သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၄ နှစ် ထပ်ချ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ထမ်းဆောင်နေစဉ် နေပြည်တော်နေအိမ်မှ ဆက်သွယ်ရေးစက်များ တွေ့မှုဖြင့် ပုဒ်မခွဲ၍ စွပ်စွဲခံထားရသည့် အမှုနှစ်ခု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ (ဇန်နဝါရီ ၁၀)တွင် စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ် ကျခံစေရန် ဒုတိယအကြိမ် အမိန့်ချသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်ကိုင်တွယ်သည့် တရားခွင်က ယနေ့ အမိန့်ချမှတ်ရာတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် ၁ နှစ်၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ၂ နှစ် အမိန့်ချသည်။

ထို့အတူ စစ်ကောင်စီ၏ ကမ်းလှမ်းချက်ဖြင့် နေပြည်တော်၊ လယ်ဝေးမြို့နယ်နေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း ဦးထွန်းမြင့်အောင် (ခ) ဦးညီညီဆိုသူက စွဲဆိုထားသည့် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချသည်။

သို့သော် ထိုပုဒ်မ ၃ ခုအတွက် တစ်ပေါင်းတည်း ထောင်ဒဏ် ၄ နှစ်ဖြစ်သည်ဟု တရားသူကြီး ဦးမောင်မောင်လွင်က သတ်မှတ်ကြောင်း တရားရုံးနှင့် နီးစပ်သူက အတည်ပြုသည်။

၂၀၂၁၊ ဒီဇင်ဘာ ၆ ရက်က ဆူပူစေရန် လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု ပုဒ်မ ၂ ခုဖြင့် ချမှတ်ခဲ့သည့် ၄ နှစ်ကိုမူ စစ်ကောင်စီက ထောင်ဒဏ်ထက်ဝက် ညတွင်းချင်း ပြန်လျှော့ဖူးသည်။ ယနေ့ ထပ်မံအမိန့်ချသည့် အမှု ၃ မှု၏ ပြစ်ဒဏ်များကို ပြန်လျှော့ရန် ရှိမရှိ မသိရသေးပေ။

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံး ချုပ်ကိုင်မည်ဟု ကြေညာကာ အာဏာသိမ်းပြီး တစ်နှစ်ဝန်းကျင်အတွင်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၆ မှု တရားစွဲပြီးသည့်အနက် ၅ မှုအတွက် ထောင်ဒဏ်သတ်မှတ်ပြီးဖြစ်ကာ စုစုပေါင်း ၆ နှစ်အထိ ရှိလာသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်သို့ မပို့ဘဲ လက်ရှိထားရှိသည့် လျှို့ဝှက်နေရာတွင်သာ ဆက်လက်ချုပ်နှောင်ထားသည်ဟု စစ်ကောင်စီက ပြောထားသည်။

သို့သော် ပြီးခဲ့သည့်လ ပထမဆုံး ထောင်ဒဏ်သတ်မှတ်ပြီးချိန်မှစ၍ အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသူဝတ်စုံ အညိုရောင် ယောဂီထဘီ၊ အဖြူရောင် လက်စကအင်္ကျီကို ဝတ်ဆင်စေသည်ဟု တရားရုံးနှင့် နီးစပ်သူက အတည်ပြုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ် ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်က ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မဲမသမာမှုဖြင့် အရေးယူမည်ဟုလည်း ကြေညာထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရပြီး တရားရုံးရောက်ပြီးဖြစ်သည့် ပုဒ်မပေါင်း ၁၆ ခုအနက် ထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိစွပ်စွဲချက် ၁၀ မှုထိ ပါဝင်နေသည်။

လူထုဆန္ဒမဲနှင့် အုပ်ချုပ်နေသည့် အစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းခဲ့သည့် စစ်တပ်က NLD ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တို့ကဲ့သို့သော ပါတီထိပ်တန်းပုဂ္ဂိုလ်များကိုပါ အဂတိဖြင့် စွပ်စွဲထားသည်။

အဂတိမှု ၅ မှု တပ်ခံရသည့် ဒေါ်နန်းခင်ထွေးမြင့်ကို ၂၀၂၁၊ နိုဝင်ဘာ ၉ ရက်က အမိန့်ချရာတွင် အမြင့်ဆုံးပြစ်ဒဏ်ကို တစ်မှုချင်းအလိုက်ခွဲ၍ စုစုပေါင်း ထောင် ၇၅ နှစ်အထိ စစ်ကောင်စီက ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အမှုများစွာကို ထိုသို့ ထောင်ဒဏ်သတ်မှတ်မည်ဆိုလျှင် နှစ် ၁၅၀ နှင့်အထက်ပင် ရှိနိုင်သည်။

စစ်ကောင်စီသည် တရားမဝင်အာဏာသိမ်းသည့် လုပ်ရပ်ကို ဖုံးကွယ်ရန် NLD ခေါင်းဆောင်များအပေါ် ရည်ရွယ်ချက်ရှိရှိ ထိုသို့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက ပြီးခဲ့သည့် နှစ်ကုန်ပိုင်း၌ပင် သုံးသပ်ပြောဆိုထားသည်။

“(စစ်ကောင်စီ) သူတို့ဟာ နိုင်ငံတော်ပုန်ကန်မှုကြီးကို ကျူးလွန်တဲ့သူတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့သည် မူလ၊ တရားဝင် အာဏာရရှိထားတဲ့သူတွေကို မပျက်ပျက်အောင် ဖျက်ရမှာ။ သူတို့ရဲ့ ထွက်ပေါက်ပေါ့ဗျာ။ မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာသလိုပေါ့”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်သတ်မှတ်မှုများအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ ဥက္ကဋ္ဌ Charles Santiago က “အတုအယောင်တရားစီရင်မှု” ဟုပင် ၂၀၂၁၊ ဒီဇင်ဘာ ၆ ရက်က ဝေဖန်ဖူးသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကလည်း မြန်မာစစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာအသိအမှတ်မပြုမှု ပိုမိုနက်ရှိုင်းလာမည်ဟု ထိုကာလအတွင်း ထောက်ပြဖူးသည်။

ယနေ့ တရားခွင်အတွင်း တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အတည်ပြု၍ မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button