ရွေးကောက်ပွဲ

စဉ့်ကူးတွင် UEC တံဆိပ်တုံးအတု ယူလာသူကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် အမှတ် (၁) ရပ်ကွက်၊ မဲရုံအမှတ် (၃) တွင် မဲပေးသူတစ်ဦးထံမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တံဆိပ်တုံးအတု တွေ့ရှိရ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားသည်။ 

မဲရုံအတွင်း တံဆိပ်တုံးအတုယူဆောင်ခဲ့သူကို ရာဇသတ်ကြီးပုဒ်မ လိမ်လည်မှုပုဒ်မ ၄၂၀၊ တံဆိပ်အတု အပပြုလုပ်မှု ပုဒ်မ ၄၆၈ ဖြင့် အမှတ်( ၁ ) ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းက တရားလိုပြုလုပ်ကာ စဉ့်ကူးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။ 

အသက် ၄၉ နှစ်အရွယ် ရေတွင်းတူးလုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းဇော်ဆိုသူသည် ယနေ့ (နိုဝင်ဘာ ၈) နံနက် ၈ နာရီခွဲတွင် စဉ့်ကူးမြို့ အမှတ် (၁) ရပ်ကွက်၊ မဲရုံ( ၃) သို့ လာရောက်မဲပေးရာတွင် အင်္ကျီအတွင်းဝှက်၍ ယူဆောင်လာသော တံဆိပ်တုံးကို ထုတ်ယူရာတွင် မဲရုံတာဝန်ကျဝန်ထမ်းများက တွေ့ရှိပြီးနောက် တံဆိပ်တုံးအတုကို သိမ်းဆည်းကာ ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားခဲ့သည်။ 

“သူ့ကိုစစ်တော့ လမ်းကကောက်လာတာလို့ ပြောတယ်။ တံဆိပ်တုံးအတုနဲ့ မဲပေးမယ်ဆိုတာက ပယ်မဲဖြစ်အောင် အကြံနဲ့လုပ်တာ ဖြစ်တယ်” ဟု စဉ့်ကူးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်စိုးက ဆိုသည်။

“လူက မူးလည်းအတော်မူးနေတာ၊ ဘယ်လိုရည်ရွယ်ချက်လဲတော့ မသိဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

စဉ့်ကူးမြို့နယ်တွင် မဲရုံပေါင်း ၁၀၆ ရုံ၊ မဲပေးခွင့်ရှိသူ ၁၁၅,၀၀၀ ကျော်ရှိပြီး မဲဆန္ဒရှင်များသည် မဲရုံ အသီးသီးတွင် နံနက် ၄ နာရီကတည်းက လာရောက်တန်းစီနေကြသည်ဟု ကော်မရှင်တာဝန်ရှိသူများက ဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ၊ မဲရုံ အမှတ်( ၆) တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ မဲရုံကိုယ်စားလှယ်ထံ၌ UEC တံဆိပ်တုံးတစ်ခုနှင့် မဲလက်မှတ်နမူနာပုံစံ စာရွက်အချို့ကို ယနေ့တွင် တွေ့ရှိရ၍ ရပ်ကျေးကော်မရှင်က အမှုဖွင့်ခဲ့သည်။ 

စဉ့်ကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းများနှင့်အတူ တစ်သီးပုဂ္ဂလတစ်ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ 

ရာဇသတ်ကြီး ပုဒ်မ ၄၂၀ သည် လိမ်လည်မှုဖြစ်ပြီး ပုဒ် ၄၆၈ သည် လိမ်လည်အတုပြုထားသော စာတမ်း၊ အမှတ်အသားကို သုံးစွဲမှုဖြစ်ကာ ပြစ်မှုထင်ရှားပါက ပုဒ်မနှစ်ခုလုံးစီတွင် ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ 

Show More

Related Articles

Back to top button