သတင်း

မကွေးဝန်ကြီးချုပ်ကို အဂတိ ၆ မှုအတွက် ထောင် ၁၈ နှစ်ချ

စစ်ကောင်စီတရားရုံးက မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲဆိုထားသည့် အမှု ၆ မှုအတွက် ယနေ့ (ဒီဇင်ဘာ ၃၀) တွင် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့သည်။ 

မကွေးအကျဉ်းထောင်ရှိ အထူးသီးသန့်တရားရုံးတွင် မကွေးတိုင်းအဆင့်တရားသူကြီး ဦးမြင့်သိန်း၊ ဒေါ်မိမိမော် တို့က ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ‌ ဦးတာ တို့ကို စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးချုပ်က (အဂတိနဲ့စွဲတာ) ၆ မှု ရှိတာ၊ တစ်မှုကို ၃ နှစ်စီနဲ့ စုစုပေါင်း ၁၈ နှစ်ချမှတ်ခဲ့ပါတယ်” ဟု ၎င်း၏ ရှေ့နေ ဦးမြင့်အောင်က Myamar Now ကို အတည်ပြုသည်။

အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ်ချမှတ်ရာတွင် တစ်မှုလျှင် ၃ နှစ်ဖြင့် အမိန့်ချခဲ့ခြင်း ဖြစ်သည်။ 

သူ၏ အမှုတွဲများကိုလည်း အလားတူ စီရင်ချက်ချလိုက်သည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာကို ထောင်ဒဏ် ၆ နှစ်၊ တိုင်းအစိုးရအဖွဲ့ဝင်များဖြစ်သော လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးကို ၉ နှစ်၊ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးတင်နွယ်ဦးကို ၁၂ နှစ်၊ သယံဇာတနှင့် လျှပ်စစ်ဝန်ကြီး ဦးမြင့်ဇော်ကို ၃ နှစ် အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။

စီရင်ချက်နှင့် ပတ်သက်ပြီး လွှတ်‌တော်ဥက္ကဋ္ဌ ဦးတာတစ်ဦးတည်းသာ အယူခံတက်မည်ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးမြင့်အောင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ တွင် အသက် ၇၃ နှစ်အရွယ် မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည်။ 

အမိန့်ချခံရပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က ဆောင်ရွက်ခဲ့သည့်လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး ကျေနပ်မှုများရှိခဲ့ကြောင်း ဒေါက်တာအောင်မိုးညိုက ပြောဆိုခဲ့သည်ဟု ရှေ့နေဦးမြင့်အောင်က ဆိုသည်။

“အစိုးရလက်ထက်က လုပ်ခဲ့တာတွေကို ပြန်တွေးပြီး ပီတိဖြစ်မိတယ်။ နဂိုက မရှိခဲ့တဲ့ ကျေးရွာချင်းဆက်လမ်းတွေ၊ တံတားတွေ တည်ဆောက်ပေးခဲ့တာတွေကို ကျေနပ်ပါတယ်၊ ပီတိဖြစ်မိတယ်လို့ ပြောပါတယ်”ဟု ၎င်းက ပြောသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပုဒ်မ ၅၅ ဖြင့် အမှုပေါင်း ၆ မှုဖြင့် အာဏာသိမ်းစစ်ကောင်စီက စွဲဆိုခဲ့သော်လည်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အပြစ်မရှိကြောင်း တုံ့ပြန်ထားသည်။

ဒေါက်တာအောင်မိုးညိုကို မကွေးပညာရေးကောလိပ်၊ မကွေးဒီဂရီကောလိပ်၊ ပခုက္ကူအစိုးရနည်းပညာအထက်တန်းကျောင်း တည်ဆောက်ရာတွင် နိုင်ငံ့ဘဏ္ဍာ ပိုမိုကုန်ကျစေသည်၊ လယ်ယာမြေ၌ Denko ဆီဆိုင်တည်ဆောက်ရန် ခွင့်ပြုရာတွင် ကျပ်သိန်း ၅၀၀ ရယူသည် စသဖြင့် စွပ်စွဲကာ စစ်ကောင်စီက အမှုဖွင့်ထားခြင်း ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရခွင့်ပြုချက်မရှိဘဲ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ သုံးစွဲသည်၊ ဒေသတွင်းဓာတ်အားပေးလုပ်ငန်းများကို လိုင်စင်သက်တမ်းတိုးမပေးသည့် အချိန်တွင် လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားသဖြင့် မြေငှားရမ်းခငွေများ ဆုံးရှုံးသည်ဟုလည်း စစ်ကောင်စီက အကြောင်းပြထားသည်။

ထိုအကြောင်းအရာကိစ္စများနှင့် ပတ်သက်၍ ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးကြောင်း ဖော်ပြထားသည့် ပမာဏတွင် ကျပ် ၉ သန်းမှ သန်း ၂,၅၀၀ နီးပါးထိ ရှိသည်ဟု ဒေါက်တာအောင်မိုးညို၏ ရှေ့နေက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ ဗိုလ်ချုပ်ကြီးများက အသက် ၆၄ နှစ်အရွယ် ဒေါက်တာအောင်မိုးညိုကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၂၁ ဇွန်လအတွင်း ထောင် ၂ နှစ်ချခဲ့ပြီးဖြစ်သည်။ 

ဒီဇင်ဘာ ၁၇ တွင်လည်း ၎င်းကို စစ်ကောင်စီက တစ်မှုတိုးကာ ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးမှုဖြင့် မကွေးမြို့နယ်တရားရုံးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ် စွဲဆိုထားသည်။

စွဲဆိုထားသည့် ပုဒ်မချင်းတူသော်လည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် တစ်မှုအတွက် ထောင်ဒဏ် ၁၅ နှစ်နှုန်း ချမှတ်ခံထားရသည်။

NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော အသက် ၆၇ နှစ်အရွယ် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်၂ နှစ်၊ အဂတိလိုက်စားမှု အမှု ၅ မှုဖြင့် ထောင် ၇၅ နှစ်၊  ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှု  ပုဒ်မ ၁၃၀-က ဖြင့် ထောင် ၃ နှစ် ချမှတ်ခံထားရသည်။ 

ဝန်ကြီးချုပ်များအနက် NLD ထိပ်ပိုင်းခေါင်းဆောင်များကို ပုဒ်မအများအပြားတပ်ကာ နှစ်ရှည်ထောင်ချနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့လည်း အမှုများ ရင်ဆိုင်နေကြရသည်။ 

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်လိုက်ပြီဟု ကြေညာကာ အာဏာသိမ်းပြီးနောက်တွင် လူထုဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ အစိုးရအဖွဲ့ခေါင်းဆောင်များကို ကြီးလေးသည့် အဂတိမှုများအပါအဝင် ပုဒ်မမျိုးစုံတပ်ကာ စစ်ကောင်စီက တရားစွဲ၊ ထောင်ဒဏ်များချမှတ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button