သတင်း

ဝက်လက်မြို့နယ်ပစ်ခတ်မှုများတွင် ရွာသား ၃ ဦး၊ ပကဖ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ရွာစဉ်လှည့် မီးရှို့နေသော စစ်သားများက ရွာသား ၃ ဦး၊ ကျေးရွာအဆင့် ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးတို့ကို ယမန်နေ့ (မတ် ၂) တွင် ပစ်သတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

မြို့မြောက်ပိုင်း လှတောကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနှင့် ကျီးကန်ရွာ (တောင်/မြောက်) အနီး တိုက်ပွဲဖြစ်ရာ ကျေးရွာပကဖ အဖွဲ့ဝင် ၄ ဦး တိုက်ပွဲအတွင်း သေဆုံးသလို စစ်တပ်နှင့် တိုးသည့် ရွာသား ၃ ဦးလည်း ပစ်သတ်ခံရသည်ဟု ဆိုသည်။

ပကဖ အဖွဲ့ဝင် ၄ ဦးမှာ ဦးချူ (အသက် ၅၅ နှစ်)၊ ကိုတူးနိုင် (၃၀ နှစ်)၊ ကိုမင်းမင်း (၄၀ နှစ်)၊ ကိုဗိုလ်သန်း (၄၅နှစ်) တို့ ဖြစ်ကြသည်။

စစ်တပ် ရွာအတွင်း ဝင်လာစဉ် ပစ်သတ်ခံရသူတို့မှာ ထွက်ပြေးနိုင်ခြင်းမရှိသည့် ကျီးကန် (မြောက်) ရွာမှ ၇၅ နှစ်အရွယ် ဦးကျော်အေး၊ ထွက်ပြေးစဉ် စစ်သားများနှင့် ထိပ်တိုက်တိုးသည့် ကျီးကန် (တောင်) ရွာမှ အသက် ၄၀ အရွယ် ဦးနိုင်မျိုးမင်း၊ ၅၅ နှစ်အရွယ် ဦးစိုးတင့်တို့ ဖြစ်သည်ဟု ဝက်လက်မြို့နယ် ပကဖ ခေါင်းဆောင် ကိုနေမျိုးအောင်က ပြောသည်။

“တပ်ဖွဲ့ဝင်တွေကတော့ တိုက်ပွဲအတွင်း ကျဆုံးတာပါ။ လှတောက နှစ်ယောက်ဆို စက်လက်နဲ့ ပစ်ခံရတာ။ အရပ်သားတွေထဲကဆို ဦးကျော်အေးဆို အသက်က ကြီးလို့၊ မပြေးနိုင်မလွှားနိုင်မို့ ရွာထဲမှာ ကျန်ခဲ့တဲ့အချိန် ပစ်သတ်သွားတာ” ဟု ဆိုသည်။

စစ်တပ်မီးရှို့သွားသော စစ်ကိုင်းတိုင်းအတွင်းမှ ကျေးရွာတစ်ရွာကို ၂၀၂၂ နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-မိုးဦး/Myanmar Now)

ယခုနှစ် ဖေဖော်ဝါရီလကုန်မှစ၍ ဝက်လက်မြို့၊ လှတောရွာနှင့် ဟံလင်းဒေသတို့ကို အခြေပြု၍ စစ်ကြောင်း သုံးကြောင်းဖြင့် ဝက်လက်မြို့နယ်အတွင်း ရွာစဉ်ပတ် မီးရှို့ကာ စစ်ကြောင်းထိုးနေသူတို့မှာ ရွှေဘိုမြို့နယ် အမှတ် ၈ လေ့ကျင့်ရေးကျောင်း၊ ကျောက်မြောင်းမြို့ရှိ တပ်ရင်းများမှ စစ်သားများ ဖြစ်သည်။

ဝက်လက်နယ်ကျေးရွာများဖြစ်သည့် မကျီးတုံ၊ ပင်းဇင်း၊ မူးကြီး၊ ဝက်လက်ရွဲ၊ တိုက်ကုန်း၊ မုဆိုးခြုံ၊ တဲတော၊ ကျီးကန်(တောင်/မြောက်)၊ သခွတ္တော၊ အောင်ချမ်းသာ၊ စိုင်နိုင်ကြီး စသည့် ကျေးရွာ အနည်းဆုံး ၁၀ ရွာမှ နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံရသည်။

မကျီးတုံရွာမှ နေအိမ် အလုံး ၆၀ ခန့်၊ ဝက်လက်ရွဲမှ ၃၆ လုံး၊ တဲတောမှ ၄၀ လုံး၊ မုဆိုးခြုံမှ ၄၀ လုံး၊ အောင်ချမ်းသာရွာမှ ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မုဆိုးခြုံရွာမှ ဦးမြင့်သန်းဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ထိုဒေသတွင်း စာရင်းပြုစုထားသူများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များသည် ဝက်လက်မြို့တွင် စစ်ကြောင်း တစ်ကြောင်း၊ ရွာသာကြီးကျေးရွာအတွင်း စစ်ကြောင်းတစ်ကြောင်း တပ်စွဲထားသည်။

လှတောရွာတွင် ရှိနေသော စစ်ကြောင်းသည် ယနေ့ နံနက်တွင် စိုင်နိုင်ကြီးကျေးရွာကို မီးရှို့ပြီးနောက် ဝက်လက်နယ်နှင့် ကပ်လျက် ရွှေဘိုမြို့နယ်အတွင်း ဝင်ရောက်သွားကာ ဘုန်းဘွဲ့ကျေးရွာကို ဆက်လက် မီးရှို့နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ မွန်းလွဲပိုင်းတွင် ပြောကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button