အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NUG ၏ ကောလင်းမြို့အနီး စစ်တပ်က အင်အားစုနေ၊ စစ်သားတချို့ ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် ကောလင်းကို ထိုးစစ်ဆင်ဖွယ်ရှိသည့် စစ်သားများ ရာနှင့်ချီ ရောက်နေသည်၊ ထိုအထဲမှ ထွက်ပြေးလာသည့် စစ်သားတချို့ NUG ထံ ရောက်သွားသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် ရာနှင့်ချီသော စစ်သားနှင့် ပြည်သူ့စစ်များ ရောက်ရှိနေပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG နှင့် မဟာမိတ်တပ်များ ၂ လကြာ သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို ထိုးစစ်ဆင်ရန်အတွက် အင်အားစုစည်းနေကြခြင်း ဖြစ်သည်ဟု သိရသည်။

ကောလင်းမှ မိုင် ၅၀ ခန့် ကွာဝေးပြီး ကားလမ်းခရီးဖြင့် ၁ နာရီခွဲခန့်ကြာ သွားရသည့် ကန့်ဘလူမြို့တွင် စစ်ကောင်စီက စစ်သင်တန်းနှင့် လက်နက်များ ထောက်ပံ့ထားသည့် ပျူစောထီးပြည်သူ့စစ် အများအပြားရှိသည်။

ပျူစောထီးနှင့် စစ်တပ် ပေါင်းပါက လက်နက်ကိုင်အင်အား ၁၀၀၀ ခန့်ရှိနိုင်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။

စစ်သားများသည် နိုင်ငံအလယ်ပိုင်း ရွှေဘိုမြို့ရှိ စစ်စခန်းများမှ ချီတက်လာခြင်းဖြစ်ပြီး ကန့်ဘလူမြို့ရှိ အမှတ် (၆၀၀၆ ) တင့်ကားတပ်ရင်းတွင် တပ်စွဲထားကြောင်း၊ ၎င်းတို့အတွက် လက်နက်နှင့် ရိက္ခာများကို ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ဖြည့်တင်းနေကြောင်းလည်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြင်းထန်သည့်စစ်ပွဲဖြစ်မည့် အရိပ်အယောင်များကြောင့် သောင်းနှင့်ချီသော ဒေသခံများလည်း ဘေးလွတ်မည်ဟု ယူဆသည့်နေရာများသို့ ထွက်ပြေးနေကြသည်။

ကန့်ဘလူမြို့တွင်းရောက် စစ်ကောင်စီတပ်များကို ဇန်နဝါရီ တတိယသီတင်းပတ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – စစ်ကောင်စီ)

ယမန်နေ့ (ဇန်နဝါရီ ၂၉) ညပိုင်းတွင် ကန့်ဘလူမြောက်ဘက် ၈ မိုင်အကွာ ကျွန်းလှမြို့သို့ စစ်သား ၂၅၀ ခန့် ရောက်လာသဖြင့် အနီးအနားရှိ ကျေးရွာများမှ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြောင်း ဒေသတွင်း ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“အင်အားကြီးက တစ်ခါမှ ဒီလောက်များနေတာမရှိတော့ ကျွန်တော်တို့ဘက်ကလည်း (ခုခံဖို့) ပြင်ဆင်ထားရတယ်၊ ပြည်သူတွေလည်း လွတ်ရာပို့ထားတယ်” ဟု ၎င်းက ဆိုသည်။

ကန့်ဘလူမြို့နှင့် ကောလင်းမြို့ကြားရှိ ပျူစောထီးတပ်စွဲထားသည့် ချပ်သင်းနှင့် ချပ်ကြီး ရွာတို့မှတစ်ဆင့် ကောလင်းမြို့ကို စစ်ကောင်စီ ထိုးစစ်ဆင်နိုင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခန့်မှန်းထားသည်။

အခြားတစ်ဖက်တွင်လည်း တိုက်ပွဲမစခင် ထွက်ပြေးကြသည့် စစ်ကောင်စီတပ်သားများလည်း ရှိနေပြီး ထွက်ပြေးသူများထဲမှ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ သတင်းပြန်ကြားတာဝန်ခံက ပြောသည်။

ထို ၂ ဦးသည် မကြာသေးမီကမှ စစ်ကောင်စီက ထောင်ထဲမှ ထုတ်ကာ စစ်တပ်ထဲ အရေးပေါ် ပြန်ခန့်ထားကြသူများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထွက်ပြေးလာသူထဲမှ ၁ ဦးက ၎င်းနှင့်အတူ မကြာသေးမီက အတူထွက်ပြေးသည့် စစ်သား ၆ ဦး ရှိသည်ဟု ထွက်ချက်ပေးခဲ့ကြောင်း ခင်ဦးပကဖ သတင်းပြန်ကြားတာဝန်ခံက ပြောသည်။

ကန့်ဘလူမြို့နယ်အတွင်းမှ ပျူစောထီးများ အထိနာခဲ့သည့် ကျေးရွာများနှင့် စစ်ကောင်စီ လက်လွှတ်လိုက်ရသည့် နယ်မြေများတွင် တိုက်ပွဲဝင်ရမည့်သူများ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“သူပြောတဲ့အချက်က သူတို့ကို သင်တန်းပေးမယ်။ ပြီးရင် တိုက်ခံထားရတဲ့ ပျူရွာတွေ၊ သိမ်းခံထားရတဲ့နေရာတွေကို ပြန်တိုက်ပေးရမယ် ပြောတာ။ တိုက်ခံထားရတာ ကန့်ဘလူထဲက ပျူရွာတွေနဲ့ ကောလင်းရှိတယ်လေ၊ အဲဒါပဲ ယူဆရတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာချိန်တွင် ပျူစောထီး အမည်ရှိ အဖွဲ့က ဒေသတချို့တွင် အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို လိုက်လံ သတ်ဖြတ်ခဲ့သည်။

တစ်ချိန်တည်းတွင် စစ်တပ်က ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းလာရာ ပြည်သူ့စစ်များကို ပျူစောထီးဟု အများက ခေါ်ဆိုလာကြသည်။

NLD ပါတီဝင်များ၏ ဓာတ်ပုံ၊ နေရပ်လိပ်စာနှင့် သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ပြီး သတင်းပေးပို့ရန် ပျူစောထီးအဖွဲ့ (ဗဟို) က ညွှန်ကြားသည်ဟူသော စာတစ်စောင်လည်း ၂၀၂၁ ခုနှစ် မေလအတွင်းက ထွက်ပေါ်ခဲ့သည်။

ပျူစောထီးအဖွဲ့များကို စစ်မှုထမ်းဟောင်းများ၊ အမျိုးသားရေးအစွန်းရောက်ဆိုသူများ၊ စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ဦးဆောင်ဖွဲ့စည်းလေ့ရှိသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ဦးဝါသဝ ဆိုသူက ဒေသတွင်း ပျူစောထီးအဖွဲ့များ ပေါ်ပေါက်လာစေရန် နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားလျက်ရှိသည်၊ PDF ထောက်ခံသည့် ရွာများကို မြန်မာ့မြေပုံမှ ဖယ်ရှားပစ်မည်ဟုလည်း သူက ကြုံးဝါးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button