သတင်း

မွန်ပြည်နယ် သထုံရှိ PNO ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရုံးကို ယနေ့ (စက်တင်ဘာ ၈) နံနက် ၄ နာရီခွဲခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဦးဆောင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ လာရောက်မည့် ခရီးစဉ်မတိုင်ခင် မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု သထုံခရိုင် PDF မှ နယ်မြေတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်အတွက် လုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဆိုသည်။

“ဝန်ကြီးချုပ်ရယ်၊ လုံနယ်ဝန်ကြီးရယ်၊ ပအိုဝ်းဝန်ကြီးရယ် သူတို့က လူထုစည်းရုံးရေးပုံစံမျိုးနဲ့ နယ်မြေကို ဆင်းလာကြတာ။ တွေ့ဆုံပွဲမဖြစ်ခင်မှာ မိုင်းကို ခွဲလိုက်တာ တွေ့ဆုံပွဲဖြစ်ပြီဆိုရင် ကလေးတွေရော ပြည်သူတွေပါ ထိခိုက်ကုန်မှာစိုးလို့ပါ” ဟု အထက်ပါ သထုံခရိုင် PDF တာဝန်ခံက ဆိုသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။

စစ်ကောင်စီ၏ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် သူ့အနေဖြင့် မသိရှိရသေးကြောင်း ပြန်ဖြေသည်။

နောင်ကုလားရွာ ဒေသခံတစ်ဦးကမူ နံနက် ၅ နာရီခန့်တွင် ပေါက်ကွဲသံကြားရသော်လည်း ရွာအတွင်း လုံခြုံရေးမတင်းကျပ်ကြောင်း၊ နေ့လယ် ၁၁ နာရီခန့်တွင် ပြည်နယ်အစိုးရအဖွဲ့လူကြီးများ လိုက်ပါလာသည့် ကားတန်းများ ရွာသို့ ဝင်ရောက်လာသည်ကို တွေ့မြင်ရကြောင်း ပြောသည်။

“အဆောက်အအုံတွေ ဘာတွေတော့ ထိတာမျိုး မရှိဘူး။ ရုံးရှေ့ ဝင်ပေါက်နားက လမ်းဘေးမှာပဲ ပေါက်သွားတာ” ဟု အထက်ပါ နောင်ကုလားရွာခံက ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှုဖြင့် ကြုံတွေ့ခဲ့ရခြင်းကြောင့် မူလစီစဉ်ထားသည့် PNO ရုံးတွင် တွေ့ဆုံပွဲ မပြုလုပ်တော့ဘဲ နောင်ကုလား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအဆောက်အအုံတွင်သာ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဦးအောင်ခမ်းထီသည် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ လက်ရှိ အာဏာသိမ်းခေါင်ဆောင် မင်းအောင်လှိုင်ကိုယ်တိုင် မကြာခဏ လာရောက်တွေ့ဆုံလေ့ရှိသည်။

ဦးအောင်ခမ်းထီကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ခုနှစ် ဧပြီလ၌ ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button