သတင်း

နိုင်ငံ့အကြီးအကဲများကို ထောင်ဒဏ် ထက်ဝက်ပြန်လျှော့၊ ထောင်သို့မပို့

စစ်ကောင်စီက ၎င်းတို့ ထောင်ဒဏ်ချထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ထောင်ဒဏ် ၄နှစ်ကို ထက်ဝက်လျှော့ကြောင်း၊ လက်ရှိ ထိန်းသိမ်းထားသည့် နေရာ၌ပင် ထားရှိမည်ဖြစ်ကြောင်း ညတွင်းချင်းသတင်းထုတ်ပြန်သည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ အာဏာသိမ်းကတည်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ကိုင်စွဲမည်ဟု ကြေညာထားသည့် စစ်ကောင်စီ၏ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တရားရုံးက နိုင်ငံ့အကြီးအကဲများကို ဆူပူစေရန် လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှုတို့ဖြင့် ယနေ့ (ဒီဇင်ဘာ ၆) မွန်းတည့်ချိန်မတိုင်မီ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းဌာနများ၏ ည ၈ နာရီသတင်းတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ ထောင်ဒဏ် နှစ်နှစ်ကို လွတ်ငြိမ်းသက်သာ၊ ပုဒ်မ ၅၄၁ ပုဒ်မခွဲ ၁ အရ ကျန်ရှိထောင်ဒဏ်ကို လက်ရှိထိန်းသိမ်းထားသည့် နေရာ၌ပင် ကျခံရန် အမိန့်ထုတ်ပြန်ကြောင်း ကြေညာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဖြစ်သည့် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သည့် အသက် ၇၀ အရွယ် ဦးဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းပြီးနောက်မှ ပါတီက ထုတ်ပြန်သော စစ်ကောင်စီ တရားမဝင်ကြောင်း စာနှစ်စောင်ကို အကြောင်းပြု၍ ဆူပူစေရန်လှုံ့ဆော်မှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ်ချခဲ့ခြင်းဖြစ်သည်။

ထိုအမှုတွင် အလားတူ ထောင်ဒဏ်ချခံရသူ နေပြည်တော်မြို့တော်ဝန် NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးအောင်နှင့် ပတ်သက်၍မူ စစ်ကောင်စီ၏ ယနေ့ညထုတ်ပြန်သည့် အမိန့်၌ တစ်စုံတစ်ရာ ပါဝင်ခြင်းမရှိသလို ၎င်း၏ အခြေအနေကို သီးခြားအတည်မပြုနိုင်သေးပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို အထက်ပါအမှုအပြင် ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကြိုဆိုခြင်းအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ ဖြင့် ၂ နှစ်ပါ သီးခြားကျခံစေရန် နေပြည်တော်ကောင်စီဝင်းအတွင်း ထားရှိပြီး ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင် ကြားနာသည့် တရားခွင်က တစ်နေ့တည်း အမိန့်ချခဲ့သည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ထမ်းဆောင်စဉ်ကတည်းက နေအိမ်တွင် အတူရှိနေသည့် အခြား ၈ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အတည်မပြုနိုင်သေးသည့် တစ်နေရာ၌ စစ်ကောင်စီက ထိန်းသိမ်းထားသည်။ သမ္မတဦးဝင်းမြင့်မှာမူ မည်သို့နေထိုင်နေရသည်ကို မသိရပေ။

ယနေ့တရားရုံးချိန်းအတွင်း ပုဒ်မ ၅၀၅ (ခ) အမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နှင့်အတူ ပူးတွဲရင်ဆိုင်ရပြီး ထောင် ၂ နှစ် ချခံရသည့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးစလုံးမှာ ကျန်းမာစွာဖြင့် တည်တည်ငြိမ်ငြိမ်ရှိနေသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ဒဏ် နှစ်များစွာ ချနိုင်သည့် အဂတိဆိုင်ရာ စွပ်စွဲချက်များအပါအဝင် စုစုပေါင်း ၁၀ မှုဖြင့် ဆက်လက်ရင်ဆိုင်ရရန်ရှိပြီး NLD က အပြတ်အသတ် ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုလုပ်သည်ဆိုကာ အမှုဖွင့်မည်ဟုလည်း စစ်ကောင်စီက ကြေညာထားသေးသည်။

ဦးဝင်းမြင့်ကိုမူ အထက်ပါနှစ်မှုအပြင် သဘာဝဘေးအန္တရာယ်ကျရောက်လျှင် အသုံးပြုရန် ငှားရမ်း၊ ဝယ်ယူသည့် ရဟတ်ယာဉ်ကိစ္စဖြင့် အဂတိမှု၊ မဲမသမာမှု နှစ်ခုဖြင့် စစ်ကောင်စီက စွပ်စွဲထားသည်။

NLD က ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်၏ ထိုအပြုအမူများမှာ တရားဝင် နိုင်ငံ့အာဏာရရှိထားသည့် ခေါင်းဆောင်များကို စွပ်စွဲပြစ်တင်၍ ၎င်းတို့ကျူးလွန်ထားသည့် နိုင်ငံတော်ပုန်ကန်မှုကြီးကို ဖုံးကွယ်ရန်သာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောသည်။

“(အာဏာသိမ်းထားသည့် စစ်တပ်က) နိုင်ငံရေးနဲ့ ပတ်သက်ပြီး စွဲဆိုထားတဲ့ အမှုတွေအားလုံးဟာ မူလကတည်းက ပျက်ပြယ်တဲ့ကိစ္စတွေ ဖြစ်တဲ့အတွက် ဒီအမှုတွေအပေါ် တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ လုံးဝတရားမဝင်ဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ချမှတ်လိုက်သည့် ထောင်ဒဏ်အမိန့်နှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ ဥက္ကဋ္ဌ Charles Santiago ကလည်း “အတုအယောင်တရားစီရင်မှု” ဟု ဝေဖန်ထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကလည်း စစ်ကောင်စီ၏ တရားရုံးက ပြစ်ဒဏ်ချမှတ်မှုမှာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်သာဖြစ်ကြောင်း ယနေ့(ဒီဇင်ဘာ ၆) တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို နိုင်ငံတကာက အသိအမှတ်မပြုမှု ပိုမိုနက်ရှိုင်းလာမည်ဟုလည်း Michelle Bacheletက ထုတ်ပြန်ချက်တွင် ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button