သတင်း

ရုရှားက မြန်မာစစ်တပ်အတွက် Su−30 တိုက်လေယာဉ်များ ပို့ဆောင်သွားမည် 

မြန်မာစစ်တပ်က ဝယ်ယူထားသည့် Su-30 တိုက်လေယာဉ်များနှင့် Yak-130 အမျိုးအစား အဆင့်မြင့်လေ့ကျင့်ရေးတိုက်လေယာဉ်များကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာနအကြီးအကဲကို ကိုးကားလျက် The Moscow Times သတင်းစာက ယမန်နေ့ (ဇူလိုင် ၂၃) တွင် ရေးသားသည်။

အဆိုပါတိုက်လေယာဉ်များပို့ဆောင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း ရုရှားစစ်ဘက်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ Dmitry Shugayev က ထုတ်ဖော်ပြောကြားခြင်းဖြစ်ပြီး မြန်မာစစ်တပ်သည် ရုရှားလုပ် Yak-130 လေ့ကျင့်ရေးတိုက်လေယာဉ်များနှင့် MiG-29 ဂျက် တိုက်လေယာဉ်များကို လက်ရှိအသုံးပြုလျက်ရှိသည်ဟု ဆိုသည်။

အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိ စတုတ္ထမျိုးဆက်တိုက်လေယာဉ်များဖြစ်သည့် Su-30 ခြောက်စီးဝယ်ယူရန် မြန်မာဘက်က သဘောတူခဲ့ကြောင်း ရုရှားစစ်တပ်တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်ဖိအားပေးနေချိန်တွင် ရုရှားနိုင်ငံက မြန်မာစစ်တပ်ကို ထောက်ခံအားပေးနေသည့်အပြင် စစ်လက်နက်ပစ္စည်းများလည်း ဆက်လက်ရောင်းချလျက်ရှိသည်။

မြန်မာနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ရုရှားနိုင်ငံပိုင် စစ်လက်နက်ပစ္စည်းရောင်းချရေးကုမ္ပဏီကြီး Rosoboronexport အကြီးအကဲ Alexander Mikheev က ဇူလိုင် ၂၁ တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ပံ့ပိုးပေးနိုင်ဖို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ အထူးသဖြင့် လေကြောင်းနဲ့ဆိုင်တာတွေပါ” ဟု မော်စကိုတွင် ကျင်းပခဲ့သည့် MAKS-2021 လေကြောင်းပြပွဲတွင် ၎င်းက ရုရှားသတင်းဌာနတစ်ခုဖြစ်သော Interfax ကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် Rosoboronexport ကုမ္ပဏီအပြင် ရုရှားနိုင်ငံပိုင် အဆင့်မြင့်နည်းပညာဆိုင်ရာ စက်မှုကော်ပိုရေးရှင်းကြီး Rostec ၏ အဓိကဖောက်သည်တစ်ဦးလည်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တစ်ပတ်ကြာခရီးစဉ်အပါအဝင် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိများ အပြန်အလှန်သွားလာခဲ့ကြသည်။ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည်များအပေါ် ရုရှားတာဝန်ရှိသူများက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ရုရှားနိုင်ငံခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်က မော်စကိုမြို့ရှိ Rosoboronexport ကုမ္ပဏီသို့ သွားရောက်ခဲ့ပြီး စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ရုရှားမသွားရောက်မီတစ်ပတ်အလိုက မြန်မာနိုင်ငံသို့ ရုရှားစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ခု လျှို့ဝှက်လာရောက်ခဲ့ရာတွင် Rosoboronexport ကုမ္ပဏီမှ တာဝန်ရှိသူ အနည်းဆုံးတစ်ဦးလိုက်ပါလာခဲ့သည်။

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် နိုင်ငံက သေကောင်ပေါင်းလဲဖြစ်နေချိန်တွင် စစ်အုပ်စုက အရပ်သားပြည်သူများကို သတ်ဖြတ်ရန် လက်နယ်အဝယ်ထွက်နေသည်ဟု မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများအကြောင်း ဖော်ထုတ်ရေးသားလျက်ရှိသည့် Justice For Myanmar အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဝေဖန်ထားသည်။ 

မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများစီးဝင်ခြင်းကို တားမြစ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းခေါင်းဆောင်က ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ကုလတွင် ထိုဆုံးဖြတ်ချက်အတွက် မဲခွဲရာ၌ တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြားနေမဲပေးခဲ့သည်။ 

မော်စကိုတွင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် တွေ့ဆုံစဉ် စစ်ဘက်ဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးခြင်းများအတွက် ရုရှားကို ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ 

“ရုရှားနိုင်ငံရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့တပ်မတော်ဟာ ဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး တပ်မတော်တစ်ခုဖြစ်လာပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ရုရှားနှင့် မြန်မာကြား ချစ်ခင်ရင်းနှီးမှုသည် ခိုင်မာသထက်ခိုင်မာလာသည်ဟု ဆိုသည်။

အရပ်သားပြည်သူ ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီကို အနောက်နိုင်ငံများက ဆက်တိုက်အရေးယူခဲ့သော်လည်း ရုရှားနိုင်ငံကမူ ထိုသို့ ဒဏ်ခတ်အရေးယူမှုများကို ဆန့်ကျင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက ပြည်တွင်းပဋိပက္ခကို ကြီးထွားစေမည်သာဖြစ်ကြောင်း ဧပြီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

အာဏာမသိမ်းမီတစ်ပတ်အလိုက နေပြည်တော်သို့ လာရောက်ခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်တွင် ရုရှား၏ နာမည်ကျော် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်များ၊ Orlan-10E စောင့်ကြည့်ရေးဒရုန်းများနှင့် ရေဒါများရောင်းချရန် သဘောတူခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၁၅ သန်း ရေဒါလက်နက်ပစ္စည်းများကို ရုရှားက တင်ပို့ခဲ့သည်။ 

Show More

Related Articles

Back to top button