ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသအတွင်း စစ်ကောင်စီလက်အောက်ခံ BGF ခေါ် နယ်ခြားစောင့်တပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် အသင့်ပြင်ထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း BGF တပ်များ ဝင်ရောက်လာခြင်းဖြစ်ပြီး အရေအတွက်အတိအကျမသိရသေးဟု ဆိုသည်။
“ကျွန်တော်တို့ဘက်က သတိကြီးကြီးထားပြီးတော့ စောင့်ကြည့်ရတဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ဆိုတာ အပြည့်အဝရှိထားပါတယ်” ဟု ယနေ့ ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်းတို့ တိုက်ခိုက်သိမ်းပိုက်ထားသည့် သေ့ဘောဘိုးစခန်းကို ပြန်တိုက်ယူရန် စစ်ကောင်စီတပ်က ဖလူးကြီးကျေးရွာတွင် တပ်စွဲထားသည့် BGF စခန်းကို မေ ၂၀ မှ စတင်၍ အင်အားဖြည့်တင်းနေကြောင်း ကရင်ပြည်နယ်အခြေစိုက် KIC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မကြာသေးမီက တပ်မဟာ ၁ နယ်မြေ မွန်ပြည်နယ် ဘီးလင်း၊ တပ်မဟာ ၅ နယ်မြေ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့ဘက်မှ BGF အင်အားအများအပြား ပြန်ဆုတ်သွားခဲ့သည်။
လေးကေ့ကော်ဒေသရှိ မယ့်ထော်သလေး၊ ထီးမယ့်ဝါးခီးနှင့် ဖလူးဒေသဘက်တွင် BGF တပ်ဖွဲ့ဝင်များ၏ စစ်ရေးလှုပ်ရှားမှုများကို တွေ့မြင်နေရခြင်းကြောင့် စစ်ရေးအရ သတိထားပြီး ဆောင်ရွက်နေကြောင်း တပ်မဟာ ၆ အခြေစိုက် ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ကော်ဘရာစစ်ကြောင်း (Cobra Column) သည် KNLA၊ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) တို့နှင့်အတူ ပူးတွဲတိုက်ခိုက်နေသည့် ဒေသခံတပ်ဖွဲ့တစ်ခုဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် ရဟတ်ယာဉ်ကွင်းပါရှိသည့် သေ့ဘောဘိုးစခန်းကို မေ ၁၈ ညနေတွင် KNLA နှင့် ကော်ဘရာစစ်ကြောင်းတို့ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီ၏ ဒုတပ်ရင်းမှူး သေဆုံးပြီး သုံ့ပန်း ၇ ဦး အရှင်ဖမ်းမိခဲ့သည်။
ထိုစခန်း ပြန်သိမ်းလိုသည့် စစ်ကောင်စီက နယ်မြေကျွမ်းကျင်သော BGF တပ်များ စေလွှတ်နေခြင်းဖြစ်နိုင်သည်ဟု ကော်ဘရာစစ်ကြောင်းက ခန့်မှန်းသည်။
“သူတို့ ပြန်ကြိုးစားလာနိုင်ခြေရှိတယ်ဆိုတာတော့ မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်” ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ကရင် BGF ဆိုသော်လည်း စစ်တပ်အလိုကျ လုပ်နေသည့် အဖွဲ့ဖြစ်သည်ဟု KNU တပ်မဟာ ၅ ဗျူဟာမှူး စောဂီနွီးက ပြောသည်။
“ဒီလို နယ်ခြားစောင့်တပ်တွေက စစ်ကောင်စီတပ်လက်အောက်ခံဖြစ်သည်နဲ့အမျှ စစ်ကောင်စီပေးတဲ့ လစာကို စားနေရတော့ သူတို့ခိုင်းတာ အကုန်လုပ်ပေးရတာပေါ့” ဟု ၎င်းက KNU-Mutraw News နှင့် တွေ့ဆုံမေးမြန်းသည့် အစီအစဉ်တွင် ပြောသည်။
စစ်တပ်က အဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ ၆ နယ်မြေဖြစ်သော မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသအတွင်း ယမန်နှစ် ဒီဇင်ဘာမှစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)