သတင်း

ဝက်လက်တွင် နေရာလဲသည့် စစ်ကောင်စီတပ်များ ချုံခိုတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းမြို့ဟောင်းဒေသတွင် စစ်ကောင်စီ စစ်ကြောင်းနှစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပြောကြသည်။

သြဂုတ် ၁၆ ရက်နေ့က အင်အား ၇၀ ကျော်ပါသည့် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ အမှတ် (၇၀၄) ခြေမြန်တပ်ရင်းမှ စစ်ကြောင်းတစ်ခုသည် ‌ကျောက်မြောင်းမြို့ဘက်မှ ထွက်လာသည်၊ ဟံလင်းကျေးရွာတွင် ကာလရှည် စခန်းထိုင် တပ်စွဲနေသူများနှင့် နေရာလဲရန် ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

ထိုနေ့က ရွှေဘိုမြိုနယ် ဂွေးကုန်းကျေးရွာအနီးနှင့် ၁၈ ရက်နေ့က ဝက်လက်နယ်အတွင်း ချုံခိုတိုက်ခိုက်ကြသည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် Black Wolf Army အမည်ရ ဒေသကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နှစ်ဖက်ထိတွေ့တိုက်ပွဲကတော့ ၁၆ ရက်နေ့မှာ ဖြစ်တာ၊ ကျန်တဲ့အချိန်တွေကတော့ ပြောက်ကျားတိုက်ခိုက်မှုနဲ့၊ ဒရုန်းနဲ့ ဗုံးချတာမျိုး လုပ်ခဲ့တာပါ။ ကျွန်တော်တို့ရင်းမြစ်တွေဆီက အတိအကျရတာဆိုရင် ဒီကောင်တွေ ဒဏ်ရာရတဲ့ ကောင်တွေကို ကျောက်မြောင်းကနေ မန္တလေးအထိ ချက်ချင်းပို့ဆောင်တာတွေ လုပ်တယ်” ဟု သူက ပြောသည်။

ယင်းတိုက်ခိုက်မှုများကို ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့များဖြစ်သော Black Wolf, Who I am, Forest Fighter, ရွှေဘိုကျားကြီး၊ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းအဖွဲ့များက လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီဘက်က ၁၆ ရက်နေ့ တိုက်ပွဲတွင် ၁ ဦး သေပြီး ၃ ဦး ဒဏ်ရာရသည်၊ ၁၈ ရက်နေ့ တိုက်ပွဲတွင် ၂ ဦး သေပြီး ၅ ဦး ဒဏ်ရာရသည်ဟု Black Wolf အဖွဲ့က ဆိုသည်။

ဝက်လက်အရှေ့ခြမ်းကျေးရွာတစ်ခုမှ ဒေသခံအမျိုးသားတစ်ဦးက “ဟံလင်း ခွေးခြံက ကောင်တွေကို လူလာချိန်းတဲ့ တပ်၊ စဝင်လာတဲ့နေ့က ဂွေးကုန်းရွာမှာ တိုက်တယ်၊ လူတွေလဲပြီးတော့ ပြန်ထွက်တော့လည်း တိုက်တာ။ နှစ်ဖက် တိုက်ပွဲဖြစ်ကြတယ်။ နှစ်ရက်ဖြစ်တာ” ဟု ပြောသည်။

စစ်တပ် ကျန်ရစ်သည့် မောင်းပြန်ရိုင်ဖယ်ကျည်ဆန် ၈၀ ကျော်နှင့် ကျည်အိမ် ၃ ခု မှတ်တမ်းဓာတ်ပုံကို ကာကွယ်ရေးအဖွဲ့များက တိုက်ပွဲသတင်းနှင့်အတူ ဖြန့်ဝေထားသည်။

သိမ်းဆည်းရမိသော စစ်ကောင်စီခဲယမ်းတချို့။ (ဓာတ်ပုံ- Black Wolf Army)

စစ်ကောင်စီတပ်ကလည်း ၎င်းတို့ ချုံခိုတိုက်ခိုက်ခံရသည့် နေရာအနီးမှ ဂွေးကုန်းကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ် ၃၀ ခန့်ကို မီးရှို့ခဲ့သလို ရွာမှ ပြန်ထွက်ချိန်တွင်လည်း မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းက ရွာတွေကနေ ပြန်ထွက်တော့ နင်းမိုင်းတွေ ထောင်ထားခဲ့တာ၊ ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဝင်တော့ ဆိုင်ကယ်နဲ့ နင်းမိပြီးတော့ နှစ်လုံးကွဲတယ်၊ လူတော့ မထိပေမဲ့ ဆိုင်ကယ်တွေကတော့ ပျက်စီးသွားပါတယ်။ မကွဲတဲ့တစ်လုံးကိုတော့ ကျွန်တော်တို့ ဖျက်ဆီးလိုက်ရတယ်” ဟု Black Wolf တာဝန်ရှိသူက ဆိုသည်။

ကျောက်မြောင်းမှ လာသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (၇၀၄) တပ်သည် ၁၆ ရက်နေ့တွင် ဟံလင်းရှေးဟောင်းဒေသသို့ ရောက်ရှိကာ နောက်တစ်နေ့တွင် ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ဟံလင်းစစ်စခန်းမှ တပ်လဲပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် အလယ်ပိုင်းအထိ ဆက်လက် စစ်ကြောင်းထိုးလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နှစ်ကတည်း ဝက်လက်မြို့၊ လှတောရွာနှင့် ဟံလင်းဒေသတို့ကို အခြေပြု၍ စစ်ကောင်စီတပ်က ဒေသတွင်း စစ်ကြောင်းထိုးနေသည်။

ရွှေဘိုမြို့နယ် အမှတ် (၈) လေ့ကျင့်ရေးကျောင်း၊ ကျောက်မြောင်းမြို့ရှိ တပ်ရင်းများမှ စစ်သားများက ယခုနှစ် ဖေဖော်ဝါရီလကုန်မှစ၍ စစ်ကြောင်းသုံးကြောင်းဖြင့် ဝက်လက်မြို့နယ်အတွင်း ရွာစဉ်ပတ် မီးရှို့ကာ စစ်ကြောင်းထိုးခဲ့ကြသည်။

အဆိုပါ စစ်ကြောင်းသုံးကြောင်း၏ စီးနင်းမှုကြောင့် ယခုနှစ် မတ်လဆန်းက ကျေးရွာ ၁၀ ရွာခန့်မှ နေအိမ် ၂၀၀ နီးပါး မီးရှို့ခံခဲ့ရပြီး မတ်လ ၂ က ရွာသား ၃ ဦး၊ ကျေးရွာအဆင့် ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးတို့ သတ်ဖြတ်ခံခဲ့ရသည်။

စစ်တပ်က တိုက်ပွဲသတင်းများကို ထုတ်ပြန်လေ့မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button