရင် ပြန်ဖို့ ထပ်ကြာသွားနိုင်တယ်”

နယ်စပ်စည်းမျဉ်းတစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများအနက် မြန်မာဘက်ခြမ်း သောင်းရင်းမြစ်ကမ်းဘေးရှိ တလောတပို့စခန်းတွင် လေးကေ့ကော်ဒေသခံ အများဆုံးရှိနေပြီး လူဦးရေ ၁၅၀၀ ကျော်ရှိသည်ဟု သိရသည်။

လေးကေကောမြို့သစ် ရပ်ကွက်များအတွင်းမှ တူးဖော်ထားသည့် လက်လုပ်​ ရှော့တိုက် မြေမြှုပ်မိုင်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ –  Supplied)

လေးကေ့ကော်မြို့သစ်တွင် ရပ်ကွက်ခြောက်ခုရှိသည့်အနက် အမှတ် ၃ နှင့် အမှတ် ၆ ရပ်ကွက်တို့တွင် မြေမြှုပ်မိုင်း အများဆုံးရှိနေသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

“ကျွန်မတို့အိမ်မှာ မိုင်းနှစ်လုံးတွေ့တယ်။ ကျွန်မတို့နေတဲ့ရပ်ကွက် ၃ မှာ မြှုပ်ထားခဲ့ကြတာ အများကြီးပဲ။ မိသားစုဝင်တစ်ဦး အလုပ်ကိစ္စနဲ့ လေးကေ့ကော်ကို ခဏပြန်တော့ တွေ့လာခဲ့တာ။ ခုထိ မရှင်းရသေးဘူး” ဟု တလောတပို့စစ်ရှောင်စခန်းတွင် လက်ရှိနေထိုင်နေသူ အမျိုးသမီးက ပြောသည်။

လေးကေ့ကော်မြို့သစ်ကို မကြာခဏ အဝင်အထွက်ရှိသည့် ဒေသခံ အမျိုးသားတစ်ဦးကလည်း “ကျွန်တော်တို့နေတဲ့ အိမ်ဝင်းထဲမှာတောင် မိုင်းနှစ်လုံးရှိတယ်လို့ သိရတယ်။ အိမ်ပြန်ဖို့လည်း မသေချာတော့ဘူး” ဟု ပြောဆိုသည်။

စစ်ပွဲကြောင့် နယ်စပ်အနီး ယာယီစစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရသည့် လေးကေ့ကော်ဒေသခံများအနေဖြင့် ၎င်းတို့၏အမည်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြပေ။

မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် လေးကေ့ကော်နှင့် အနီးတစ်ဝိုက်ကျေးရွာများဖြစ်သည့် ပဟိကလော၊ ထီးမယ်ဝါးခီးတို့တွင်လည်း နင်းမိုင်းနှင့် ထောင်မိုင်းများရှိနေသည်ဟု KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အရာရှိတစ်ဦးထံမှ သိရသည်။

“ပြောရရင် အခုတွေ့တဲ့မိုင်းတွေက ဘယ်ဘက်ကလဲ မသိဘူး။ နှစ်ဖက်စလုံးက သုံးကြပါတယ်။ စစ်ပွဲနေရာကြီးဖြစ်ခဲ့တော့ ဘယ်ဘက်ကဆိုတာ တိတိကျကျ ပြောဖို့ခက်တယ်။ ကျွန်တော်တို့ဘက်ကတော့ အရပ်သားတွေရှိတဲ့နေရာနဲ့ အရပ်သားဧရိယာတွေမှာ မိုင်းထောင်လေ့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ထိုင်းနယ်စပ်အနီး သောင်းရင်းမြစ်ကမ်းဘေးရှိ တလောတပို့ စစ်ရှောင်စခန်းကို ယခုနှစ် မေလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ –  Supplied)

လက်ရှိတွင် လေးကေ့ကော်မြို့ရှိ မြေမြှုပ်မိုင်းများရှင်းလင်းရန် မြို့အုပ်ချုပ်ရေးပိုင်းနှင့် DKBA အပါအဝင် စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) လည်း ပါဝင်သည်ဟု သိရသည်။​

လေးကေ့ကောအုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာတွင် မိုင်းရှင်းနေကြောင်း ဆိုသော်လည်း အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုသို့ရှင်းလင်းနေသည် ဆိုသော်လည်း လူနေအိမ်ခြံဝင်းများအတွင်း မြေမြှုပ်မိုင်းများရှိနေသည့်အတွက် လေးကေ့ကော်ဒေသခံများ နေရပ်ပြန်နိုင်ရေးမှာ မည်သည့်အချိန်တွင် ဖြစ်မည်ကို မသိနိုင်သေးပေ။​

ဆွစ်ဇာလန်အခြေစိုက် မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားသည့်အဖွဲ့ (ICBL) ၏ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတွင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းအသုံးပြုမှု သိသိသာသာများလာသည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခ အကြီးအကျယ်ဖြစ်ပွားခဲ့ရာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ တစ်သန်းကျော်ရှိသည်ဟု ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button