သတင်း

လက်နက်ကြီးဒဏ်ကြောင့် ခင်ဦးမှ ၆ နှစ်သား အပါအဝင် ၄ ဦး သေ

စစ်ကိုင်းတိုင်းအလယ်ပိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာတချို့ကို စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ၂ ရက်အတွင်း ကလေးတစ်ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့သည်။

ရေဦးမြို့၌ အထိုင်ချ တပ်စွဲထားသော စစ်တပ်က မူးမြစ်တစ်ဖက်ကမ်း ခင်ဦးမြို့နယ်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ (ဇူလိုင် ၁၉) မွန်းလွဲ ၂ နာရီခန့်တွင် မူးမြစ်ကမ်းဘေးရှိ သက်ပေးကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲရာ မူလတန်းကျောင်းသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားသည်၊ ဒဏ်ရာရသူများအနက် ၄၇ နှစ်အရွယ် အမျိုးသားမှာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားသည်ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကလေးကတော့ ရေချိုးနေတာ၊ ရေချိုးတဲ့နေရာကို တိုက်ရိုက်ကျပြီး ဆုံးသွားတာ။ ဆေးကုသချိန်တောင် မရလိုက်ဘူး” ဟု သူက ဆိုသည်။

ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က တိုက်ပွဲမရှိသည့်အချိန်တွင်လည်း ဒေသတွင်း ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောကြသည်။

စစ်တပ်က ယနေ့ နံနက်တွင်လည်း လက်နက်ကြီး ၄ လုံး ထပ်မံပစ်ခတ်ခဲ့ရာ သက်ပေးကျေးရွာနှင့် ကပ်လျက်ရှိ မူးသာကျေးရွာအတွင်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသည်၊ ၃ ဦး ဒဏ်ရာအပြင်းအထန်ရသည်ဟု သိရသည်။

“၁၆ ရက်နေ့ကတည်းက နေ့တိုင်း ပစ်နေတာဗျ။ ရေဦးမြို့ပတ်ပတ်လည်ရွာက ကျေးရွာတွေကို ထုနေတာ၊ ညတွေလည်း မထင်ရင်မထင်သလို ထုတာ။ လက်နက်ကြီးတွေ ကြောက်ပြီး (ပြည်သူတွေက) ကိုယ့်ရွာကိုယ်တောင် မနေနိုင်ဘူး” ဟု ခင်ဦးမြို့နယ် ပကဖပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အိမ်နီးချင်း ရေဦးမြို့နယ်တွင် ဇူလိုင် ၁၆ ရက်မှစပြီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေရာ စစ်တပ်က မူးမြစ်အနောက်ဘက်ကပ်လျက် မူးသာကုန်းကျေးရွာတွင် ယနေ့နံနက်က တပ်စွဲထားကြောင်း သိရသည်။

မူးမြစ်ကမ်းဘေးရှိ သက်ပေးရွာ၊ မူးသာကုန်းရွာတို့ကို မြေပုံတွင် တွေ့ရစဉ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မူးမြစ်ကို ဖြတ်ကူး၍ ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် ခင်ဦးအနောက်ခြမ်းမှ ကျေးရွာအများအပြားလည်း ယနေ့ နံနက်ကတည်းက ထွက်ပြေးနေကြောင်း သိရသည်။

အဆိုပါ ရွာများကို ပစ်ခတ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

လက်နက်ကြီး ပစ်ခတ်မှုသည် ရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီလက်နက်ကိုင်များကို အကာအကွယ်ပေးရန် ရည်ရွယ်ပုံရသည်ဟု ရေဦးမြို့ ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကြောင်းရှိတော့ စစ်ကြောင်းကို ကာပစ်ပေးတဲ့သဘောပဲ။ ရေဦးနဲ့ ဒီပဲယင်းအစပ်က ၁၀ ရွာ လောက် ထွက်ပြေးနေကြတာ။ လက်နက်ကြီးကြောက်ရတာတစ်မျိုး၊ မြေပြင်စစ်ကြောင်း ကြောက်ရတာတစ်မျိုး ရှုပ်ထွေးနေတာပဲ” ဟု အဆိုပါ ဒေသခံက ဆိုသည်။

ယမန်နေ့ကတည်းက ထိုစစ်ကြောင်းရန်ကြောင့် ရေဦးမြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများဖြစ်သည့် ဆည်ကြီး၊ ပေါက်သာ၊ ချောင်းပေါက်၊ ဇိန်ဇွန်း ကျေးရွာများ၊ ဒီပဲယင်းမြို့နယ်မှ ညောင်လှ၊ သရက်တော၊ မူးခံတွင်း၊ လက်ယက်ကုန်း စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရာ အရေအတွက်အားဖြင့် ၄၀၀၀ ဝန်းကျင် ရှိသည်ဟု သိရသည်။

အဆိုပါ အရေးပေါ်စစ်ရှောင်ကြရသော မြို့နယ် ၃ ခုမှ ဒေသခံများအတွက် စားနပ်ရိက္ခာအကူအညီများ လိုအပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ထွက်ပြေးတိမ်းရှောင်နေကြသော ဒီပဲယင်းဒေသခံများကို ဇူလိုင် ၁၉ က တွေ့ရစဉ်။ (ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

ပြီးခဲ့သည့် ဇူလိုင် ၁၅ ကလည်း ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကျေးရွာ စာသင်ကျောင်း၌ ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသလို တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ခင်ဦးအနောက်ခြမ်းသည် ယမန်နှစ် နိုဝင်ဘာအတွင်းကလည်း စစ်ကြောင်း ၃ ကြောင်းထက်မနည်း ဒေသအတွင်း ဝင်ရောက်လာသဖြင့် လူ ၅ သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လက်လုပ်များ၊ တူမီးများဖြင့် စတင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသ လက်နက်ကိုင်တော်လှန်ရေးသည် နှစ်နှစ်ကျော်အတွင်း ပိုမိုကောင်းမွန်သည့် လက်နက်များ ရောက်ရှိလာသလို ဒေသခံကာကွယ်ရေးအဖွဲ့များအကြား ချိတ်ဆက်တိုက်ပွဲဖော်မှု တိုးတက်လာသည်ကို တွေ့ရသည်။

နေရာအနှံ့ တိုက်ခိုက်ခံရသဖြင့် မြေပြင်ထိန်းချုပ်မှု အားနည်းလာသည့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကို ပိုမိုသုံးစွဲကာ တုံ့ပြန်နေသည်။

ထိန်းချုပ်မှုအားနည်းလာသည့် စစ်ကိုင်းတိုင်း အပါအဝင် ချင်းနှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန် မြှင့်ရန် စစ်ကောင်စီခေါင်းဆောင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင် ၁၃ တွင် အမိန့်ပေးထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button