သတင်း

မြန်မာသို့ ကိုဗစ်ကာကွယ်ဆေး မှောင်ခိုသွင်းသူ ၃ ဦး အိန္ဒိယတွင် အဖမ်းခံရ

မြန်မာနိုင်ငံသို့ အိန္ဒိယနယ်စပ်မှတဆင့် ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ဆေးနှင့် အခြားဆေးများ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းသူသုံးဦးကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရဲတပ်ဖွဲ့က မြို့တော်အင်ဖလ်အနီး ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယသတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။

အသက် ၃၀ အရွယ် မိုဟာမက်ဖက်ရော့ဇ်ခန်း၊ ၂၂ နှစ်အရွယ် အင်မ်ရန်းခန်းနှင့် ၂၃ နှစ်အရွယ် ရှဗ်ဟမ်းကူမာအာနန် တို့ကို အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Covishield ဆေးဘူးများ၊ ကိုဗစ်ကုသရာတွင် အသုံးပြုသော Remdesivir အပြင် အခြားဆေးဝါး ပမာဏအများအပြားနှင့်အတူ ဩဂုတ် ၂၂ တွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

မိုဟာမက်ဖက်ရော့ဇ်ခန်း နှင့် အင်မ်ရန်းခန်းတို့မှာ မဏိပူရပြည်နယ်မှဖြစ်ကာ ကျန်တစ်ဦးမှာ အခြားပြည်နယ်မှ လာ၍ ပြည်နယ်မြို့တော် အင်ဖလ်တွင် အခြေစိုက်သူဖြစ်သည်ဟု ဆိုသည်။

မဏိပူရ ရဲတပ်ဖွဲ့သည် အင်ဖလ်မြို့တော်အပြင်ဘက် ကန်ချီပူမြို့အတွင်း အဝေးပြေးလမ်းမဘေးရှိ ဈေးအနီး ဖြတ်သန်းသွားလာနေသည့် ကားများကို စစ်ဆေးခဲ့ရာ အဆိုပါ လူသုံးဦးကို ၎င်းတို့၏ ကားနှင့်အတူ ဖော်ပြပါ ဆေးဝါးများ၊ တရားမဝင်ပစ္စည်းများနှင့် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဆေးဝါးများမှာ နယ်စပ် မိုရက်မြို့မှတဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် ဖြစ်သည်ဟု ၎င်းတို့က ဝန်ခံခဲ့ကြောင်း သတင်းက ဆိုသည်။ 

ထိုသို့ သိမ်းဆည်းရမိခဲ့သည့် ကိုဗစ်ကာကွယ်ဆေးများ၊ ကိုဗစ်ကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ မှောင်ခိုဈေးကွက်အတွင်း ရောက်ရှိလာရသည့် ရင်းမြစ်နှင့် ယင်းတရားမဝင်လုပ်ငန်းတွင် အခြားသူများ ပါဝင်ပတ်သက်နေခြင်း ရှိမရှိ စုံစမ်းဖော်ထုတ်သွားမည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ 

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်း ကိုဗစ်ရောဂါကူးစက်မှု တတိယလှိုင်းစတင်ခဲ့ပြီး ယင်းတစ်လတည်းအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၆,၀၀၀ ရှိခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ မြေပြင်အခြေအနေအရ ယင်းပမာဏထက် များပြားနိုင်ကြောင်း လူမှုကူညီရေးအသင်းများက ဆိုသည်။

စစ်ကောင်စီ၏ စီမံခန့်ခွဲမှု မရှိခြင်းကြောင့် ကိုဗစ်ဖြင့် လူအသေအပျောက် အဆမတန်များပြားလာခဲ့ရာ ကိုဗစ်ရောဂါသက်သာအောင် ကုသရာတွင် အရေးပါသည့် ဆေးများသာမက ပါရာစီတမောကဲ့သို့ ပုံမှန်အိမ်သုံးဆေးများပါ ဆေးမြင့်တက်လာခဲ့သည်။ ထို့နောက် Remdesivir နှင့် ကိုဗစ်အသက်ကယ်ဆေးဟု ပြောဆိုရောင်းချသည့် အရေးပေါ်ဆေးဝါးအချို့ ဝယ်ယူရောင်းချသော မှောင်ခိုဈေးကွက်များလည်း ပေါ်ပေါက်လာသည်။ 

၁၀ ကြိမ်ထိုးနိုင်သည့် Covishield တစ်ဘူးလျှင် ပုံမှန်ဈေး ၈၀,၀၀၀ ကျပ်သာ ရှိသော်လည်း အွန်လိုင်းဈေးကွက်ဟု ခေါ်ဆိုရမည့် လူမှုကွန်ရက်စာမျက်နှာများတွင် ၂၅ ဆကျော် ဈေးခေါ်ကာ ကျပ်သိန်း ၂၀ ဖြင့် ရောင်းချသူများရှိကြောင်း အရောင်းအဝယ်ပြုလုပ်သူ ငါးဦးထံမှ Myanmar Now က သိရသည်။

ဗိုင်းရပ်စ်သတ်ဆေးဖြစ်သည့် Remdesivir မှာ တစ်လုံးလျှင် ၈၅,၀၀၀ မှ ၄၀၀,၀၀၀ ဝန်းကျင်၊ ကိုဗစ်အသက်ကယ်ဆေးဟု ကင်ပွန်းတပ်၍ ရောင်းချနေသည့် RoActemra (သွေးလေးဖက်နာရောဂါသည်များသုံးသည့် အရောင်ကျဆေး) တစ်လုံးလျှင် ၆၅ သိန်းခန့် အထိပေါက်ဈေးရှိကြောင်း အွန်လိုင်းတွင် ရောင်းချနေသည့် အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

၎င်းတို့၏ ပြောပြချက်အရ Covishield နှင့် Remdesivir ဆေးများကို အိန္ဒိယနယ်စပ်မှ တင်သွင်းလာသူများထံမှ တဆင့်ရယူရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ တင်သွင်းလာသည့် ကာကွယ်ဆေးများ၏ ဈေးမှာလည်း တရားမဝင် တင်သွင်းသူတို့၏ ခေါ်ဈေးဖြစ်ကြောင်း ဆိုသည်။ 

တရားမဝင်တင်သွင်းသည့် ကာကွယ်ဆေးများ ဖြစ်သည့်အလျောက် တင်သွင်းလာရာ လမ်းတလျှောက် အအေးခန်းသိုလှောင်စနစ် (Cold chain) ပျက်၊ မပျက် သေချာမသိနိုင်ကြောင်း ရန်ကုန်အခြေစိုက် ဆရာဝန်များက ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button