သတင်း

စခန်းပြောင်းသည့် စစ်ကောင်စီတပ် ခင်ဦးမြို့အနီး တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို ယနေ့ (ဩဂုတ် ၂၃) နံနက်အရုဏ်တက်ချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

လက်နက်ကိုင်အင်အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်း ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်း ကြာပင်အိုင်ကျေးရွာအနီး ဖြတ်သန်းချိန်တွင် LDF များ၊ ပလဖအဖွဲ့များနှင့် PDF တပ်ခွဲများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ကြာပင်အိုင်ရွာနားကို ရောက်တဲ့အချိန် ကျွန်တော်တို့ မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်တယ်၊ မိုင်းမိပြီးတာနဲ့ လက်နက်ငယ်တွေ၊ စက်လတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပါတယ်။ တိုက်ခိုက်မှုအတွင်းမှာပဲ စစ်သား ၆ ယောက် သေပြီးတော့ ဒဏ်ရာရသူတွေရှိတယ်။ တိုက်ပွဲပြီးတော့ စကစက ကြာပင်အိုင်ကို ဝင်၊ ပြန်ထွက်တဲ့အချိန်မှာ ဒဏ်ရာရထားတဲ့အထဲက တစ်ယောက် ထပ်သေတယ်” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပေစူးတပ်ဖွဲ့ တာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်အကျအဆုံးစာရင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ အာဏာသိမ်းစစ်တပ်ကလည်း ၎င်း၏တပ်များ တိုက်ခိုက်ခံရမှုအခြေအနေများကို ထုတ်ဖော်ပြောကြားလေ့မရှိပေ။

ကြာပင်အိုင်ရွာအနီး တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ နောက်ဆုတ်သွားချိန်တွင် ၎င်းတို့လုပ်နေကျပုံစံအတိုင်း ကျေးရွာအတွင်းဝင်ကာ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီးနောက် ရွှေဘိုသို့ ထွက်ခွာသွားခဲ့ကြောင်း တိုက်ခိုက်သည့်အဖွဲ့များက ဆိုသည်။

ထိုစစ်ကြောင်း ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံတွင် တပ်စွဲထားရာမှ ရွှေဘိုစိုက်ပျိုးရေးသိပ္ပံကျောင်းသို့ သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ (ဩဂုတ် ၂၂) ကလည်း ခင်ဦးမြို့အတွင်း ‌ရောက်ရှိနေသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုက မြို့မှ ထွက်ကာ ရွှေဘိုမြို့နယ်အတွင်းရှိ အမှတ် (၈) လေ့ကျင့်ရေးကျောင်းသို့ ဦးတည်သွားလာနေစဉ် မကျည်းတုံရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။

ခင်ဦး၊ ရေဦးနှင့် ရွှေဘိုတို့တွင် စစ်ကောင်စီတပ် အထိနာလေ့ရှိသည့် PDF များ၏ လက်လုပ်မိုင်းများ (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

ယခုလ ၁၇ ရက်နေ့ ညပိုင်းတွင် ခင်ဦးမြို့ပေါ်ရှိ Black Eagle မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တချို့ နေထိုင်သည့် နေအိမ်တစ်လုံး စီးနင်းခံရပြီး ပစ်ခတ်မှုများအတွင်း အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးပြီး၊ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးနှင့် သေဆုံးသူ ကလေးငယ်၏ မိခင်တို့ ဖမ်းဆီးခံခဲ့ရသည်။ ပြောက်ကျားတပ်ဖွဲ့ဝင်ကို စစ်ကောင်စီတပ်က ညတွင်းချင်းပင် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မြို့ကို ဖြတ်သန်းစီးဆင်းနေသည့် စိုက်ပျိုးရေးမြောင်းအတွင်း စွန့်ပစ်ခဲ့ပြီး၊ ကလေးမိခင်ဖြစ်သူကို PDF တပ်ဖွဲ့ဝင်ဟုဆိုကာ ဖမ်းဆီးထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရေဦးမြို့၌ အထိုင်ချ တပ်စွဲထားသော စစ်တပ်က မူးမြစ်တစ်ဖက်ကမ်း ခင်ဦးမြို့နယ်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ၂ ရက်အတွင်း မူလတန်းကျောင်းသားတစ်ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့သည်။

ယင်းလမှာပင် ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကျေးရွာ စာသင်ကျောင်း၌ ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသလို တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုများ အင်အားကောင်းရာ ခင်ဦးမြို့နယ်တွင် အနောက်ခြမ်းအပါအဝင် နေရာအနှံ့အပြားကို မီးရှို့ခဲ့ရာ ကျေးရွာပေါင်း ၇၄ ရွာမှ နေအိမ်ပေါင်း ၆၀၀၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ပြီး ဖြစ်သည်။ အိမ်မီးရှို့ခံရမှုကြောင့် ဒေသခံ ၃၀၀၀၀ ကျော် အကူအညီများ လိုအပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button