သတင်း

စဉ့်ကူးမြို့နယ်ရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့ တိုက်ခိုက်

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် မြောက်ဘက် မိုင် ၄၀ ကျော်သာ ဝေးသည့် စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာရဲစခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စစ်ဒေသ (၁) လက်အောက်ခံ တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ ယနေ့ (စက်တင်ဘာ ၆) မိုးမလင်းမီ တိုက်ခိုက်သည်။

မန္တလေး- မိုးကုတ် ကားလမ်းဘေးရှိ ထိုရဲစခန်းကို ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် မိနစ် ၂၀ ကြာ ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၁၂၂၂ မှ တပ်ရေးဗိုလ်ကြီးတစ်ဦးထံမှ သိရသည်။

ပခုံးထမ်းလောင်ချာ (RPG 2) နှင့် ၄၀ မီလီမီတာ ဗုံးသီးပစ်လောင်ချာများဖြင့် အဓိက အသုံးပြုတိုက်ခိုက်ခဲ့ပြီး ရဲစခန်းရှိ အဆောက်အအုံနှင့် စခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကြောင်း၊ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို အတည်မပြုနိုင်ကြောင်း ၎င်းက ပြောသည်။

“သူတို့ရဲစခန်းရဲ့ ပင်မအဆောက်အအုံကို တိုက်ရိုက်ထိမှန်တယ်။ ၄၀ တွေ (၄၀ မမ ဗုံးသီးပစ်တာတွေ) လည်း ထိရောက်တယ်။ တိုက်ပွဲက မိနစ် ၂၀‌ လောက်ပဲ လုပ်နိုင်တယ်။ ရန်သူ့စစ်ကူက အချိန်မရွေးရောက်လာနိုင်တဲ့ နေရာဖြစ်တဲ့အတွက် ပစ်ခတ်တိုက်ခိုက်ပြီး ချက်ချင်းဆုတ်ခွာရပါတယ်” ဟု  ၎င်းက ပြောသည်။

ရဲစခန်းအတွင်းမှ စစ်သားနှင့် ရဲများကလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း PDF ဘက်မှ ထိခိုက်မှုမရှိဟု တပ်ရေးဗိုလ်ကြီးက ဆိုသည်။ တိုက်ခိုက်မှုကို NUG လက်အောက်ခံ တပ်ရင်း ၁၂၂၂၊ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် အမည်မဖော်လိုသည့် တပ်ဖွဲ့တစ်ခုတို့ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်၊ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ မြင့်တက်နေချိန်တွင် မန္တလေးမြို့အနီးရှိ ရွှေပြည်ရွာရဲစခန်း၌ စစ်သားများပါ တပ်စွဲထားသည်။

ဩဂုတ် ၂၈ ရက်ကပင် ရွှေပြည်ကျေးရွာရဲစခန်းမှ စစ်သားများက မန္တလေး-မိုးကုတ်ကားလမ်းကို ပိတ်ကာ ခရီးသွားမော်တော်ယာဉ်များကို စစ်ဆေးနေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ဖူးသည်။ ထိုဖြစ်စဉ်တွင် ခရီးသွားယာဉ်တစ်စီးပေါ်မှ ကလေးငယ်တစ်ဦး သေဆုံးကာ၊ အခြားကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး၊ အမျိုသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button