သတင်း

ကန့်ဘလူတွင် လုယက်နေသူများ ၂ ရက်အတွင်း ၆ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်ရုံအနီးရှိ ကျေးရွာများကို စစ်တပ်နှင့် ပျူစောထီးတို့ ဝင်ရောက်စီးနင်းကာ နှစ်ရက်အတွင်း အရပ်သား ၅ ဦး၊ တော်လှန်ရေးသမား ၁ ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အမှတ် (၃၆၁) ခြေမြန်တပ်ရင်း ဦးဆောင်သည့် လက်နက်ကိုင်အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကြောင်း ခင်ဦးမြို့နယ်မှတစ်ဆင့် ကန့်ဘလူမြို့နယ်အတွင်းသို့ ဩဂုတ် ၂၅ ရက်နေ့တွင် စတင်ဝင်ရောက်လာကာ စစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) သကြားစက်ရုံအနီးရှိ ရွာသစ်၊ ဖလံချိုင်၊ ဆီဆုံကြီးနှင့် သရက်ခေါင်း စသည့် ကျေးရွာများတွင် လုယက်သတ်ဖြတ်နေကြခြင်းဖြစ်သည်။

သြဂုတ် ၂၉ တွင် ဆီဆုံကြီးရွာမှ ၃၇ နှစ်အရွယ် ဦးနိုင်ဝင်းအောင်၊ ရွာသစ်ရွာမှ ၄၉ နှစ်အရွယ် ဦးမောင်လွင်နှင့် ၅၄ နှစ်အရွယ် ဦးထွန်းအောင်တို့ အသတ်ခံခဲ့ရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

နောက်တစ်နေ့တွင် သရက်ခေါင်းရွာမှ အသက် ၄၀ ခန့်အရွယ် ဦးကံထွန်း၊ ဖလံချိုင်ရွာမှ အသက် ၄၀ ခန့်အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ကို ဆက်လက် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ရုပ်အလောင်းများကို ဒေသခံတို့က ကောက်ယူ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

သတ်ဖြတ်သူများသည် ထိုနယ်မြေအတွင်း ရောက်လာသည်မှာ မကြာသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သတ်ခံရသူတွေက အရင်အဖမ်းခံရပြီးမှ သတ်ခံကြရတာ၊ အလောင်းတွေကိုလည်း သတ်တဲ့နေရာမှာပဲ ထားခဲ့တယ်။ အခု ဝင်လာတာက ဒီနယ်မှာ ရှိပြီးသား အထိုင်တွေက ကောင်တွေမဟုတ်ဘူး။ ထပ်ထိုးလာတဲ့ စစ်ကြောင်း” ဟု အဆိုပါ ကန့်ဘလူဒေသခံက ဆိုသည်။

ရွာစဉ်လှည့်နေသည့် စစ်ကောင်စီတပ်က လူနေအိမ်များထဲ ဝင်ရောက်ကာ အဖိုးတန်ပစ္စည်းများ ယူဆောင်ပြီး MEC သကြားစက်ထဲသို့ သယ်ဆောင်သွားကြောင်းလည်း ဒေသခံများက ပြောသည်။

“အရင်နေ့တွေက ရွာသစ်က ပစ္စည်းတွေကို သကြားစက်အထိုင်တပ်ထဲကို သယ်ကြတယ်၊ ပစ္စည်းအစုံပဲ၊ ရေခဲသေတ္တာကအစပါတယ်။ နောက်တစ်နေ့ကျတော့ သကြားစက်ကနေ သရက်ခေါင်းကို ပြန်ဝင်ပြီး အခုထိ (သြဂုတ် ၃၀ အထိ) လည်း ရှိတုန်းပဲ” ဟု ကန့်ဘလူအနောက်ခြမ်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းသကြားစက်အတွက် ၁၉၉၉ တွင် စစ်တပ်က တောင်သူများပိုင်ဆိုင်သည့် လယ်မြေဧက ၈၈၀ ကျော်ကို တစ်ဧက ကျပ်နှစ်ထောင်နှုန်း လျော်ကြေးပေး သိမ်းယူခဲ့ခြင်းဖြစ်သည်။

ကန့်ဘလူမြို့နယ် အနောက်ခြမ်းသည် စစ်တပ်လက်ကိုင်တုတ် ဘုန်းကြီးဦးဝါသဝနှင့် သူ၏တပ်ဖြစ်သည့် ပျူစောထီး ပြည်သူ့စစ်တပ်ဖွဲ့များ ကြီးစိုးရာ ဒေသဖြစ်ပြီး ယင်းဒေသရှိ ကျေးရွာအများစုတွင်လည်း ပျူစောထီးတပ်များ ဖွဲ့စည်းထားသည်။

ရွှေဘို-ခင်ဦး-ကန့်ဘလူနယ်အနောက်ခြမ်းတို့ကို ကူးလူးသွားလာနေသည့် အမှတ် (၃၆၁) တပ်ရင်း၏ စစ်ကြောင်းတွင်လည်း ပျူစောထီးအင်အား ထက်ဝက်ခန့် ပါဝင်သည်ဟု ဒေသခံတို့နှင့် ဒေသကာကွယ်ရေးအဖွဲ့များအဆိုအရ သိရသည်။

လုယက်သတ်ဖြတ်မှုများတွင် ပျူစောထီးများက စစ်သားများထက် ပိုမိုအတင့်ရဲကြောင်းလည်း ကန့်ဘလူအနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးက ဆိုသည်။

ကန့်ဘလူမြို့ စစ်ကြောင်းထိုးသည့် သတင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။ စစ်ဗိုလ်ချုပ်များကမူ ၎င်းတို့က ပြည်သူလူထုကို အကာအကွယ်ပေးနေကြောင်း၊ အကြမ်းဖက်သမားကိုသာ ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း မကြာခဏ ပြောဆိုလေ့ရှိသည်။

မြို့နယ်အနောက်ခြမ်းမှ စစ်ကြောင်းဝင်ခံရသည့် ရွာသစ်၊ သရက်ချောင်းတို့အပြင် ဖလံချိုင်၊ တောင့်တည်းကငန်း၊ ညောင်ဇင်ကြီး၊ ကိုးမြို့၊ ဘိုတဲ့ကုန်း၊ မကုန်း၊ ပေလည်၊ သိုးဘိုး၊ ငါးရာနဲ၊ မင်းဘာ၊ လက်ထုပ်ကုန်း၊ ရေငတ်ကုန်း၊ သရက်ကန်ကြီး စသည့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံတို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button