သတင်း

မင်းအောင်လှိုင် ရုရှားမသွားမီ ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ခု လျှို့ဝှက်လာရောက်ခဲ့ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံမသွားရောက်မီ တစ်ပတ်အလိုတွင် ရုရှားရေတပ်ဗိုလ်ချုပ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံသို့ လျှို့ဝှက်လာရောက်ခဲ့ပြီး၊ ထိုကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်လုံးမှ တစ်စွန်းတစ်စမျှ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ဇွန် ၂၀ ရက်တွင် စတင်သွားရောက်ခဲ့ခြင်းဖြစ်ကာ ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၃ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်နှင့် နေပြည်တော်မြို့များသို့ လျှို့ဝှက်စွာ လာရောက်ခဲ့ခြင်းဖြစ်သည်ကို Myanmar Now က ရရှိထားသော စာရွက်စာတမ်းအထောက်အထားများအရ သိရသည်။

လျှို့ဝှက်လာရောက်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ရုရှားရေတပ် ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး Vladimir Luvovich Kasatonov ဦးဆောင်ခဲ့ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်မှာ ရုရှားရေတပ်မှ စစ်ဦးစီးအရာရှိချုပ် Vladimir Zemskov ဖြစ်သည်။

လျှို့ဝှက်လာရောက်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ရုရှားရေတပ်ဗိုလ်ချုပ်ကြီး Kasatonov နှင့် ရေတပ်စစ်ဦးစီးချုပ် Zemskov။ 

အဖွဲ့ဝင် ၂၀ ဦးပါ ရုရှားကိုယ်စားလှယ်အဖွဲ့ လာရောက်သည့်အကြောင်းရင်းကို အတိအကျမသိရသော်လည်း ရေတပ်ဆိုင်ရာ အထူးအရေးကြီးကိစ္စများဖြစ်နိုင်ပြီး မြန်မာရေတပ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ နေပြည်တော်သို့ နှစ်ရက်ကြာ သွားရောက်ခဲ့သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါလာသူများအကြောင်း အတိအကျမသိရသော်လည်း မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများတင်ပို့ရောင်းချသည့် ရုရှားနိုင်ငံပိုင် Rosoboronexport လက်နက်ကုမ္ပဏီမှ ပုဂ္ဂိုလ်တစ်ဦးပါဝင်သည်ကို တွေ့ရသည်။ 

နိုင်ငံပေါင်း ၁၁၆ နိုင်ငံသို့ တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများမှသည် တင့်ကားများအထိ အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချလျက်ရှိသည့် အဆိုပါ Rosoboronexport ကုမ္ပဏီသို့ ရုရှားခရီးစဉ်အတွင်း ဇွန် ၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့သည်။ 

ထိုသို့ သွားရောက်ခဲ့စဉ်အတွင်း စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ 

တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြားနေမဲပေးခဲ့ကြသည့် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများစီးဝင်ခြင်းကို တားမြစ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်က ဒုတိယအကြိမ် နိုင်ငံပြင်ပခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်ခဲ့ခြင်းဖြစ်သည်။ 

ခရီးစဉ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် တွေ့ဆုံစဉ် စစ်ဘက်ဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးခြင်းများအတွက် ရုရှားကို ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ 

အာဏာမသိမ်းရက်ပိုင်းအလိုတွင် နေပြည်တော်သို့ ရောက်လာသည့် ရုရှားကာကွယ်ရေးဝန်ကြီး Sergi Shoigu နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့စဉ်။

“ရုရှားနိုင်ငံရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့တပ်မတော်ဟာ ဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး တပ်မတော်တစ်ခုဖြစ်လာပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ရုရှားနှင့် မြန်မာကြား ချစ်ခင်ရင်းနှီးမှုသည် ခိုင်မာသထက်ခိုင်မာလာသည်ဟု ဆိုသည်။

ရုရှားရေတပ်ဗိုလ်ချုပ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လျှို့လျှို့ဝှက်ဝှက်လာရောက်ခဲ့သည့် အကြောင်းရင်းကို မသိရသော်လည်း အာဏာသိမ်းခေါင်းဆောင်၏ ရုရှားခရီးစဉ်အတွင်း စစ်ကောင်စီအဖွဲ့ဝင်နှင့် လက်ရှိစစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းတို့အပြင် ရေတပ်ကာကွယ်ရေးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်တို့ လိုက်ပါသွားခဲ့သည်ကို တွေ့ရသည်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးမိုးအောင်ဦးဆောင်သော ရေတပ်အရာရှိများက ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai Yemenov နှင့် တွေ့ဆုံပြီး ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးမိုးအောင်ဦးဆောင်သော ရေတပ်ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစ်ဘာ့ဂ်မြို့၌ ကျင်းပပြုလုပ်သည့် နိုင်ငံတကာရေကြောင်းပြပွဲကို နှစ်ရက်ဆက်တိုက် တက်ရောက်ခဲ့ကာ အဆိုပါမြို့တွင် ဆိုက်ကပ်ထားသော ရေငုပ်သင်္ဘောများ၊ ဖရီးဂိတ်စစ်ရေယာဉ်များနှင့် ပဲ့ထိန်းဒုံးပျံတင်စစ်ရေယာဉ်များကို သွားရောက်ကြည့်ရှုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း ခရီးစဉ်အတွင်း စစ်ဘက်ဆိုင်ရာအဆောက်အအုံများ၊ သင်တန်းကျောင်းများ၊ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့်ကုမ္ပဏီများကို သွားရောက်ကြည့်ရှုခဲ့ပြီး ရုရှားနိုင်ငံ Tatarstan ဒေသ Kazan မြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရေယာဉ်တည်ဆောက်ရေးကုမ္ပဏီကို သွားရောက်လေ့လာခဲ့သည်ကို တွေ့ရသည်။

မြန်မာဆိပ်ကမ်းများတွင် ရုရှားစစ်သင်္ဘောများဝင်ရောက်ရေးနှင့် ပတ်သက်၍ ရုရှားစစ်တပ်နှင့် ၂၀၁၈ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ရုရှားစစ်သင်္ဘောအချို့ မြန်မာနိုင်ငံ လာရောက်ခဲ့ဖူးသည်။

ရုရှားနိုင်ငံအနေဖြင့် ပထဝီဝင်နိုင်ငံရေးအရ အရှေ့တောင်အာရှကို အာရုံစိုက်နေလျက်ရှိပြီး မော်စကိုနှင့် နေပြည်တော်ကြား နီးနီးကပ်ကပ်ဖြစ်မှုသည် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးတွေ့မြင်လိုသော အနောက်နိုင်ငံများကို ဟန့်တားလိုသည့် ရုရှား၏ ပြယုဂ်လည်းဖြစ်သည်ဟု မြန်မာ့အရေးကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ Bertil Lintner က ဆိုသည်။ 

“တရုတ်ရဲ့မူဝါဒကျတော့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပေါ့။ မြန်မာစစ်တပ်ကို သူရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်သွယ်မှုနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ထောက်ခံပေးတာက ရေမှုတ်ပေါ့။ မီးစကတော့ ‘ဝ’ တပ်ဖွဲ့နဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင်သူပုန်တွေကို နောက်ကနေ ကြိုးကိုင်နေတာပေါ့” ဟု မကြာသေးမီက ပြုလုပ်ခဲ့သည့် Asia Times မဂ္ဂဇင်းပါ အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောကြားထားသည်။

ထို့ကြောင့် တရုတ်ကို သတိထားဆက်ဆံနေရသော မြန်မာစစ်ဗိုလ်ချုပ်များအနေဖြင့် ရုရှားကို မဟာဗျူဟာထွက်ပေါက်တစ်ခုအဖြစ် ရှုမြင်နေခြင်းဖြစ်သည်ဟုလည်း Bertil Lintner က ဆိုသည်။ 

မြန်မာနိုင်ငံသည် တောင်အာရှ၊ အာရှနှင့် ပစိဖိတ်ဒေသတွင် ရုရှားနိုင်ငံအတွက် မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မော်စကို၌ တွေ့ဆုံစဉ် ရုရှားကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

အာဏာမသိမ်းမီ တစ်ပတ်အလိုက နေပြည်တော်သို့ လာရောက်ခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ရုရှားထုတ် နာမည်ကျော် တာတိုလေကြောင်းရန် ကာကွယ်ရေးဒုံးစနစ် Pantsir-S1 ဝယ်ယူရန် သဘောတူခဲ့သည်။  

စစ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို အကြမ်းဖက်ဖြိုခွင်းနေသည့် စစ်ကောင်စီကို နိုင်ငံတကာက အပြင်းအထန်ဖိအားပေးနေချိန်တွင် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများကို ဆန့်ကျင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက ပြည်တွင်းပဋိပက္ခကို ကြီးထွားစေမည်သာဖြစ်ကြောင်း ရုရှားနိုင်ငံက ဧပြီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ရုရှားနိုင်ငံက အာဏာသိမ်း မြန်မာစစ်တပ်ကို ထိုသို့ထောက်ခံအားပေးနေသည်သာမက စစ်လက်နက်ပစ္စည်းများလည်း ဆက်လက်ရောင်းချလျက်ရှိသည်။ 

အာဏာမသိမ်းမီတစ်ပတ်အလိုက နေပြည်တော်သို့ လာရောက်ခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ရုရှား၏ နာမည်ကျော် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်များ၊ Orlan-10E စောင့်ကြည့်ရေးဒရုန်းများနှင့် ရေဒါများရောင်းချရန် သဘောတူခဲ့သည်။

အာဏာသိမ်းပြီး ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ ၁၅ သန်းတန် ရုရှားထုတ် ရေဒါပစ္စည်းများဝယ်ယူတင်သွင်းခဲ့သည်ဟု The Moscow Times သတင်းစာက ဧပြီလတွင် ရေးသားခဲ့သည်။ 

ထို့ပြင် မြန်မာစစ်တပ်က ဝယ်ယူထားသည့် အဆင့်မြင့် Su-30 ဘက်စုံသုံးတိုက်လေယာဉ် ခြောက်စီးကို ယခုနှစ်အတွင်း လွှဲပြောင်းပေးမည်ဟု ယူဆရသည်ဟု သိရသည်။ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်တန်ဖိုးရှိ အဆိုပါ စတုတ္ထမျိုးဆက်တိုက်လေယာဉ်များ ဝယ်ယူရန် မြန်မာဘက်က သဘောတူခဲ့ကြောင်း ရုရှားစစ်တပ်တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။

စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ အချက်အလက်များအရ မြန်မာစစ်တပ်သည် ၁၉၉၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ဝယ်ယူခဲ့ပြီး အဆိုပါကာလအတွင်း စုစုပေါင်းလက်နက်တင်သွင်းမှု၏ ၃၉ ရာခိုင်နှုန်းရှိသည်။ 

Show More

Related Articles

Back to top button