သတင်း

မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ် ကူးစက်ဖြစ်ပွားမှု နည်းပါးလာ

မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိနေဆဲဖြစ်သော်လည်း ကူးစက်ခံရသူအရေအတွက် များစွာမရှိကြောင်း ကျန်းမာရေးဌာနများက ယနေ့ (မေ ၁၉) တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ကူးစက်မှုအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်နိုင်တင်းအတည်ပြုလူနာသစ် ၆၃၀၅ ဦးရှိပြီး သေဆုံးသူ ၄၂ ဦးရှိသည်ဟု ထိုင်းကျန်းမာရေးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

လောနိုင်ငံ ကျန်းမာရေးဌာနထံမှ ယနေ့ ကိုဗစ်ဆိုင်ရာ ထုတ်ပြန်ချက် ရှိမရှိ မသိရသေးပေ။

မေ ၈ ရက်နေ့ AFP သတင်းတစ်ပုဒ်တွင်မူ လောနိုင်ငံက ပြည်ပခရီးသွားဝင်ရောက်မှုကို ခွင့်ပြုမည်၊ အရက်ဆိုင်နှင့် ကာရာအိုကေခန်းမတို့လည်း ပြန်ဖွင့်နိုင်မည်ဟု ဌာနဆိုင်ရာ အရာရှိတို့က ပြောဆိုကြောင်း ရေးထားသည်။

မြန်မာနိုင်ငံတွင် အတည်ပြုလူနာသစ် ၁၄ ဦး ရှိသည်ဟု ယနေ့ထုတ်ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

အိန္ဒိယတွင်မူ ကူးစက်မှုနှုန်း ယမန်နေ့ထက် ပိုများသည်ဟု တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် တွေ့ရသည်။

အိန္ဒိယကျန်းမာရေးဌာနက ၎င်းတို့နိုင်ငံတွင် ကူးစက်ခံရသူ ၂၃၆၄ ဦး ရှိသည်ဟု ယနေ့ ထုတ်ပြန်ထားကြောင်း သတင်းဌာနများက ဖော်ပြထားသည်။ ယမန်နေ့ထုတ်ပြန်ချက်တွင်မူ ၁၈၂၉ ဦး ဖြစ်သည်။ 

မြန်မာနှင့် ကပ်လျက်တည်ရှိသော နာဂလန်း၊ မဏိပူပြည်နယ်တို့တွင် ကူးစက်ဖြစ်ပွားမှု နည်းပါးပြီး မီဇိုရမ်ပြည်နယ်တွင်မူ ကူးစက်သူ ၂၆ ဦး ရှိသည်ဟု ထိုပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်ဟု ဆိုသည်။ မီဇိုရမ်သည် ချင်းပြည်နယ်ဘေးမှ ပြည်နယ်ဖြစ်သည်။  

တရုတ်တွင် ယမန်နေ့က အတည်ပြုလူနာသစ် ၁၉၁ ဦးရှိကြောင်း တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက သတင်းထုတ်ပြန်သည်။ ထိုအထဲမှ ၈၂ ဦးမှာ ကူးစက်မှုများပြားသော ရှန်ဟဲမြို့မှ ဖြစ်သည်ဟု ဆိုသည်။ 

နိုင်ငံအများအပြားက ကူးစက်မှု နည်းပါးစေရန် ကိုဗစ်ကာလအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုကို ပိတ်ပင်ကာ ပြည်တွင်းသွားလာမှုကိုလည်း ကန့်သတ်ထားခဲ့ကြသည်။

ယခုအခါ ကူးစက်မှုနှင့် သေဆုံးနှုန်း ကျဆင်းလာသဖြင့် ခရီးသွားလာမှုဆိုင်ရာ စည်းကမ်းချက်များ ပိုမိုဖြေလျှော့ပေးသည့်နိုင်ငံများ ရှိလာသည်။ 

ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူများလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်သဖြင့် လူများသည့် နေရာတွင် နှာခေါင်းစည်းတပ်ဆင်ကြရန် ကျန်းမာရေးဌာနများက သတိပေးနေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button