သတင်း

နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်က ကိုဗစ်စည်းမျဉ်းအချို့ဖြေလျှော့

ကိုဗစ်ရောဂါထိန်းချုပ်ရေး အကြောင်းပြချက်ဖြင့် သုံးနှစ်နီးပါးကြာ အသွားအလာကန့်သတ်ထားသည့် နယ်စပ်မြို့များ ပြန်ဖွင့်လိုက်ပြီးနောက် မြန်မာနှင့် နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံဘက် စည်းမျဉ်းအချို့ ဖြေလျှော့ပေးလာကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်တွင် တရုတ်နိုင်ငံ၏ မြို့ကြီးများ၌ ကိုဗစ်ထိန်းချုပ်ရေးစည်းမျဉ်းများအပေါ် ဆန္ဒပြပွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် အသွားအလာကန်သတ်ချက်များ ဖြေလျှော့ရာတွင် မြန်မာနယ်စပ်အနီးရှိ ရွှေလီ၊ ကျယ်ဂေါင်နှင့် ဝမ်တိန်မြို့များလည်း ပါဝင်သည်။

တပြိုင်တည်းတွင် နယ်စပ်ဂိတ်များတွင်လည်း ကန့်သတ်ချက်အချို့ ဖြေလျှော့လာကြောင်း အမည်မဖော်လိုသည် မူဆယ်အခြေစိုက် ကုန်သည်အမျိုးသားတစ်ဦးက ဆိုသည်။

ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရန် တရုတ်ဘက်က တစ်ဖက်သတ်ချမှတ်သည့် ကားပိုးသတ်ဆေးဖျန်းခြင်း၊ ယာဉ်မောင်းအစားထိုးပြောင်းလဲခြင်းနှင့် မြန်မာဘက်မှ ကားများဝင်ခွင့်ပိတ်ပင်ခြင်းကို ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ လွယ်ဂျယ်နယ်စပ်ဂိတ်တွင် ဒီဇင်ဘာ ၁၁ မှစ၍ ဖျက်သိမ်းပေးလိုက်ကြောင်း ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တွင် အစားထိုး ယာဉ်မောင်းစနစ် ဆက်ရှိနေသေးသော်လည်း အခြားကန့်သတ်ချက်များ ဖြေလျှော့လာကြောင်း သိရသည်။

“ကိုဗစ်တွေ မစစ်တော့ဘူး။ ကားတွေဝင်သွားရင် ပိုးသတ်ဆေးကွင်းမှာ ပုံမှန်ဆိုရင် ၁၂ နာရီထားရတယ်။ အရင်တုန်းက ၄၈ နာရီထားရတယ်။ အခုထားစရာ မလိုတော့ဘူး” ဟု အထက်ပါ ကုန်သည်က ပြောသည်။

ကိုဗစ်ပိုးမစစ်ဆေးသဖြင့် ရှန်ဟိုင်းနှင့် ပေကျင်းမြို့မှ ကုန်သည်များဆင်းဝယ်သလို မြန်မာနိုင်ငံဘက်မှ ပို့ကုန်တင်ပို့မှုမှာလည်း ယခင်က တစ်ရက်လျှင် ကားအစီးရေ ၇၀ ဝန်းကျင်သာရှိသော်လည်း ယခုအခါ အစီးရေ ၁၀၀ ကျော်ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။ 

သို့သော် အစားထိုးယာဉ်မောင်းစနစ်ဆက်ရှိနေခြင်းကြောင့် ကုန်ကျစရိတ်နှင့် အချိန်ကြန့်ကြာနေသဖြင့် အမြန်ဖျက်သိမ်းရန် လိုအပ်ကြောင်းလည်း သူက ထောက်ပြသည်။

ယခင်က ကုန်သွယ်ရာတွင် မူဆယ် ၁၀၅ မိုင်မှ တရုတ်နိုင်ငံထဲအထိ တိုက်ရိုက်ဝင်ထွက်နိုင်သော်လည်း အစားထိုးယာဉ်မောင်းစနစ်ကြောင့် ယာဉ်မောင်းများကို အဆင့်ဆင့်ပြောင်းလဲပြီးမှ ဝင်ရောက်နိုင်သည်။

အစားထိုးယာဉ်မောင်းစနစ်နှင့် ကိုဗစ်ဆိုင်ရာကန့်သတ်ချက်ကို တရုတ်က ဦးဆောင်ချမှတ်ခြင်းဖြစ်ပြီး ကားတစ်စီးလျှင် ပုံမှန်ကုန်ကျစရိတ်၏ နှစ်ဆမှသုံးဆအထိ ပိုကုန်ကျနေကြောင်း အမည်မဖော်လိုသည့် နောက်ထပ်ကုန်သည်တစ်ဦးက ဆိုသည်။ 

“အဓိကက တရုတ်ကပဲ လွှမ်းမိုးတာ။ သူက အင်အားကြီးနိုင်ငံကို။ သူက သူဖြစ်ချင်တာကို သူလုပ်တာလေ။ ကျွန်တော်တို့ဘက်ကိုက သူတို့လုပ်ပြီးပြီ အစီစဉ်ဆွဲပြီးပြီဆိုမှ သတင်းက ပို့တာလေ။ တစ်ဖက်ကပဲ လုပ်မှ (ဖျက်သိမ်း) ရမယ်လို့ ထင်တယ်။ အားလုံးက သူပဲလုပ်တာလေ” ဟု ၎င်းက ဆိုသည်။ 

တရုတ်နယ်စပ်မြို့များ အသွားလာကန့်သတ်မှုဖြေလျှော့ခြင်းဖြစ်၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုအတွက် သက်ရောက်မှုရှိနိုင်သော်လည်း ကန့်သတ်ချက်အားလုံး ဖျက်သိမ်းခြင်းမဟုတ်ဟု သိရသည်။ 

တရုတ်၏ ခြေလှမ်းသည် ပိတ်ထားသော နယ်စပ်ဂိတ်အားလုံးပြန်ဖွင့်အမည်အခြေအနေဖြစ်ကြောင်း၊ ယနေ့တွင် ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်(KIA) ထိန်းချုပ်နယ်မြေအရှိ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ခဲ့ကြောင်း နယ်စပ်ကုန်သည်များက ဆိုသည်။ 

တရုတ်နိုင်ငံသည် မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာ့ဆန်၊ ပဲမျိုးစုံ၊ သစ်သီးဝလံနှင့် ရေထွက်ကုန်များ အဓိကတင်ပို့ရောင်းချနေကာ တရုတ်မှ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းလျက်ရှိသည်။ 

မြန်မာအနေဖြင့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်စခန်းများမှတစ်ဆင့် တရုတ်နှင့် ကုန်သွယ်နေသည်။ ၂၀၂၂ ဧပြီမှ ဒီဇင်ဘာ ၂ အထိ ထိုနယ်စပ်ဂိတ်များမှ တရုတ်နှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံရှိကြောင်း စစ်ကောင်စီလက်အောက်ခံ စီပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button