စစ်အာဏာသိမ်းပြီးနောက် အရေးယူလာနိုင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို အတွေ့အကြုံနှင့် ခံနိုင်ရည်ရှိပြီး မိတ်ဆွေနိုင်ငံအနည်းငယ်ဖြင့် ရှေ့ဆက်သွားမည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုထားသည့် စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လာသည်။
စစ်လက်နက်ပစ္စည်းရောင်းဝယ်မှုမှလွဲ၍ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသည့် ၅၁ နိုင်ငံတွင် ရုရှားက အဆင့် ၂၂ တွင် ရှိနေသည်။ နှစ်နိုင်ငံကုန်သွယ်မှုသည်လည်း ၂၀၁၉-၂၀ တွင် အမေရိကန်ဒေါ်လာ ၆၀ သန်းသာရှိသော်လည်း စစ်ကောင်စီက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး တိုးတက်စေရန် ဆက်တိုက်စီစဉ်လာခြင်းဖြစ်သည်။
ပထမအကြိမ် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ တွင် ပြုလုပ်ခဲ့ပြီး ဘဏ်၊ အာမခံ၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့၊ စားသောက်ကုန်ထုတ်လုပ်ခြင်း၊ သတ္တုတူးဖော်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန်၊ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပို့ကုန်တင်ပို့နိုင်ရန် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး ဆွေးနွေးပွဲများဆက်လက်ကျင်းပရန်၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးပူးတွဲကော်မရှင်အစည်းအဝေးပြုလုပ်ရန်၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက်လက်မှတ်ရေးထိုးနိုင်ရန် ရုရှားစီးပွားရေးကောင်စစ်ဝန် Mr. Andrei Lunak နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုဝန်ကြီး ဦးသန်းအောင်ကျော်တို့ အောက်တိုဘာ ၂၅ တွင် ထပ်မံဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် မြန်မာ-ရုရှားစီးပွားရေးဖွံ့ဖြိုးမှုအသင်းတို့ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ယမန်နေ့ (အောက်တိုဘာ ၂၇) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရေးအတွက် အင်အားကြီးနိုင်ငံကြီးများနှင့် ဆက်ဆံနေသည့် အခြေအနေတစ်ရပ်ကို ပြသရန် ရုရှားကို ပြေးကပ်ခြင်းဖြစ်ပြီး ထိုတွေ့ဆုံမှုများမှာလည်း စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးအတွက် အသုံးဝင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက Myanmar Now ကို ပြောသည်။
“ဟန်တွေပန်တွေနဲ့ ရုရှားက ဘယ်သူလာတယ်။ ဘယ်ဝါလာတယ်။ ဘယ်သူနဲ့အစည်းအဝေးလုပ်တယ်။ ဒါမျိုးတွေတော့ သူတို့အတွက် ဝါဒဖြန့်ချိရေးအတွက် အကျိုးရှိပါတယ်။ ကျွန်မတို့ပြည်သူအတွက်ကတော့ အကျိုးမရှိပါဘူး”
ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီလက်ထက်တွင် ရုရှားနှင့် ထိတွေ့ဆက်ဆံမှုပိုများလာသည်ကို တွေ့ရသော်လည်း ရုရှားအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် သံခင်တမန်ခင်းဆိုင်ရာကိစ္စများထက် စစ်လက်နက်များရောင်းချရေးအတွက်သာ အဓိကပစ်မှတ်ထားပုံရကြောင်းလည်း ၎င်းက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒုတိယနိုင်ငံခြားရေးရာဝန်ကြီး ဦးမိုးဇော်ဦးကလည်း စစ်ကောင်စီသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ခိုင်မာသည့်ဆက်ဆံရေးမရှိတော့သည့်အတွက် ရုရှားကို စီးပွားရေးရော၊ နိုင်ငံရေးအရပါ အားကိုးအားထားပြုဖို့ ကြိုးစားနေပုံရကြောင်း Myanmar Now ကို ပြောဆိုသည်။
“ရုရှားက မြန်မာနဲ့ပတ်သက်ရင် အဓိက လက်နက်ရောင်းဖို့နဲ့ စီးပွားရေးအရ ဘာအမြတ်ထွက်မလဲဆိုတာပဲ အဓိကထားတဲ့ သဘောရှိပါတယ်။ သူက အရှေ့တောင်အာရှမှာ ခြေကုပ်ယူဖို့ ကြိုးစားနေတာ ဒေသတွင်းအတွက် ကောင်းတဲ့ သဘောမရှိပါဘူး။ ဒေသအတွင်း ရှုပ်ထွေးမှုတွေပဲ ပိုပြီး ပေါ်ပေါက်လာစေမှာပါ” ဟု ဖမ်းဆီးခံထားရသူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လက်ထောက်တစ်ဦးလည်းဖြစ်သူ ဦးမိုးဇော်ဦးက ဆိုသည်။
စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျု၏ တွေ့ရှိချက်များအရ မြန်မာစစ်တပ်သည် အရှေ့တောင်အာရှတွင် ဗီယက်နမ်ပြီးလျှင် ရုရှားထံမှ စစ်လက်နက်အများဆုံးဝယ်သောနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံအပြောင်းအလဲကို စောင့်ကြည့်သူနှင့် ဘေးထွက်ထိုင်ရန် ကြိုးစားသူများရှိသော်လည်း ရုရှားကမူ အခွင့်အလမ်းအဖြစ် ရှုမြင်ပုံရကြောင်း “အပြောင်းအလဲကပေးသည့် အခွင့်အလမ်းကို ရှာဖွေမည့် မြန်မာ-ရုရှား စီးပွားရေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၉ တွင် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်းပါးတစ်ပုဒ် ရေးသားထုတ်ပြန်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ မတ်တွင် အောင်မြင်နိုင်ခြေနည်း၍ ယာယီရပ်ဆိုင်းထားခဲ့သည့် တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) ကို ရုရှားအကူအညီဖြင့် ၂၀၂၃ တွင် ပြန်လည်ပတ်ရန် စစ်ကောင်စီက စီစဉ်နေသည်။
ထိုနည်းတူ မော်စကိုတွင် ပြုလုပ်သည့် ရုရှားစွမ်းအင်ဖိုရမ်ကို စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦး တက်ရောက်ခဲ့ပြီး မြန်မာတွင် ရေအားလျှပ်စစ်နှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး ဆွေးနွေးခဲ့ကြောင်း အောက်တိုဘာ ၁၄ တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်ထက်၌ ရုရှားနှင့် မဟာဗျူဟာမြောက် ဘက်စုံဆက်ဆံရေးအစီအစဉ်များ တိုးတက်နေကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက Mainichi Shimbun သတင်းစာကို အောက်တိုဘာ ၅ တွင် ပြောခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားက အိမ်ရှင်အဖြစ် ကျင်းပသည့် ၉ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇူလိုင်တွင် တက်ခဲ့သလို ရုရှားနှင့် မြန်မာစစ်တပ်အရာရှိများ အပြန်အလှန်သွားရောက်သည့် ခရီးစဉ်များလည်းရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ဇွန်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ တစ်ပတ်ကြာ ရောက်ရှိစဉ် စစ်လက်နက်ပစ္စည်းများတင်ပို့ရောင်းချသည့် ကုမ္ပဏီများသို့ သွားရောက်ခဲ့သည်။
မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်ထားသည့် ကမ္ဘာ့ထိပ်တန်း စစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်သည့် Rosoboronexport သို့ သွားရောက်ခဲ့ပြီး စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်ကကဲ့သို့ပင် စစ်တပ်အရာရှိအများအပြား ရုရှားတွင် ပညာဆက်သင်လျက်ရှိသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)