ရွေးကောက်ပွဲ

ရန်ပုံငွေကြွေးကျန်ကြောင့် ဝေဖန်ခံခဲ့ရသူ ပြည်ခိုင်ဖြိုးဝန်ကြီးချုပ်ဟောင်း ရွေးကောက်ပွဲဝင်

ယခင်အစိုးရလက်ထက်က ရန်ပုံငွေကြွေးကျန်ကိစ္စကြောင့် ဝေဖန်ခံခဲ့ရသည့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ၎င်း၏ဇာတိ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

အသက် ၇၂ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်သည် အင်္ဂပူမြို့နယ် ထူးကြီးဇာတိဖြစ်ပြီး တပ်မတော်တွင် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်သည်။ တပ်မတော်အစိုးရလက်ထက်တွင် စွမ်းအင်ဒုဝန်ကြီးနှင့် သစ်တောဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ပြီး ဧရာဝတီတိုင်းပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။

ဦးသိန်းအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် အင်္ဂပူမဲဆန္ဒနယ် အမှတ် (၁) တွင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းမရှိဘဲ တစ်ဦးတည်း ရွေးကောက်ခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် ထိုရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော်လည်း  ၂၀၁၅ ရွေးကောက်ပွဲတွင် ထိုမဲဆန္ဒနယ်၌ပင် NLD ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။ 

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ပြီးနောက် NLD အစိုးရတက်လာပြီး မကြာမီတွင် ဦးသိန်းအောင်အပါအဝင် ပြည်ခိုင်ဖြိုးဝန်ကြီးချုပ်ဟောင်းလေးဦးသည် ငွေကျပ် သန်းထောင်ချီသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို လွှဲပြောင်းခြင်းမရှိသည့်အတွက် စုံစမ်းစစ်ဆေးခံခဲ့ရသည်။ 

ဦးသိန်းအောင်သည် ဧရာဝတီတိုင်းအစိုးရ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြစ်သည့် ငွေကျပ် ၅ ဒသမ ၂ ဘီလျံကျော်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိကြောင်း ပေါ်ပေါက်ခဲ့သည်။ ၎င်းကမူ ထိုငွေများသည် အစိုးရဘတ်ဂျက်ငွေများမဟုတ်ဘဲ သူဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို ဖွဲ့စည်းခဲ့ကာ လုပ်ငန်းရှင်များကို ရန်ပုံငွေထည့်ဝင်စေခြင်း၊ ဖျော်ဖြေပွဲများကျင်းပ၍ ရန်ပုံငွေရှာဖွေခြင်းများ ပြုလုပ်ခဲ့ခြင်းမှ ရရှိခဲ့ခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဦးသိန်းအောင်သည် ဝန်ကြီးချုပ်ရာထူးမှ ဆင်းခါနီးအချိန်တွင် ယင်းဖောင်ဒေးရှင်းကို ဖျက်သိမ်း၍ ဧရာဝတီတိုင်း ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းဟု အမည်ပြောင်းဖွဲ့စည်းပြီး ယခင်ဖောင်ဒေးရှင်းအဟောင်းမှ ရန်ပုံငွေများကို ဖောင်ဒေးရှင်းအသစ်သို့ လှူဒါန်းခဲ့သည်။

အဆိုပါ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသည် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် နာယကအဖြစ် ပါဝင်ကာ အစိုးရဟောင်းမှ ထိပ်ပိုင်းခေါင်းဆောင်များလည်း ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

NLD အစိုးရလက်ထက် ၂၀၁၆ ဇူလိုင်တွင် ဧရာဝတီတိုင်းလွှတ်တော်အစည်းအဝေးတစ်ခု၌ ဖျာပုံလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက အဆိုပါ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလျံကျော်နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ပြီးနောက် တိုင်းအစိုးရက ဧရာဝတီတိုင်း ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ခဲ့သည်။

ထိုမှတစ်ဆင့် ယင်းရန်ပုံငွေကိစ္စကို သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ရန်ပုံငွေများ ပြန်လည်တောင်းခံသင့်ကြောင်း အစီရင်ခံစာတင်ပြခဲ့သည်။ စာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက်အတိုင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ပြန်လည်တောင်းခံရန် သမ္မတရုံးက ၂၀၁၈ ဇူလိုင်တွင် ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံ ညွှန်ကြားခဲ့သည်။

စိစစ်တွေ့ရှိသည့် ရန်ပုံငွေမှာ ကျပ် ၅ ဒသမ ၂ ဘီလျံကျော် ဖြစ်သော်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတချို့တွင် ပါဝင်ခဲ့သည့်ငွေ ကျပ်သိန်း ၈,၀၀၀ ကျော် ကင်းလွတ်ခွင့် ပြုခဲ့သည့်အတွက် ကျပ်သန်း ၄ ဒသမ ၄ ဘီလျံကျော် ပြန်လည်ပေးအပ်စေရန် သဘောတူဆုံးဖြတ်ခဲ့သည်။ ဖောင်ဒေးရှင်းက ရန်ပုံငွေများကို အရစ်ကျပေးသွင်းခဲ့ပြီး ၂၀၁၉ မေလ ၃၁ တွင် အကျေပေးသွင်းခဲ့သည်။

ဖောင်ဒေးရှင်းထံမှ ပြန်လည်ရရှိခဲ့သည့် ရန်ပုံငွေများကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အလိုက်ခွဲဝေကာ တိုင်းအစိုးရကွပ်ကဲမှုအောက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က Myanmar Now ကို ပြောသည်။

“မြို့နယ်အလိုက် တစ်မြို့နယ်နဲ့ တစ်မြို့နယ်တော့ မတူ။ လမ်းတွေလုပ်တာ၊ တံတားလုပ်တာ၊ ဘက်ဟိုး (Backhoe) လို စက်ပစ္စည်းတွေ ဝယ်တာတွေရှိတယ်။ ၂၆ မြို့နယ်လုံး ခွဲဝေအသုံးပြုတာပါ” ဟု ဦးအောင်ကျော်ခိုင်က ပြောသည်။

တိုင်းအစိုးရ ရန်ပုံငွေကြွေးကျန်ကိစ္စအပြင် ဦးသိန်းအောင်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် လွှတ်တော်၌ စွပ်စွဲပြစ်တင်ခြင်းအဆို တင်သွင်းခံခဲ့ရသည့် တစ်ဦးတည်းသော ဝန်ကြီးချုပ်လည်း ဖြစ်သည်။

လွှတ်တော်အတွေ့အကြုံနှင့် ဥပဒေရေးရာကိစ္စများ ရှင်းလင်းခြင်းမှလွဲ၍ အစိုးရဌာနဆိုင်ရာဝန်ထမ်းများသည် လွှတ်တော်ကိုယ်စားလှယ်များ ဆင့်ခေါ်ပါက သွားရန်မလိုအပ်ဟု စာထုတ်ပြန်ခဲ့သဖြင့် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ ထိုစဉ်က တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ဘီလျံချီ ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပွားခဲ့သော်လည်း ဦးသိန်းအောင်သည် ယခုရွေးကောက်ပွဲတွင် သူ၏မူလအင်္ဂပူမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင်ရောက်ယှ​ဉ်ပြိုင်ဦးမည်ဖြစ်သည်။

ဦးသိန်းအောင်၏ ပြိုင်ဘက်မှာ လက်ရှိတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးသိန်းအောင်ကို မဲ ၃,၀၀၀ ကျော်အကွာဖြင့် အနိုင်ရခဲ့သူလည်းဖြစ်သည်။ 

အင်္ဂပူမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးတစ်ခု၌ တွေ့ရသည့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် (ဓာတ်ပုံ- We Love U Thein Aung Facebook)

လတ်တလောတွင် ဦးသိန်းအောင်သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ၎င်းတာဝန်ယူခဲ့စဉ်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မဲဆွယ်စည်းရုံးလျက်ရှိသည်။ 

“သားသမီးတွေကလည်း ကျွန်တော် ဆောက်ပေးထားတဲ့ ကျောင်းမှာနေတယ်။ ဆေးရုံတက်တော့လည်း ကျွန်တော် ဆောက်ပေးတဲ့ (ဆေးရုံ) မှာ တက်တယ်။ လမ်းလျှောက်တော့လည်း ကျွန်တော်ခင်းပေးခဲ့တဲ့ လမ်းမပေါ်မှာ လျှောက်ခဲ့တယ်။ လျှပ်စစ်မီးကျတော့လည်း ကျွန်တော် လုပ်ပေးခဲ့တဲ့ မီးအောက်မှာ ထိန်ထိန်လင်းနေကြတယ်။ ဘာဖြစ်လို့ ကျွန်တော့်ကိုကျတော့ မဲမပေးချင်ကြဘဲ သူများကို မဲပေးချင်ကြသလဲ” ဟု ဦးသိန်းအောင်က မဲဆန္ဒရှင်များကို  မေးခွန်းထုတ်လျက်ရှိသည်။

မဲဆွယ်စည်းရုံးရေးအတွက် အင်္ဂပူမြို့နှင့် ကပ်လျက် ကံဦးကျေးရွာအုပ်စုတွင် အောက်တိုဘာ ၂၂ က ဒေသခံများနှင့် တွေ့ဆုံခဲ့စဉ် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ထိုသို့ ပြောဆိုထားသည့် ရုပ်သံဖိုင်ကို Myanmar Now က ရရှိထားသည်။ 

သုံးကြိမ်မြောက် ရွေးကောက်ပွဲဝင်ပြိုင်ရခြင်းမှာ ဒေသဖွံ့ဖြိုးရေးများ ဆက်လက်လုပ်ချင်သေးသည့်အတွက် ဖြစ်ကြောင်း ကံဦးကျေးရွာအုပ်စု မဲဆွယ်ပွဲတွင် ဦးသိန်းအောင်က ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ အစိုးရကာလနဲ့ အခုအစိုးရကာလ၊ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ သမ္မတကြီးဦးဝင်းမြင့်လက်ထက် နှိုင်းယှဉ်ကြည့်တဲ့အခါမှာ တစ်တိုင်းပြည်လုံးလည်း အများကြီးအားနည်းတယ်။ တိုင်းဒေသကြီးလည်း အားနည်းတယ်။ မြို့နယ်တွေလည်း အားနည်းတာ တွေ့တယ်” ဟု ဦးသိန်းအောင်က ဆိုသည်။ 

“အဲဒီတော့ ကျွန်တော်လက်ခံရရင် ငါးနှစ်တာကာလ လဲသင့်တယ်လို့ ခံစားမိတယ်။ ကျန်းမာရေးကောင်းတဲ့အထိ ဒေသခံတွေအကျိုး လုပ်ပေးမယ်ဆိုပြီး အဲလိုလေး ခံစားပြီးတော့ ကျွန်တော် ရွေးကောက်ပွဲဝင်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ဦးသိန်းအောင်နှင့် ယှဉ်ပြိုင်ရမည့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကမူ NLD အစိုးရလက်ထက်တွင် တိုးတက်မှု ပိုပြီးမြန်ဆန်လာသည်ဟု ဆိုသည်။

“သူတို့ လုပ်ခဲ့တဲ့ ဖွံ့ဖြိုးရေးလုပ်ခဲ့တဲ့ အကြောင်းတွေနဲ့ မဲဆွယ်တာပေါ့။ သူတို့ လုပ်တော့လုပ်ခဲ့ပါတယ်။ သူတို့လက်ထက်တုန်းက အထိုင်အထ နှေးနေတာပေါ့။ အဲဒါတွေက ကျွန်တော်တို့ NLD လက်ထက်ကျတော့ အကုန်သွက်သွက်လက်လက် လုပ်နိုင်ခဲ့တာပါ။ အားလုံးက သိနေကြတာပဲ၊ ညာလို့မှမရတာ ဒီခေတ်က” ဟု ဦးအောင်ကျော်ခိုင်က Myanmar Now ကို ပြောသည်။

ဦးသိန်းအောင်သည် ၎င်း၏လက်ထက်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စအများအပြား အကောင်အထည်ဖော်နိုင်ခဲ့မှုကြောင့် ၎င်း၏ဇာတိ အင်္ဂပူမြို့နယ်တွင် ထောက်ခံမှု အခိုင်အမာရှိသူ ဖြစ်သည်။​ သို့သော် ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်ကို စင်ကာပူကဲ့သို့ ဖြစ်အောင်လုပ်ပေးမည်၊ ဆိုက်ကားနင်းသူများကို ချမ်းသာအောင်လုပ်ပေးနိုင်သည်ဟူသော ပြောစကားများကြောင့်လည်း ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။

“ကျွန်တော်တို့ စစ်တမ်းတွေ ကောက်ကြည့်တာတော့ ထောက်ခံမှုက သူမသာကိုယ်မသာပေါ့။ အများကြီးကွာခြားမှုရှိတာ မတွေ့ရဘူး” ဟု အင်္ဂပူမြို့နယ်တွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည်မှုများ ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များ (Election Education and Observation Partners – EEOP) အဖွဲ့မှ ကိုမောင်နိုင်က Myanmar Now ကို ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အင်္ဂပူမဲဆန္ဒနယ် (၁) ၌ မဲပေးသူဦးရေ ၅၆,၀၀၀ ကျော်ရှိခဲ့ရာ ဦးသိန်းအောင်က ၄၆ % ရခဲ့ပြီး ဦးအောင်ကျော်ခိုင်က ၅၁ % ရခဲ့သည်။ ထိုမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြားနိုင်ငံရေးပါတီ နှစ်ခုဖြစ်သော မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ခေတ်သစ်ပြည်သူ့ပါတီတို့မှာ ၁% ခန့်စီသာ ရရှိခဲ့သည်။ 

လာမည့်ရွေးကောက်ပွဲတွင် မဲပဲပေးခွင့်ရှိသူ ၈၀,၀၀၀ ကျော်ရှိသည့် အင်္ဂပူမဲဆန္ဒနယ် (၁) ၌ ပြည်ခိုင်ဖြိုးနှင့် အာဏာရ NLD တို့အပြင် ပါတီသစ်များဖြစ်သည့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ၊ သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့သည်လည်း ဝင်ပြိုင်ကြမည်ဖြစ်သော်လည်း ဦးသိန်းအောင်နှင့် ဦးအောင်ကျော်ခိုင်တို့နှစ်ဦးသာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။​

အင်္ဂပူမြို့နယ် ချောင်းဂွအုပ်စုတွင် နေထိုင်သည့် ကိုဇော်ဝင်းဌေးကလည်း ၎င်းတို့ရွာသို့ NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့သာ အဓိက လာရောက်မဲဆွယ်ကြပြီး ထောက်ခံမှုမကွာခြားဟု ဆိုသည်။ ​

“ဦးသိန်းအောင်တို့လည်း နှစ်ခေါက်လာတယ်။ ဦးအောင်ကျော်ခိုင်တို့လည်း နှစ်ခေါက်လာ မဲဆွယ်တယ်။ အားသာတာကတော့ သိပ်မတွေ့ရဘူး။ သိပ်မကွာလှဘူး။ တစ်ဦးနဲ့တစ်ဦးက (အတူတူ) အနေအထားလောက်ပဲ ရှိပါတယ်” ဟု ကိုဇော်ဝင်းဌေးက ပြောသည်။

Show More

Related Articles

Back to top button