သတင်း

စစ်တပ်နှင့် PNO ပေါင်း၍ အောင်ပန်းကာကွယ်ရေး ယာယီစခန်းကို တိုက်ခိုက်

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီကို ဆန့်ကျင်သည့် အောင်ပန်းအထူးကာကွယ်ရေးတပ်ဖွဲ့ (ASDF) ၏ ယာယီစခန်းတစ်ခုကို စက်တင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီတပ်က ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် ပေါင်းတိုက်သဖြင့် ၎င်းတို့၏ယာယီစခန်းကို စွန့်လွှတ်ခဲ့ရကြောင်း ASDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

အောင်ပန်းမြို့မှ ၇ မိုင်ခန့်အကွာ ပင်းတယ – အောင်ပန်း ကားလမ်းအနီး နောင်ရဲရွာဝန်းကျင်ရှိ စခန်းတစ်ခုကို စစ်ကောင်စီဘက်မှ အင်အား ၁၀၀ ကျော်ခန့်ဖြင့် နံနက် ၈ နာရီကျော်တွင် လာတိုက်ကြောင်း၊ လက်နက်အင်အားမမျှ၍ ဆုတ်ခွာပေးခဲ့ရကာ စခန်းမှာ မီးရှို့ခံလိုက်ရကြောင်း အထက်ပါ ASDF အဖွဲ့ဝင်က ပြောသည်။

“စနိုက်ပါတွေရော၊ လက်နက်ကြီးတွေရော သုံးပြီး (အတင်း) ထိုးပြီး ပစ်တာ။ တိုက်ပွဲဖြစ်တာ တစ်နာရီလောက်ကြာတော့ လက်နက်အင်အားမမျှတာကြောင့် ကျွန်တော်တို့က ရှောင်ခဲ့တာ”ဟု ၎င်းက ဆိုသည်။

လက်နက်ကြီးဖြင့် အကြိမ်ရေ ၅၀ ထက်မနည်း ပစ်ခံရသည်ဆိုသည့် ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရသော်လည်း ၎င်းတို့အဖွဲ့အထိအခိုက်မရှိဟု ASDF က ဆိုသည်။ အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ASDF သည် ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကလော အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် မဟာမိတ်ဖွဲ့ကာ လှုပ်ရှားနေသည့်အဖွဲ့ဖြစ်သည်။

“တောင်ပေါ်ကနေ သူပစ်ကိုယ်ပစ် ပစ်ကြတာ။ အဲဒီနေ့က လမ်းပေါ်မှာလည်း ကားတွေ တန်းစီပိတ်တာပဲ။ အခုကတော့ ပုံမှန်ပြန်ဖြစ်နေပြီလို့ ပြောလို့ရတယ်” ဟု တိုက်ပွဲဖြစ်ချိန်တွင် အောင်ပန်း – ပင်းတယ ကားလမ်းပေါ်ရှိနေခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။ 

တိုက်ပွဲဖြစ်သည့် နေ့နှင့် နောက်တစ်ရက် (စက်တင်ဘာ ၁၉) တွင် နောင်ရဲကျေးရွာသားအချို့ကို စစ်ကောင်စီက ဖမ်းဆီးကာ လမ်းပြအဖြစ် အသုံးပြုခဲ့ကြောင်း၊ ညနေပိုင်းတွင် ဖမ်းခံရသူအချို့ ပြန်လွတ်လာသော်လည်း ဒေသအတွင်း စိုးရိမ်ပူပန်မှုမြင့်တက်နေကြောင်း အောင်ပန်းမြို့ လူမှုရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၂၁) အထိ အောင်ပန်း၊ ကလော၊ ပင်းတယ၊ ရွာငံ၊ တောင်ကြီး၊ လမ်းပေါ်တွင် စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးနေဆဲဖြစ်သလို တောင်ကြီးဘက်သို့ တက်လာသည့် စစ်ကားများကိုလည်း တွေ့ခဲ့ရသည်ဟု တောင်ကြီးမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အောင်ပန်းမြို့နယ်အတွင်း နေထိုင်သည့် နောက်ထပ်သတင်းရင်းမြစ်နှစ်ဦး၏ အဆိုအရ နောင်ရဲ၊ လွယ်ဆောင်၊ သရဲဥမင်ရွာများ အနီးတွင် တပ်စွဲထားသည့်​ စစ်တပ်နှင့် PNO အင်အားစုစုပေါင်းမှာ ၂၀၀ ခန့်ရှိကြောင်း၊ ဒေသကာကွယ်ရေးအဖွဲ့စခန်းများကို တောနင်းရှာဖွေနေကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ဒေသတွင်း၌ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသော်လည်း တပ်ဖွဲ့ဝင်များ လုံခြုံသည့်နေရာတွင် ရှိနေသည်ဟု အထက်ပါ ASDF အဖွဲ့ဝင်ကပင် ပြောသည်။

“စခန်းတစ်ခုကို လက်လွှတ်ခဲ့ရပေမဲ့ ASDF အနေနဲ့ စိတ်ဓာတ်မကျပါဘူး။ ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်တိုက်မှာပါ။ ရရင် ရတဲ့နေရာက ရသလို တိုက်ထုတ်သွားမှာ။ ကျွန်တော်တို့ အရှုံးမပေးပါဘူး”ဟု ၎င်းက ပြောသည်။

အောင်ပန်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အထက်ပါ တိုက်ပွဲနှင့် စစ်ရေးလှုပ်ရှားမှုများကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးသလို PNO အဖွဲ့နှင့် ဆက်သွယ်မေးမြန်း၍ မရသေးပါ။

ရှမ်းပြည်တောင်ပိုင်းတွင် PNO အပါအဝင် မတ်ကျိုင်းပြည်သူ့စစ်အဖွဲ့၊ နားရိုင်းပြည်သူ့စစ်အဖွဲ့၊ နားပွဲပြည်သူ့စစ်အဖွဲ့နှင့် ဟိုမိန်းပြည်သူ့စစ်အဖွဲ့(SSS) စသည့် အဖွဲ့များရှိကာ စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို နှိမ်နင်းရန် ဩဂုတ်လမှစ၍ စစ်ကူတောင်းထားသည်။

အောင်ပန်းမြို့နယ်အတွင်းရှိ ရဲစခန်း၊ စစ်တပ်သတင်းပေးဟု နာမည်ကျော်သူတစ်ဦး၏ နေအိမ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စပ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင်တို့ ဗုံးကွဲမှုများမှာ ၎င်းတို့လက်ချက်ဟု ASDF က စက်တင်ဘာ ၉ တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်အသေးစိတ်ကိုမူ စုံစမ်း၍မရသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ရက်စက်စွာ ဖြိုခွင်းနေသည့် စစ်တပ်ကို လက်နက်ကိုင်၍ တုံ့ပြန်သည့် ဒေသကာကွယ်ရေးအဖွဲ့လှုပ်ရှားမှုများ နိုင်ငံအနှံ့ ပေါ်ပေါက်နေသည်။

ထိုအခြေအနေကို ကိုင်တွယ်ရန် ဒေသခံအချင်းချင်း ရန်တိုက်သည့်နည်းဖြင့် အစဉ်အဆက်သုံးခဲ့သည့် ပြည်သူ့စစ်မဟာဗျူဟာကိုပင် စစ်ကောင်စီက ရွေးချယ်ထားကြောင်း တွေ့ရသော်လည်း ယနေ့ခေတ်တွင် ကျဆုံးခန်းရောက်လိမ့်မည်ဟု စစ်ရေးကျွမ်းကျင်သူအချို့က သုံးသပ်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button