ရွေးကောက်ပွဲ

UEC အဖွဲ့ခွဲ ဥက္ကဋ္ဌများကို အကျပ်ကိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံအနှံ့ တာဝန်ယူခဲ့သည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ ဥက္ကဋ္ဌများကို ခံဝန်ထိုး၊ အမှုဖွင့်နည်းလမ်းများဖြင့် ခြိမ်းခြောက်၍ မဲမသမာမှုလုပ်ခဲ့သည်ဟု ပုံဖော်ရန် စစ်ကောင်စီက စီစဉ်နေသည်။

မဲစာရင်းမှားသည်ဟု ဝါဒဖြန့်ပြီး အရပ်သားအစိုးရကို ဖြုတ်ချ၊ အာဏာသိမ်းမှု တစ်နှစ်ပြည့်ခါနီးအထိ စာရွက်ပေါ်မှ ကိန်းဂဏန်းများမှအပ သက်သေခိုင်ခိုင်မာမာ မပြနိုင်သေးချိန်တွင် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဖွဲ့ခွဲဥက္ကဋ္ဌများကို ထိုသို့ အကျပ်ကိုင်မည်ဆိုသော သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အဖွဲ့ခွဲဥက္ကဋ္ဌများကို လုပ်ပိုင်ခွင့်အလွဲသုံးသည့် အကြောင်းပြချက်ဖြင့် အရေးယူရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ညွှန်ကြားထားခြင်းဖြစ်ပြီး ဇန်နဝါရီလဆန်းမှစ၍ လုပ်ဆောင်နေသည်ဟု ရန်ကုန်တိုင်းအတွင်းမှ အဖွဲ့ခွဲ တစ်ခု၏ အတွင်းရေးမှူးက အတည်ပြုသည်။

“လောလောဆယ်တော့ ကျွန်တော့်ဆီမှာ ဆောင်ရွက်ဆဲပါ။ ကိန်းဂဏန်းတွေနဲ့ ပြောလို့မရသေးဘူး၊ စိစစ်နေဆဲကာလဖြစ်နေတော့” ဟု ၎င်းက ပြောသည်။

“ ပြီးရင် လုံခြုံရေးအခြေအနေအရရော ဒါတွေက ထုတ်ပြန်လို့လဲ မရသေးတော့ ဆောင်ရွက်ဖို့ရှိပါတယ်။ လောလောဆယ် ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အဲဒီလောက်ပဲ ပြောပါရစေ” 

သူ၏ ဒေသအတွင်း မည်သည့်ပုဒ်မဖြင့် လူအရေအတွက်မည်မျှကို တရားစွဲမည်ဆိုသည်ကိုမူ သူက ထုတ်မပြောပေ။ 

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ သတင်းမီဒီယာတို့အတွက် ထုတ်ပြန်ထားသည့် UEC ၏ မှတ်တမ်းအရ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌစုစုပေါင်း ၄၀၀ ကျော်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ အာဏာသိမ်းချိန်တွင် စစ်တပ်စခန်းအသီးသီးက UEC တွင် မြို့နယ်အဆင့်မှ ဗဟိုအဆင့်အထိ တာဝန်ယူခဲ့သူများကို ခေါ်ယူထိန်းသိမ်းထားလိုက်သည်။ အများအပြားမှာ တစ်လကျော်အကြာတွင် ပြန်လွတ်လာသည်၊ အကျယ်ချုပ်သဘော စောင့်ကြည့်ခံနေရသူများ ဖြစ်လာသည်။ ဗဟိုတွင် တာဝန်ယူခဲ့သူတို့မှာ ပြန်လွတ်မလာသေးပေ။

ပြည်နယ်အဆင့် အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူတစ်ဦးကမူ ပမာဏသတ်မှတ်မထားဘဲ ငွေဒဏ်ချနိုင်သည့် တရားမဲ့ပြုကျင့်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၇၁-ဆ ဖြင့် ၎င်းတို့ကို တရားစွဲရန် စစ်ကောင်စီက စီစဉ်နေသည်ဟု အတည်ပြုသည်။ သို့သော် တရားဝင်ဆင့်ခေါ်စာမရောက်သေးဟု ၎င်းက ပြောသည်။

“အရေးယူတာက အချက်သုံးချက်နဲ့။ ပထမအချက် မဲစာရင်းမှားယွင်းမှုတဲ့။ ဒုတိယတစ်ချက်ကျတော့ မဲလက်မှတ်ပျောက်ဆုံးမှုတဲ့။ တတိယတစ်ချက်ကျတာ့ ဒီ အသက် ၆၀ ကြိုတင်ဆန္ဒမဲပေးတာကို သွားရောက်ကြည့်ရှုတာ အားနည်းမှုတဲ့။ ဒီအချက်သုံးချက်နဲ့ ကျွန်တော်တို့ကို စွဲတာ”

အမှန်တရားကိုသာ ပြော၍ ထိုကိစ္စကို ရင်ဆိုင်ရန် ၎င်းကိုယ်တိုင်နှင့် ၎င်း၏ လက်အောက် ခရိုင်၊ မြို့နယ် အဖွဲ့ခွဲများတွင် အတူတကွ တာဝန်ယူခဲ့ကြသူတို့က ဆုံးဖြတ်ထားသည်ဟု ထိုသူက ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရပေ။

“အားလုံးက ဘာပြောလဲဆိုတော့ ကိုယ်မှားတာ မဟုတ်ဘူးတဲ့၊ ဝန်မခံနိုင်ဘူးတဲ့၊ အမှန်အတိုင်းတော့ ပြောမယ်၊ ဟိုဘက်ထိမယ်၊ ဒီဘက်ထိမယ်ဆိုတာမျိုး ငဲ့ကွက်မနေဘူး တဲ့”ဟု အထက်ပါ ပြည်နယ်အဆင့်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောသည်။

တရားစွဲရာတွင် တိုင်း၊ ပြည်နယ်၊ ခရိုင်အဆင့် အဖွဲ့ခွဲအတွင်းရေးမှူးများက တရားလိုလုပ်မည်ဖြစ်ကာ မြို့နယ်အဆင့်အဖွဲ့ခွဲအတွင်းရေးမှူးများက စစ်ကောင်စီဘက်မှ သက်သေထွက်မည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

“သူတို့(အဖွဲ့ခွဲအတွင်းရေးမှူး)က တပ်ကနေ အသွင်ပြောင်းလာတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒါကြောင့်မို့ သူတို့ကို အရေးမယူတာလား ဘာလားတော့ မသိဘူးလေ။ အခုအခြေအနေက သွားဝင်စွက်ဖက်ပြောရင်လဲ မကောင်းဘူး။ ပြောလို့လဲမရဘူး”ဟု ၎င်းက မှတ်ချက်ပြုသည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ်အဖွဲ့ခွဲဥက္ကဋ္ဌတစ်ဦးကလည်း “မသိနားမလည်၍ မဲမသမာမှုလုပ်မိသည်” ဆိုသည့် သဘောမျိုး ခံဝန်တစ်ခုကို လက်မှတ်ထိုးခိုင်းပြီး စစ်ကောင်စီနှင့် မပြေလည်သူကိုသာ အမှုဖွင့်ရန် စီစဉ်မည်ဟု ကြားသိရကြောင်း ပြောသည်။

အထူးအားဖြင့် ရွေးကောက်ပွဲအနိုင်ရသူကို ရှုံးနိမ့်သူက ကန့်ကွက်လွှာတင်ထားသည့် မြို့နယ်များ၌သာ စစ်ကောင်စီက ထိုသို့ လုပ်ဆောင်မည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေကြောင်း ထိုသူက ဆက်ပြောသည်။

“တရားဝင်ထုတ်ပြန်ထားတာတော့ မတွေ့မိဘူး”ဟု မကွေးတိုင်းရှိ မြို့နယ်အဖွဲ့ခွဲဥက္ကဋ္ဌက ဆိုသည်။

အများကြည်ညိုလေးစားသူဆိုသော ဂုဏ်ဒြပ်ကြောင့် အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူများမှာ သမ္မတတစ်ဦး၏ ရာထူးသက်တမ်း ငါးနှစ်နှင့် အတူပင်ဖြစ်၍ ၎င်းတို့၏ အခန်းကဏ္ဍမှာ ယာယီသာဖြစ်သည်။

စစ်ကောင်စီ၏ တရားလို သို့မဟုတ် သက်သေဖြစ်လာမည့် အဖွဲ့ခွဲအတွင်းရေးမှူးများမှာမူ ပင်စင်၊ သေဆုံး၊ နုတ်ထွက်၊ ထုတ်ပယ်တို့နှင့် မကြုံရသေးသမျှ မဲစာရင်းကောက်ယူမှု၊ စစ်ဆေးမှု၊ ငွေကြေးသုံးစွဲမှုနှင့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုများ အားလုံးတွင် စဉ်ဆက်မပြတ် တာဝန်ယူရသည့် လခစားဝန်ထမ်းများဖြစ်သည်။

UEC အဖွဲ့ခွဲအတွင်းရေးမှူးများမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ရွေးကောက်ပွဲအရာရှိအဖြစ် သတ်မှတ်ခံရသူများလည်း ဖြစ်သည်။ ပြည်နယ်အဆင့်တွင် ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်အဆင့်တွင် လက်ထောက်ညွှန်ကြားရေးမှူး စသည့် ဌာနဆိုင်ရာဝန်ထမ်းရာထူးအလိုက် ခံစားခွင့်များကိုလည်း ထိုသူတို့က ရရှိထားသည်။

“ရွေးကောက်ပွဲရဲ့ စလယ်ဆုံး အဓိကလုပ်ငန်းဆောင်ရွက်တာက ရွေးကောက်ပွဲအရာရှိပဲ။ ရွေးကောက်ပွဲအရာရှိကတော့ ဘာမှမဖြစ်ဘဲနဲ့ သူတို့က တရားလိုဖြစ်ပြီးတော့မှ အများယုံကြည်တဲ့ပုဂ္ဂိုလ် ကျွန်တော်တို့ကျတော့ တရားခံ။ ကျွန်တော်တို့က ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့သူက တရားခံဆိုတော့ ဘာပြောရမှန်းလဲ မသိတော့ဘူး”ဟု အထက်ပါ ပြည်နယ်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲရလဒ်များ ရေတွက်နေစဉ်။ (ဓာတ်ပုံ − EPA/EFE)

စစ်တပ်၏​ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အပြီးအပြတ်အာဏာရှိသည့် UEC က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဖွဲ့နိုင်သည်အထိ ထပ်မံအနိုင်ရကြောင်း ကြေညာပြီးဖြစ်သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုပင် ဥပဒေနှင့် ဆန့်ကျင်စွာ စစ်ကောင်စီက ပယ်ဖျက်သည်ဖြစ်၍ ထူး၍ မအံ့သြကြောင်း ဝါရင့်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“အဲဒါဟာ ဥပဒေနဲ့ မညီဘူး။ ငါတို့လဲ လုပ်ချင်ရာလုပ်မယ်။ မင်းတို့လဲ လုပ်ချင်ရာလုပ်တော့လို့ စိန်ခေါ်တာပေါ့။ အဲဒါ စိန်ခေါ်တယ်လို့ ခေါ်တယ်” ဟု ၎င်းက သုံးသပ်သည်။

“သူကတော့ လုပ်ချင်ရာ လုပ်မှာပဲ။ နောက်လဲ သူလုပ်ချင်ရာ လုပ်အုံးမှာပဲ။ ဥပဒေက သူ့လက်ထဲရှိတာကိုး”

မဲမသမာမှုဖြင့် နာမည်ကျော်သည့် ၂၀၁၀ ရွေးကောက်ပွဲကို ကိုင်တွယ်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးကို UEC ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ပြီးနောက်တွင် မဲတစ်ကြိမ်ထက်ပိုပေးသူများကို အရေးယူမည်ဟုလည်း ကြေညာခဲ့ဖူးသည်။

သို့သော် ၂၀၂၁၊ အောက်တိုဘာ ၂၂ ရက်တွင် ထိုသို့ ထုတ်ပြန်ကြေညာပြီး ၂ လကျော် ကြာချိန်အထိ သက်သေ၊ သာဓကများကို ထုတ်မပြနိုင်သေးပေ။ စစ်ကောင်စီထံမှ ထုတ်ပြန်ချက်ရလေ့ရှိသည့် သတင်းမီဒီယာအချို့တွင် တစ်ဦးစ၊ နှစ်ဦးစ အရေးယူမှုများ ဖော်ပြသည်ကိုသာ တွေ့ရသည်။

“သက်သေပြမယ်ဆိုတော့ သက်သေပြစရာက မရှိတဲ့အခါကျတော့ ဒါတွေကို သက်သေပြဖို့ သူတို့ ကြိုးစားတဲ့သဘော။ သူတို့အနေနဲ့ အတင်းအဓမ္မလုပ်ယူပြီး မမှန်သက်သေပြဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ပဲ ကျွန်တော်ယူဆပါတယ်”ဟု NLD ပါတီမှ ဦးနေဇင်လတ်က မှတ်ချက်ပြုသည်။

၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းလွှတ်တော် ကန့်ဘလူမဲဆန္ဒနယ်အမှတ် ၂ မှ ရွေးကောက်တင်မြှောက်ခံထားရသူဖြစ်သည်။

စစ်ကောင်စီကမူ အာဏာသိမ်းပြီး ၎င်းတို့ ဖမ်းထားသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရလက်ထက်တွင် UEC ဥက္ကဋ္ဌဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်များကို ရွေးကောက်ပွဲမသမာမှုပုဒ်မများဖြင့် အမှုဖွင့်မည်ဟု ကြေညာထားပြီး ဖြစ်သည်။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် မသမာမှုဖြစ်နိုင်ဖွယ်ရာ ဖြစ်စဉ်များ အများပြည်သူ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ခြင်းမရှိသည့် တပ်နယ်မြေအတွင်းရှိ မဲရုံအချို့တွင် ပေါ်ပေါက်သည်ကို Myanmar Now အပါအဝင် သတင်းဌာနအချို့က မှတ်တမ်းတင်နိုင်ခဲ့သည်။

စစ်တပ်က တည်ထောင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲရုံကိုယ်စားလှယ်ထံတွင် ဆန္ဒမဲအမှတ်အသားရိုက်နှိပ်သည့် တံဆိပ်တုံးအတုတွေ့မှုများ ဖော်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်များက အရေးယူခဲ့ရဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button